ထိလွယ် ရှလွယ် ပျက်စီးလွယ်တဲ့ “ယုံကြည်မှု” ဆိုသောအရာ

ယုံကြည်မှုဆိုတာက သူငယ်ချင်းမိတ်ဆွေ၊ ချစ်သူရည်းစား၊ အလုပ်ခွင်၊ မိသားစု စတဲ့အသီးသီးကြားမှာ အရမ်းအရေးပါတဲ့ အရာဖြစ်ပါတယ်။ ယုံကြည်မှုရှိခြင်းကြောင့် အလုပ်တွေလည်း ပိုပြီးတွင်ကျယ်လာနိုင်သလို၊ လူမှုဆက်ဆံရေးမှာလည်း ပိုပြီး ပေါင်းသင်းအဆင်ပြေလာနိုင်ပါတယ်။ မိသားစုမှာလည်း ပိုပြီးချစ်ခင်နွေးထွေးစေလာနိုင်သလို၊ သင့်ချစ်သူနဲ့ ဆိုရင်လည်း သင်ပိုပြီး ချစ်ခင်တတ်လာမှာပါ။ ဒါပေမယ့် အဲဒီ့တန်ဖိုးရှိတဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ခံစားမှုကလည်း ခံစားဖူးမှ သိတာပါ။ အရမ်းကို ဆိုးဝါးပါတယ်။ ယုံကြည်မှုက လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ခြားထားတဲ့ မှန်လို အလွှာပါးပါးလေးနဲ့တူပါတယ်။ ခြားထားပေမယ့် တစ်ယောက်ကို တစ်ယောက် ယုံကြည်စိတ်ချစွာမြင်နေရမယ်။ ဒါပေမယ့် အထိခိုက်တော့မခံပါဘူး။ ထိခိုက်လိုက်တာနဲ့ တစစီပြန်ဆက်လို့မရအောင် ကွဲကြေသွားနိုင်တာမျိုးပါ။


ဘယ်သူမဆို အပြန်အလှန်ယုံကြည်ပေးချင်ကြတာချည်းပါပဲ။ ဒါပေမယ့် လိမ်ညာတတ်သူတွေကြောင့် အချို့သော ယုံကြည်တတ်သူတွေက လွယ်လွယ်နဲ့ မယုံကြည်တတ်ကြတော့ပါဘူး။
အဲဒါကြောင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကတော့
ကိုယ်တိုင်က အခြားသူတွေ ယုံကြည်မှုရှိအောင် နေဖို့လိုပါတယ်။
ကိုယ်တိုင်က ယုံကြည်မှုနဲ့ထိုက်တန်အောင် နေပါ။ အချိန်ဘယ်အချိန်မှာ အိမ်ပြန်မယ် ပြောထားရင် ထိုအချိန်ဝန်းကျင်ခန့် ပုံမှန်ပြန်ရောက်အောင် ကြိုးစားတာမျိုး။ တခါတလေ တခုခုကြောင့် နောက်ကျမယ်ဆို ကြိုဖုန်းဆက်ထားတာမျိုး အဲလိုမျိုး ပြောရင်ပြောတဲ့အတိုင်းလုပ်တတ်သူကျတော့ အခြားသူတွေက သူနဲ့ပတ်သက်ရင် အလိုလို ယုံကြည်မှု ရှိနေတတ်ပါတယ်။ အဓိကက အပြောနဲ့အလုပ်ညီအောင် ကြိုးစားတတ်သူကို အခြားသူများက အလိုလို စိတ်ချလက်ချယုံကြည်နေတတ်ပါတယ်။
အခြားသူများကိုလည်း ကိုယ်က ယုံကြည်မှုပေးဖို့လိုပါတယ်။ ဘယ်သူမဆို ဘယ်အရာကိုမဆို အရင်ဆုံး ယုံကြည်ပေးလိုက်ပါ။ လိမ်ညာတတ်တဲ့သူဆိုတာ သိပ်အကြာကြီး ယုံကြည်ပေးစရာမလိုပါဘူး။ ယုံကြည်မှုပေးလိုက်ပြီး မကြာဘူး၊ ပေါ်လာတတ်မျိုးပါ။ အဲဒါကြောင့် ကိုယ့်လိုပဲ အခြားသူတစ်ယောက်ကို အရင်ဆုံးယုံကြည်ပေးဖို့ မကြောက်ပါနဲ့။ ကိုယ်တိုင်လည်း ယုံကြည်မှုနဲ့ထိုက်တန်အောင်နေပါ။ အခြားသူများကိုလည်း သံသယနဲ့မဆက်ဆံပါနဲ့။ ယုံကြည်ပေးပါ။ အလိမ်ခံရမလားဆိုပြီး မစိုးရိမ်နေပါနဲ့။ လိမ်တတ်သူဆိုရင်၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်တတ်သူဆိုရင်တော့ သင်ယုံကြည်ပေးပြီး မကြာဘူး သရုပ်မှန်ပေါ်လာမှာပါပဲ။ အဲဒီ့အတွက်တော့ ကြိုတင်သံသယဖြစ်ပြီး တွေးပူးမနေပါနဲ့။
တစ်ခုသတိထားရမှာကတော့ ယုံကြည်မှုက တန်ဖိုးကြီးလွန်းတဲ့အတွက် ဘဝကြီးတစ်ခုလုံးနဲ့ ပုံအောပြီးတော့ အလောင်းအစားမလုပ်မိပါစေနဲ့။ ကိုယ့်မှာ ရှိသမျှ စည်းစိမ်တွေ တပြားမကျန် စီးပွားရေးလုပ်ပေးပါ့မယ်ဆိုတဲ့ သူရဲ့လက်ထဲအကုန်ထိုးပေးလိုက်တာ သင့်ဘဝတစ်ခုလုံးကို သူများလက်ထဲထိုးပေးပြီး လောင်းကစားလုပ်ခြင်းပါပဲ။ အဲဒါက ယုံကြည်မှုပေးတာမဟုတ်တော့ပါဘူး ။ လောင်းကစားလုပ်တာဖြစ်သွားပါပြီ။ ယုံကြည်ဖို့အတွက် ဖြစ်လာမယ့်အကျိုးဆက်က ကိုယ့်ဘဝတစ်ခုလံးုဖြစ်ရတဲ့အထိတော့ အလောင်းအစားမလုပ်ပါနဲ့ ။ သင့်မှာ သင်ပိုင်ဆိုင်သမျှ အကုန်ယုံကြည်ပြီး သူများကိုပေးလိုက်မယ်ဆိုတာက သူသာလိမ်သွားမယ်ဆိုရင် သင့်ဘ၀ ဗလာဖြစ်သွားပါပြီ။ ထိုကိစ္စမျိုးကျတော့ ယုံကြည်သင့်မယုံကြည့်သင့် အကျိုးဆက်ကို အရင်ချိန်ဆသင့်ပါတယ်။ ဥပမာ။ သင့်ကိုလက်ထပ်ပါမယ်လို့ နှုတ်ကတဖွဖွ ကတိတွေပေးတဲ့ယောကျာ်းတစ်ယောက်ကို လက်မထပ်ဘဲ သင့်ဘဝတစ်ခုလုံး ပုံပေးမိတာက ယုံကြည်တာမဟုတ်တော့ပါဘူး။ သင့်ဘဝကို ပုံပြီး လောင်းကစားလုပ်မိတာပါပဲ။ ထိုသူကသာ ကတိဖျက်ခဲ့ရင် သင်ဘယ်လိုလုပ်မလဲ။ ထိုကိစ္စလိုမျိုး ဘဝတစ်ခုလုံးနဲ့ လောင်းကစားလုပ်တာမျိုးကတော့ မဖြစ်သင့်ပါဘူးနော်။
သင့်ဘဝကို စုတ်ပြတ်သတ်ပြီး ထိခိုက်စေမယ့်ကိစ္စမျိုးမဟုတ်ရင်တော့ ယုံကြည်ပေးလိုက်ပါ။ လိမ်တဲ့သူဆိုတာ ယုံကြည်ပေးလိုက်တဲ့နောက် သူရဲ့မူရင်းရုပ်သွင်ပေါ်လာပါလိမ့်မယ်။
ယုံကြည်မှုဆိုတဲ့အရာက တစ်ခါလောက်အဖျက်ဆီးခံလိုက်ရရင် ပြန်ပြီး အသစ်မဖြစ်နိုင်တဲ့အရာပါ။ အရမ်းကိုတန်ဖိုးရှိပါတယ်။ မိသားစုထဲမှာ၊ ချစ်သူရည်းစားကြားထဲမှာဆိုရင်လည်း တစ်ခါလောက် ဖောက်ဖျက်မိလိုက်ရင် နောက်ထပ်ယုံကြည်ဖို့က ခက်ခဲသွားမှာပါ။ အမြဲလိုလို သံသယတွေနဲ့ ဆက်ဆံခံနေရတော့မှာပါ။ အဲဒါကြောင့် လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုရှိဖို့က အရမ်းလည်း အရေးကြီးပါတယ်။
အဲဒါကြောင့် ပြောပြပေးချင်တာက ကိုယ်တိုင်လည်း ယုံကြည်မှုနဲ့ ထိုက်တန်အောင် အပြောအလုပ်ညီပါစေ။ အခြားသူများကိုလည်း လောင်းကစားသဘောမျိုးမဟုတ်တဲ့ ယုံကြည်မှုမျိုးနဲ့ ယုံကြည်ပေးပါ။ ယုံကြည်မှုပျက်ဆီးစေမယ့် ကိစ္စမျိုးကို ကိုယ်တိုင်ကစမလုပ်မိပါစေနဲ့။ ကိုယ့်အပေါ် ယုံကြည်မှုအလွဲသုံးစားလုပ်တဲ့သူတစ်ယောက်ကိုလည်း ဘဝကြီးတစ်ခုလုံးပုံအောပြီး လောင်းကစားဆန်တဲ့ယုံကြည်မှုမျိုး မထားမိပါစေနဲ့။ ယုံကြည်သင့်တာယုံကြည်လို့ ဆင်ခြင်သင့်တာဆင်ခြင်ပါ။
အားလုံး စဉ်းစားချင့်ချိန်နိုင်ကြပါစေ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။