စနေ၊တနင်္ဂနွေကိုရောက်ဖို့ စောင့်နေရတဲ့ အလုပ်ကနေထွက်လိုက်ပါ။

ဒီနေ့ခေတ်မှာ အလုပ်အကိုင်အခွင့်အလမ်းတွေက ပေါများလာသလို အလုပ်လက်မဲ့အရေအတွက်ကလည်း မနည်းပါဘူး။ တစ်ချို့ကကျတော့ ကိုယ်လိုချင်တဲ့အလုပ်နေရာမျိုးမဖြစ်တာနဲ့ ကိုယ်လိုချင်တဲ့လစာလောက်မရတာမျိုး၊ ကိုယ်နေတဲ့နေရာနဲ့ အတော်ဝေးဝေးနေရာမျိုးမှာ အလုပ်သွားရတာမျိုး စသည်ဖြင့် မိမိလိုချင်နေတာနဲ့ ရလာတာမကိုက်သလို၊ ခေါ်နေတဲ့အရည်အချင်းတွေက ကိုယ်နဲ့မကိုက်တာမျိုးမို့လည်း အလုပ်လက်မဲ့တွေဖြစ်လာကြရပါတယ်။ ထားပါတော့ အလုပ်လက်မဲ့တွေကျတော့ ကိုယ်နဲ့ကိုက်ညီမယ့်အလုပ်မျိုးကို လိုချင်နေကြမှာပါ။


လက်ရှိအလုပ်ရှိနေတဲ့သူမျိုးကျတော့ကော အလုပ်ရှိတိုင်းပျော်နေတတ်ကြရဲ့လား။ တစ်ချို့ကျတော့ “စားဝတ်နေရေးကြောင့်သာ လုပ်နေရတာပါ၊ အလုပ်က စိတ်ညစ်ဖို့ကောင်းတယ်” ဆိုတာမျိုး ကြားဖူးမှာပါ။
တစ်ချို့ကျတော့လည်း အလုပ်ကထွက်ချင်တယ်လို့ တဖွဖွ ညည်းနေတတ်တာမျိုးတွေ့ဖူးမှာပါ။ အကြံပေးချင်တာကတော့ ခုလက်ရှိအလုပ်မှာ မပျော်တော့ဘူးဆိုရင် ဘာဆက်လုပ်သင့်သလဲဆိုတာပါ။

၁) မပျော်ရတဲ့အကြောင်းရင်းက ဘာလဲ။
သင်က ခုလက်ရှိလုပ်နေတဲ့အလုပ်ခွင်မှာ သင်မပျော်တော့ဘူးဆိုပါတော့၊ ဘာကြောင့်မပျော်ရတာလဲ အကြောင်းရင်းက ဘာလဲဆိုတာ သိအောင်လုပ်ပါ။ ချက်ချင်းဖြေရှင်းလို့ရတဲ့ ကိစ္စမျိုးဆိုရင်တော့ ချက်ချင်းဖြေရှင်းလိုက်ပါ။ အဲလိုမဟုတ်ဘဲ ဖြေရှင်းမရတဲ့ပြ ဿနာမျိုးပါဆိုရင်တော့ ထွက်စာမတင်ခင်မှာ သင့်နဲ့ကိုက်တဲ့ အလုပ်တစ်ခု ကြိုရှာထားပါ။

၂)ကိုယ့်ကိုကိုယ်ပြန်မေးပါ။
အလုပ်ခွင်မှာ မတက်ကြွတော့ဘူး၊ တနင်္လာနေ့ဖြစ်ပေမယ့် စနေ၊တနင်္ဂနွေကို မြန်မြန်ရောက်ချင်နေပြီဆိုရင်တော့ သင်အလုပ်မှာ ဘာတွေဖိစီးနေသလဲပြန်စဉ်းစားပါ။ အလုပ်တွေများလွန်းလို့ စိတ်ဖိစီးလွန်းနေတာလား၊ သင်ကိုယ်တိုင်ကိုက အလုပ်မှာ ပျင်းနေမိတာလား။ အထက်လူကြီးက ကိုယ့်အဖွဲ့အစည်းအပေါ်မကောင်းလို့များလား။ အဲဒီ့အကြောင်းအရာတွေတစ်ခုမှမဟုတ်ဘူးဆိုရင်တော့
ကိုယ်ကိုကိုယ် ပြန်မေးပါ။ ဒီအလုပ်မှာ လုံးဝကိုဝါသနာမပါလို့များ မပျော်ရတာလား။ ကိုယ်ဝါသနာပါတဲ့အလုပ်တစ်ခုခုရှိနေလား။ အဲဒါဆိုရင်တော့ ကိုယ်ဝါသနာပါတဲ့အလုပ်နဲ့ ကိုယ်နဲ့အဆင်ပြေလောက်လား၊ ကိုယ့်ဝါသနာနဲ့ကိုက်တဲ့အလုပ်ကိုပြောင်းဖို့ ကိုယ့်မှာ အရည်အချင်းတွေပြည့်ဝနေပြီလို့ထင်လား။ စသည်ဖြင့် ပြန်မေးသင့်ပါတယ်။

၃) ပြ ဿနာတစ်ခုခုရှိနေတဲ့ကုမ္ပဏီ မျိုးလား။

ကိုယ့်ရဲ့အရည်အချင်းတွေကို အချိန်ကြာလေလေ မတိုးတက်စေမယ့် ကုမ္ပဏီမျိုးဆိုရင်တော့ အလုပ်ထွက်လိုက်သင့်ပါတယ်။ ကုမ္ပဏီက လစာမှန်မှန်မပေးနိုင်တဲ့ကုမ္ပဏီမျိုး၊ စီမံခန့်ခွဲမှုပိုင်းမှာ ပြဿနာရှိနေတဲ့ကုမ္ပဏီမျိုးလား၊ ငွေကြေးပိုင်းမှာ ပြဿနာရှိနေတဲ့ ကုမ္ပဏီမျိုးလား စသည်ဖြင့်ပေါ့။ ကိုယ့်ရဲ့အရည်အချင်းတွေလည်း မတက်လာနိုင်ဘူး။ ကိုယ်တိုင်လည်း အချိန်ကြာလေလေ ဒီကုမ္ပဏီမှာနစ်မွန်းလေလေ ဖြစ်နေတယ်လို့ခံစားနေရရင်တော့ အလုပ်ထွက်ဖို့စဉ်းစားသင့်ပါတယ်။
၄) အရည်အချင်းကို တိုးတက်အောင်လုပ်ထားပါ။
သင့်မှာ ဒီအလုပ်ပေါ်မှာ လုံးဝဆက်ပြီး လုပ်ချင်စိတ်မရှိတော့ဘူးဆိုတာ သိလာတဲ့နောက်မှာတော့ သင့်ရဲ့နောက်ထပ်အလုပ်သစ်မှာ ရှိသင့်တဲ့skill တွေကို သင့်ကိုသင်ဖြည့်ဆည်းထားပါ။
ဒါမှမဟုတ် သင်တကယ်နှစ်သက်တဲ့အလုပ်ကို ပြောင်းဖို့ အတွက် လိုအပ်တာတွေပြင်ဆင်ထားသင့်ပါတယ်။ အလုပ်မထွက်ခင် တစ်လနှစ်လလောက်အကြိုကတည်းက တက်သင့်တဲသင်တန်းတွေတက်ထားတာမျိုး၊ အလုပ်ထွက်ပြီးနောက်မှာ သုံးဖို့ရှိသင့်တဲ့ငွေကြေးတွေ စုဆောင်းထားတာမျိုး၊ စသည်ဖြင့်ပေါ့။ သင့်မှာ အခြားအလုပ်တစ်ခုကိုအတွက် ပြောင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် သင့်ကိုသင်စိတ်ဖိစီးမခံဘဲ အလုပ်ပြောင်းလို့ရပါပြီ။

၅) ဆိုးကျိုးများ
သင့်မှာ အမြဲစနေ၊ တနင်္ဂနွေကိုသာရောက်ဖို့ စောင့်နေတတ်ပြီဆိုရင် အဲဒီ့အလုပ်ကထွက်သင့်ပါပြီ။ ဘာလို့လဲဆိုတော့ အလုပ်ခွင်မှာ မပျော်ခြင်းက သင့်အတွက်ဆိုးကျိုးတွေအများကြီးဖြစ်လာနိုင်လို့ပါ။
- အာရုံမစိုက်နိုင်တော့ပါဘူး
သင်က အလုပ်တွေကို လုံးဝဆက်မလုပ်ချင်တော့တာမို့ အဲဒီ့အလုပ်ပေါ်မှာလည်း လုံးဝကို အာရုံစိုက်ချင်တော့မှာမဟုတ်ပါဘူး။
- စိတ်ဖိစီးမှုဖြစ်စေပါတယ်
သင်အာရုံမစိုက်ချင်တဲ့အလုပ်ကို အာရုံစိုက်ရတဲ့နောက်တော့ သင်အလိုလိုနေရင်းကို စိတ်ဖိစီးနေမှာပါ။ သင့်အတွက်အလုပ်သွားရတာက အဆူးတွေနဲ့အသီးကို ကြိတ်မှိတ်မြိုချနေရသလိုဖြစ်နေမှာပါ။
- ခေါင်းကိုက်နိုင်ပါတယ်။
သင့်မှာ မလုပ်ချင်တာကြီးကို တာဝန်တစ်ခုလိုပိုက်ထားမယ်။ အလုပ်တွေက စိတ်မပါတော့မြန်မြန်မပြီးနိုင်၊ မြန်မြန်မပြီးနိုင်တော့ ပိုပြီး ဖိစီးမှုဖြစ်ပြီး ခေါင်းကိုက်စေနိုင်ပါတယ်။
- အမှားများလာနိုင်ပါတယ်။
ဖိစီးမှုများလာတော့ အလုပ်လုပ်တဲ့အခါ အမှားများလာနိုင်တာပေါ့။
- အမြဲထိုင်းမှိုင်းနေတတ်ပါတယ်။
မလုပ်ချင်တဲ့အလုပ်ကို မသွားချင်၊ မလုပ်ချင်ဘဲ လုပ်နေရတဲ့အခါ အမြဲထိုင်းမှိုင်းနေတတ်ပါတယ်။ လူကမလန်းဆန်းတဲ့အတွက် အတွေးအခေါ်တွေကလည်း မလန်းဆန်းနိုင်တော့ပါဘူး။ အတွေးအသစ်၊ အမြင်သစ်တွေလည်း မပေါ်ထွက်နိုင်တော့ပါဘူး။

အထက်ပါဆိုးကျိုးတွေဖြစ်လာတဲ့အခါ သင့်ရဲ့အလုပ်ကို သင်တော်တော်လေးစိတ်ပျက်နေပြီဆိုတာ သိနိုင်ပါတယ်။ အဲဒါကြောင့် အထက်က (နံပါတ် ၁ မှ ၄ အထိ) ပြောထားတဲ့အကြံပေးချက်တွေကို လိုက်နာပြီး အလုပ်ပြောင်းဖို့သာ စဉ်းစားလိုက်ပါတော့နော်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။