စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပါ။

လောကမှာ တခါတလေကျတော့ ဆုပ်ကိုင်ထားလု့ိ ကိုယ့်အတွက်လည်း မကောင်း၊ အခြားသူအတွက်လည်းမကောင်း တဲ့ အရာမျိုးတွေရှိတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့စိတ်ချမ်းသာမှုအတွက် စွန့်ကို စွန့်လွှတ်ရမယ့်အရာတွေရှိပါတယ်။ အဲဒီ့အရာတွေကို စွန့်လွှတ်နိုင်ခြင်းက ကိုယ့်ကိုကိုယ်ချစ်ခင်ခြင်းပါပဲ။ ဟုတ်ပါပြီ….အဲဒါဆိုရင် အဲဒီ့စွန့်လွှတ်သင့်တဲ့အရာတွေက ဘာတွေဖြစ်မလဲ။


စွန့်လွှတ်သင့်တဲ့အရာတွေက အများကြီးပါ။ သင့်ဘဝအတွက် မကောင်းစေတဲ့အရာမှန်သမျှပဲပေါ့။ သင့်အပေါ်မကောင်းတဲ့ပတ်ဝန်းကျင်၊ သင့်ရဲ့မကောင်းတဲ့အကျင့်ဆိုးတွေ၊ သင့်အပေါ်လုံးဝမကောင်းမှန်းသိသိကြီးနဲ့ မပြတ်နိုင်လို့ ဆက်တွဲနေတဲ့ သင့်ရဲ့relationship။ ကိုယ့်အပေါ်လုံးဝမကောင်းတတ်တဲ့ အပေါင်းအသင်းတွေ၊ ကိုယ်တိုင်မကောင်းမှန်းသိရက်နဲ့ မစွန့်လွှတ်နိုင်တဲ့ ကိစ္စတွေ စသည်ဖြင့် အများကြီးပါပဲ။
တကယ်တမ်းကတော့ စွန့်လွှတ်သင့်နေပြီ၊ မစွန့်လွှတ်သင့်ပြီ ဆိုတာ အခြားသူများကိုပဲ သင်လိမ်လို့ရမှာပါ၊ သင့်ကိုသင်တော့မလိမ်နိုင်ပါဘူး။ လူတော်တော်များများက အခြားသောသူများရှေ့မှာတော့ ကိုယ့်ကိုအားကျစေတာမျိုး၊ ကိုယ့်ကို အထင်တွေကြီးနေတာမျိုးကို လိုချင်တတ်ကြပါတယ်။ အဲဒီ့အချက်ကြောင့်ပဲ တခါတလေမှာ စွန့်လွှတ်သင့်တာကို မစွန့်လွှတ်နိုင်ဘဲ ပိုက်ထားမိသလိုဖြစ်နေတတ်ကြပါတယ်။
ဥပမာ။ လူတွေအမြင်မှာ အထင်ကြီးချင်တဲ့စိတ်တစ်ခုသင့်မှာ အမြဲရှိနေခဲ့တယ်ဆိုပါတော့၊ အဲဒါဆို လူတကာကြားထဲ သင့်မှာရှိတာကော မရှိတာတွေကော ထုတ်ဖော်ပြသဖို့ သင်ကြိုးစားတော့မှာပါ(ရွေ၊ငွေ၊ လက်ဝတ်လက်စား၊အဝတ်အထည်စသဖြင့်) သင်က ရွေတွေအပြည့်ဝတ်ပြီး လူအထင်ကြီးခံချင်တယ်ဆိုရင် တကယ်မရှိလည်း ရှိသယောင်ပြင်ဆင်ဝတ်စားတော့မှာပါ။ ငွေတွေဖောဖောသီသီသုံးနိုင်တဲ့ သူဌေးမကြီးတစ်ယောက်လို သင်သုံးပြဖြုန်းပြတော့မှာပါ။ အဲဒီ့အခါ သင့်မှာတကယ်ရှိရင်တော့ သင်ငွေပဲကုန်တော့ဘာမှမဖြစ်ပေမယ့် အခြားသူများဆီက ချေးငှားသုံးမယ်ဆိုရင် သင့်မှာ အကြွေးပလဗွနဲ့တောင် ဖြစ်လာနိုင်ပါသေးတယ်။ အဲဒါက သင်စွန့်လွှတ်သင့်တဲ့အချက်ပဲပေါ့။ အဲဒါကိုမစွန့်လွှတ်နိုင်ဘဲ ဆုပ်ကိုင်ထားသရွေ့၊ သင့်ဘဝဒီထက်အကြွေးနွံထဲနစ်ဖို့ပဲရှိတော့မှာပါပဲ။
အဲဒီလိုပါပဲ….သင့်အပေါ် ငွေကြောင့်ချဉ်းကပ်လာမှန်းသိနေတဲ့ ချစ်သူတစ်ယောက်ကို လူတွေအမြင်မှာ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကို ရိုမန်တစ်ဖြစ်နေကြောင်းပြချင်စိတ်ကြောင့် မကောင်းမှန်းသိတဲ့ relationship တစ်ခုကို မစွန့်လွှတ်ဘဲ ထိန်းထားမယ်ဆိုရင်ကော သင့်ကိုအချိန်တန်ထိခိုက်လာရမှာပဲမဟုတ်လား။
တစ်ခါတစ်လေကျတော့ ဘာမှမဟုတ်တဲ့အမြင်တွေကြောင့် ကိုယ့်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့အချက်တော်တော်များများကို မစွန့်လွှတ်နိုင်ဘဲ ဖက်တွယ်ထားမိတတ်ကြပါတယ်။ အဲလိုဖက်တွယ်ထားရင်းကနေ အဲဒီ့အကျင့်ကြီးထဲမှာ သံသရာလည်နေပြီး နစ်သထက်နစ်လာတတ်ကြပါသေးတယ်။ နောက်ဆုံးတော့ ထိခိုက်ရမှာ သူများဘဝတွေထက် သင့်ဘဝတစ်ခုလုံးဆိုတာ သင်မမေ့ပါနဲ့။
ကိုယ့်ဘဝအတွက် ဆုပ်ကိုင်ထားသင့်တာကို ဆုပ်ကိုင်ပါ။ စွန့်လွှတ်သင့်တာမျိုးကျတော့ ပြတ်သားစွာစွန်လွှတ်ပါ။ အဲဒါက သင့်ကိုပေါ့ပါးစေပါလိမ့်မယ်။ မဟုတ်ရင်တော့ တစ်သက်လုံး မတော်တဲ့ဖိနပ်ကို စီးရသလို စီးလိုက်တိုင်း ဖိနပ်ပေါက်တဲ့ဝေဒနာကို ခံစားနေရမှာပါ။ သင့်ဘဝတစ်လျှောက်လုံးမှာ စွန့်လွှတ်သင့်တာကိုမစွန့်လွှတ်တဲ့ဒဏ်ကို သင်ပဲခံစားနေရမှာပါ။ သင့်အပေါ်လုံးဝမကောင်းတဲ့အိမ်ထောင်ဘက်ကို သင်က သားသမီးတွေမျက်နှာကြောင့်…..မိသားစုပြိုကွဲရမှာကြောင့်….စသည်ဖြင့် အကြောင်းအမျိုးမျိုးပြပြီး တစ်ဘဝလုံး ငုံခံပြီး လက်တွဲနေတယ်ဆိုပါတော့။ ခံရမယ့်သူက သင်တစ်ယောက်တည်းတောင်မဟုတ်တော့ဘဲ သင်နဲ့သင့်အိမ်ထောင်ဖက်ရဲ့ အဆင်မပြေတဲ့အိမ်ထောင်ရေးရဲ့အကျိုးဆက်ကို အမြဲတကျက်ကျက်ရန်ဖြစ်တဲ့အကျိုးဆက်ကို သားသမီးတွေက မြင်နေရပြီး သူတို့ရဲ့နုနယ်တဲ့နှလုံးသားမှာ အမြဲတစေ ဝဋ်ကြွေးတစ်ခုလို ခံစားနေရမှာပေါ့။ (ဒါက မိသားစုတိုင်း သဘောထားကွဲလွဲမှုဖြစ်ရုံလေးနဲ့ အိမ်ထောင်ရေးကွဲပစ်လိုက်ဖို့ တိုက်တွန်းတာမဟုတ်ပါဘူးနော်) မိသားစုချင်းပြန်လည်ညှိနှိုင်းလို့ရတဲ့ ကိစ္စလောက်လေးကို မဆိုလိုပါဘူးနော်။
ပြောချင်တာက ကိုယ့်ဘဝအတွက် လုံးဝကို ညှိနှိုင်းယူလို့လည်း ဘယ်တော့မှ မရနိုင်မယ့်သူမျိုး၊ ကိစ္စမျိုး၊ အကြောင်းအရာမျိုးဆိုရင် ဘာကိုမှ ထိန်းမထားဘဲ ပြတ်သားပါ။ စွန့်လွှတ်ပစ်ပါ။ အဲဒါက ပိုပြီး ကောင်းပါတယ်။ ဘယ်သူကမှ သင့်ဘဝကို လာပြီး ခြယ်လှယ်လို့မရသလို၊ ဘယ်သူကမှလည်း သင့်ဘဝကြီးတစ်ခုလုံး ကဗြောင်းကဗြန်ဖြစ်နေတာကို လာကယ်တင်နိုင်မှာမဟုတ်ပါဘူး။ သင့်ကိုသင်ပဲ ကယ်တင်နိုင်မှာပါ။ အဲဒါကြောင့် ဒီနေ့ကစပြီး သင့်ကိုသင်ပြန်သုံးသပ်ပါ။ ဘယ်အရာတွေကို သင့်ဘဝမှာ စွန့်လွှတ်သင့်နေတာလဲ….စွန့်လွှတ်သင့်ရက်နဲ့ မစွန့်လွှတ်ဘဲ ထားမိတဲ့ အကျင့်ဆိုးတွေ၊ အပေါင်းအသင်းဆိုးတွေ၊ relationship ဆိုးတွေ၊ ပတ်ဝန်းကျင်ဆိုးတွေ စသည်တို့ကို စပြီး စွန့်လွှတ်ဖို့ ကြိုးစားကြည့်ပါ။ သင့်ဘဝအတွက် အဆိပ်အတောက်ဖြစ်စေသမျှကို စတင်စွန့်လွှတ်တဲ့အချိန်ကစပြီး တဖြေးဖြေး သင့်ဘဝတိုးတက်လာပါလိမ့်မယ်။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။