အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။

တန်ရာတန်ရာဆက်ဆံလိုက်တဲ့အခါ လူဆိုးဖြစ်သွားတတ်ပါတယ်။

လောကမှာ ဘယ်တော့မှ အကောင်းနဲ့မတန်တဲ့လူမျိုးတစ်စုသီးသန့်ကိုရှိပါတယ်။ စေတနာနဲ့ဘယ်လောက်ဆက်ဆံပါစေ၊ စေတနာကို ဝေဒနာထင်တဲ့လူမျိုးတွေ၊ အကောင်းဘက်က ဘယ်လောက်ဖြည့်တွေးပေးပါစေ၊ ကိုယ့်အတွက်ကျမှ အဆိုးချည်းမြင်ပြီး အပြစ်ပြောတတ်သူတွေ၊ ဘယ်လောက်အနစ်နာခံပါစေ၊ အသိအမှတ်မပြုဘဲ အနစ်နာမခံနိုင်တော့တဲ့အခါကျမှ တာဝန်မကျေသလို အသံကောင်းဟစ်တတ်သူတွေ၊ အများကြီးကြုံရမှာပါ။


ကိုယ်တိုင် ဘဝမှာရှင်သန်ရတဲ့အခါ အခါခါ အနင်းခံဖူးတာကြောင့် တဖက်သားကို ချနင်းဖို့ရာ အင်မတန် မဝင့်ရဲတဲ့လူတွေလည်း ရှိမှာပါ။
“ကိုယ်အနင်းခံခဲ့ရတုန်းက နာကျင်ခဲ့သလို ကိုယ်က သူတပါးကိုပြန်ပြီးချနင်းလိုက်ရင်လည်း သူ့ခမြာနာကျင်နေရှာမှာဆိုတဲ့စိတ်ကြောင့် အခြားသူကို နင်းပြီးမှရမယ့်အခွင့်အရေးတွေကို
လက်လွှတ်မိတာ အခါခါပါပဲ။ ဒါပေမယ့် လူတိုင်းဟာ ကိုယ့်လိုမဟုတ်တာကြောင့် ကိုယ်မနင်းဘဲလွှတ်ခဲ့တဲ့အခေါက်တိုင်းမှာ လူမသိခဲ့ပေမယ့် ကိုယ်အနင်းခံရပါများလာလို့ မခံနိုင်ဘဲ
တုံ့ပြန်လိုက်မိတဲ့အခါမှာတော့ ကိုယ်က တကယ့်လူဆိုးစစ်စစ်ကြီးဖြစ်သွားပါတော့တယ်။ “ကဏန်းညှပ်တာလူမသိဘူး၊ မိအေးအော်တာပဲလူသိတယ်” ဆိုတဲ့အခြေအနေမျိုးကို လူတိုင်းနီးပါး
ကြုံဖူးကြမယ်ထင်ပါတယ်နော်။

ကိုယ်အခါခါသည်းခံလိုက်တုန်းကတော့ ဘယ်သူမှမသိလိုက်ပါဘူး။ ကိုယ်က သည်းမခံနိုင်လို့ ပေါက်ကွဲတဲ့အခါကျမှ ကိုယ်က လူဆိုးမကြီးပြန်ဖြစ်သွားရတာမျိုးတွေပေါ့။ အဲဒီလို ကြုံလာတဲ့အခါတိုင်းမှာ ကြားဖူးနေကြစကားလုံးက “ သည်းခံလိုက်ပါ၊ လျစ်လျူရှုလိုက်၊ မသိဟန်ဆောင်နေလိုက်” အဲဒီလို အခါခါ ဖယ်ကျဥ်ထားလျက် အခါခါခံလာရတဲ့အခါမှာတော့ သာမန်ပုထုဇဥ်လူသားမို့ ဘယ်သူကမှ ခန္ဓီပါရမီနဲ့ပြည့်စုံအောင် နေနိုင်မှာမဟုတ်ပါဘူး။ ပုံပြင်လေးတစ်ပုဒ်ဖတ်ဖူးပါတယ်။ “ မြွေဟောက်ကြီးတစ်ကောင်က ခွေပြီး ငြိမ်ငြိမ်လေးနေနေတာကို ကလေးတစ်သိုက်က ခဲတွေနဲ့ ဝိုင်းပေါက်ကြတာပေါ့။ မြွေဟောက်ကြီးဟာ ကလေးတွေကို ဘာမှပြန်မလုပ်ချင်တဲ့အခါ သူ့ကို ကြီးကြီးမားမားမထိခိုက်တဲ့အခါ ဘာမှပြန်မလုပ်ဘဲ အသေကောင်လို ငြိမ်နေပြီးတော့ဘဲ နေလိုက်ပါတယ်။ အဲဒီ့အခါ ကလေးတွေက “ဒီမြွေဟာ အလကားမြွေပဲ၊ ဒီလောက်နာကျင်အောင်လုပ်နေတာတောင်မှ ဘာမှ ပြန်မလုပ်ဘူးဆိုတော့ အသုံးမကျတာပဲ၊ ဘယ်လောက်လုပ်လုပ် ငါတို့ကို သူဘာမှပြန်လုပ်မှာမဟုတ်ဘူး” ဆိုပြီး ခဲတွေနဲ့ ၂ဆပိုပြီး နာကျင်အောင် အရှိန်ပြင်းပြင်းနဲ့ ပေါက်ကြပါလေရောတဲ့။ နောက်ဆုံး မြွေဟောက်ကြီးကတွေးလိုက်ပါတယ်။ “ ဒီတိုင်းဆက်နေရင်တော့ သူတို့ကိုဘာမှပြန်မလုပ်တဲ့ မြွေဆိုပြီး ထုရိုက်လွန်းလို့ ငါသာအသက်ထွက်သွားလိမ့်မယ်၊ သူတို့က ပြန်လှည့်သွားမှာမဟုတ်ဘူး၊ တခုခုတော့ ပြန်လုပ်မှဖြစ်မယ်” ဆိုပြီး တွေးကာ ချက်ချင်း နှာမှုတ်ကာ ပါးပျဥ်းထောင်ပြလိုက်တော့မှ” ဟာ....ဒီမြွေက ပြန်ကိုက်တတ်တယ်ဟ” ဆိုပြီး ခဲနဲ့ပစ်နေတဲ့ကလေးတွေဟာ ကြောက်လန့်တကြားနဲ့ မြွေဟောက်ကြီးအနားကနေ ရှဲသွားကုန်တော့သတဲ့။

ဒီပုံပြင်ထဲကလိုပါပဲ။ တခါတလေ ဘဝမှာ အဲဒီလို ငြိမ်ခံနေမှန်းသိလို့ အနိုင်ကျင့်တတ်တဲ့လူမျိုးနဲ့တွေ့တဲ့အခါ ကိုယ့်ဘက်က တရားလက်လွန်မဟုတ်ဘဲ အစွယ်ရှိတယ်ဆိုတာတော့ ထုတ်ပြတတ်ဖို့လည်းလိုပါတယ်။
ကိုယ့်ရဲ့အနစ်နာခံမှု၊ သည်းခံမှု၊ ကူညီမှုကို သိတတ်ပြီး ပြန်လည်အားနာတတ်သူ၊ ပြန်လည်စာနာတတ်သူ၊ အသတိအမှတ်ပြုတတ်တဲ့လူတန်းစားမျိုးလည်းရှိပေမယ့် ကိုယ်တွေဟာ ပုထုဇဥ်လူသားဖြစ်တဲ့အတွက်ကြောင့် စာအုပ်ကြီးထဲကလို “ဘာပြောပြော ပြန်မပြောနဲ့ သည်းခံလိုက်”ဆိုတဲ့စကားမျိုးကို အသေဆုပ်ကိုင်ပြီး နေလို့မရတဲ့လူတန်းစားက သက်သက်ကို ရှိပါတယ်။ အဲဒီလိုလူတန်းစားအတွက် ပုံပြင်ထဲကလို နှာမှုတ်ပြီး ပါးပျဥ်းထောင်ပြဖို့တော့လိုပါတယ်။ ကိုယ့်ကို အနိုင်ကျင့်လွန်းလို့ ပြန်ပြီး သေသေရှင်ရှင် ပြန်သာချ၊ ပြန်သာဆော်...."ဆိုတဲ့ ရန်စကားမျိုးပြောတာမဟုတ်ပါဘူး။ တခါတလေမှာ အဲဒီလို မသိတတ်၊ နားမလည်ဘဲ သည်းခံတိုင်း ရောင့်တက်ပြီး ခေါင်းပေါ်တက်ချင်တဲ့လူတန်းစားအတွက် ကိုယ်က “ကြောက်လို့ငြိမ်ခံနေတာမဟုတ်ဘူး” ဆိုတာကိုတော့ သိအောင် အစွယ်ထုတ်ပြဖို့လိုပါတယ်။

အဓိကက ကိုယ်ကစပြီး တပါးသူအပေါ်မတရားလုပ်ခြင်း၊ အနိုင်ကျင့်ခြင်း၊ နစ်နာစေခြင်းဆိုတဲ့ ယုတ်မာတဲ့စိတ်ထားမရှိဖို့ပါပဲ။ ကိုယ်ကစပြီး သူတစ်ပါးအပေါ် အနိုင်မကျင့်မိစေဖို့အရေးကြီးသလို ကိုယ့်အပေါ် နိုင်လို့ရလို့နိုင်တယ်ဆိုတဲ့လူတန်းစားတစ်ရပ်အတွက်လည်း ကိုယ်က အစွယ်ရှိကြောင်းသိစေရမှာပါ။ ဘယ်အရာမှ အစွန်းရောက်တာမကောင်းတတ်တဲ့အတွက် ကိုယ်တိုင်ကလည်း သူတပါးအပေါ် မတရားမလုပ်ဖို့၊ ကိုယ်ကျင့်တရားကောင်းဖို့၊ အနစ်နာခံကူညီတတ်ဖို့၊ ဖေးမစာနာနားလည်တတ်တဲ့ စိတ်ထားမျိုး ထားရမှာဖြစ်သလို ကိုယ့်အပေါ်မှာလည်း မတရားလုပ်လာတဲ့အခါ၊ တရားလက်လွတ်မဟုတ်ဘဲ ကိုယ်ကအစွယ်ထုတ်ပြဖို့လည်း လိုပါတယ်။

ဘာလို့ တရားလက်လွတ်မဖြစ်စေဖို့ပြောရသလဲဆိုရင် ကိုယ်အခါခါသည်းခံတုန်းက လူမသိသလို အခါခါသည်းခံတတ်တဲ့လူဟာလည်း ပေါက်ကွဲတဲ့အခါ သူများထက်၂ဆ ပိုပြီးဆိုးဝါးတတ်လို့ပါပဲ။ အဲဒီ့အခါ အမှန်တကယ်ခံရတာလည်း ကိုယ်ပဲ၊ လူဆိုးဖြစ်သွားတာလည်း ကိုယ်ပဲဖြစ်တတ်တာမို့ပါ။ အဲဒါကြောင့် ကိုယ့်ဘဝစုတ်ပြတ်မသတ်သွားခင်အထိ အတိုင်းအတာတစ်ခုမှာ သည်းခံပါ၊ ကိုယ့်ဘဝ စုတ်ပြတ်သွားတဲ့အချိန်ထိ မစောင့်ပါနဲ့။ သည်းခံတဲ့အတိုင်းအတာကျော်လွန်လာရင်လည်း တရားလက်လွန်မဖြစ်စေဘဲ အစွယ်ကိုပြသင့်ပြထိုက်တဲ့အခါပြဖို့ မမေ့ပါနဲ့။
နောက်ဆုံးအဆင့်ထိရောက်မှ သည်းခံသမျှပေါက်ကွဲတဲ့အခါ သူတို့အပြုအမူအတိုင်း တန်ရာတန်ရာဆက်ဆံလိုက်တဲ့အခါ ကိုယ်သာ လူဆိုးဖြစ်တတ်တာမို့ ထိုလူတန်းစားတစ်ရပ်နဲ့ အတတ်နိုင်ဆုံး ကင်းအောင်နေတာအကောင်းဆုံးပါပဲလို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။