စိတ်သဘောထားပြည့်ဝသူများ၏ အကျင့်စရိုက်များ

စိတ်သဘောထားပြည့်ဝသူတွေဟာ မိမိကိုယ်ကိုနှိမ့်ချတတ်ပြီး ကိုယ့်ထက်နိမ့်ကျသူတွေကို ဖေးမကူညီတတ်သူတွေလည်းဖြစ်ပါတယ်။ ကိုယ့်ထက် သာတဲ့သူတွေအပေါ် မုဒိတာပွားပြီး ကောင်းသောအကျင့်တွေကို အတုယူတတ်ပါတယ်။ လူတိုင်းဟာ ပြီးပြည့်စုံတဲ့လူတွေမဟုတ်ဘဲ ကိုယ့်အမှားတွေကို ပြန်လည်ပြုပြင်နိုင်အောင်ကြိုးစားရင်းကနေမှတဆင့် အမှားနည်းပြီး အမှန်များတဲ့လူတွေဖြစ်လအောင် ကျင့်ကြံရတာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့မပြည့်ဝတဲ့စိတ်ထားကို သိရတဲ့အခါ ဘယ်နေရာလေးတော့ ပြုပြင်လိုက်မယ်ဆိုတဲ့စိတ်လေးရှိရင်ပဲ စိတ်ထားပြည့်ဝသူဖြစ်လာဖို့အခွင့်အလမ်းများပါတယ်။ အဲဒါကြောင့် ပြုပြင်ချင်စိတ်ရှိအောင် ဖော်ပြပေးလိုက်ပါတယ်။


၁) မိမိကိုယ်တိုင်ချို့တဲ့နေသည့်ကြားမှ မျှဝေတတ်ခြင်း
ကိုယ်တိုင် ခက်ခဲကြပ်တည်းနေတယ်ဆိုရင်တောင် ထိုခံစားချက်ကို ခံစားနားလည်တာကြောင့် အခြားသူတွေရဲ့အခက်အခဲကိုလည်း ကိုယ်နိုင်သလောက်ကူညီတတ်ကြသူတွေဖြစ်ပါတယ်။

၂) အခွင့်အရေးရသမျှ အလွဲသုံးစားမလုပ်တတ်ခြင်း
ကိုယ့်ရဲ့ရသမျှ အခွင့်အရေးတိုင်းလိုလိုကို အလွဲသုံးစားမလုပ်တတ်ပါဘူး။ ကိုယ့်ရဲ့ရပိုင်ခွင့်အဖြစ်ရောက်လာပေမယ့်လည်း ကိုယ့်ရဲ့လောဘနဲ့ ရသမျှအခွင့်အရေးအဖြစ်မယူတတ်သလို၊ ကိုယ့်ရဲ့အာဏာ၊ ဂုဏ်ပုဒ်ကို သုံးပြီးလည်း အခွင့်အရေးရအောင်အသုံးမချတတ်ပါဘူး။

၃) ဆင်းရဲသော်လည်း ရိုးသားစွာအသက်မွေးခြင်း
ဥစ္စာပစ္စည်းမချမ်းသာပေမယ့် အကျင့်စာရိတ္တနဲ့ ကိုယ့်ကျင့်တရားကို တန်ဖိုးထားတတ်ပါတယ်။ ရိုးသားမှုကိုတန်ဖိုးထားပြီး ရိုးသားစွာ အသက်မွေးတတ်သူဖြစ်သလို၊ ကိုယ့်ရဲ့စားဝတ်နေရေးအခက်အခဲအတွက်ဖြစ်ဖြစ် ဒါမှမဟုတ် ဘယ်လိုနည်းလမ်းနဲ့မဆို မတရားနည်းလမ်းနဲ့ အသက်မွေးဖို့ရာ လုံး၀ စိတ်မကူးတဲ့သူတွေဖြစ်ပါတယ်။

၄) ယုတ်မာသူအပေါ် တန်ပြန်မယုတ်မာတတ်ခြင်း
ကိုယ့်အပေါ်ယုတ်မာတတ်သူအပေါ် ကိုယ့်ကဲ့သို့ နာကျင်ခံစားရမှာကို ကိုယ်ချင်းစာတဲ့စိတ်ဖြင့် တန်ပြန်ယုတ်မာလိုက်မယ်ဆိုတဲ့စိတ်ထားမျိုးလုံးဝမလုပ်တတ်သူတွေလည်းဖြစ်ပါတယ်။ ကိုယ့်အပေါ်ယုတ်မာသည်ဖြစ်စေ မယုတ်မာသူဖြစ်စေ ယုတ်မာကောက်ကျစ်တဲ့နည်းလမ်းကို မလုပ်တတ်သူတွေဖြစ်ပါတယ်။

၅) အားနည်းသူကို စာနာခြင်း၊ အားသာသူကို မုဒိတာပွားနိုင်ခြင်း
နောက်ထပ်စိတ်ထားတစ်ခုကတော့ အားနည်းသူကို စာနာနားလည်တတ်ပြီး ကိုယ့်ထက်အားသာတဲ့သူကိုလည်း မုဒိတာပွားတတ်သူတွေဖြစ်ပါတယ်။ ကိုယ့်ထက်သာတဲ့လူတွေအပေါ်မှာ မုဒိတာပွားနိုင်သလို၊ သူတို့ထံကနေ ကိုယ့်အတွက် ဘာတွေသင်ယူလို့ရမလဲဆိုတာကို နားလည်ထားသူတွေဖြစ်ပါတယ်။ အဲဒါကြောင့် ကိုယ့်ထက်သာတဲ့လူတွေထံမှ တဆင့် အလေ့အကျင့်ကောင်းတွေ၊ စိတ်ထားကျင့်ကြံပုံတွေ၊ နေ့စဉ်နေထိုင်ပုံတွေ၊ လူတစ်ဖက်သားအပေါ်ဆက်ဆံပြုမူပုံတွေ စသဖြင့် အများကြီးပြန်လည်သင်ယူတတ်သူတွေဖြစ်ကြပါတယ်။
အဲဒါကြောင့် သူတို့ရဲ့ဘဝတွေက အခြားသူထက်ကို စိတ်ဓာတ်အားဖြင့် မြင့်မားတယ်လို့ထင်ရသလို၊ ရုပ်ဝတ္ထုအားဖြင့် ချမ်းသာကြွယ်ဝချင်မှ ကြွယ်ဝမှာဖြစ်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ပိုပြီ သာလွန်တယ်လို့ထင်ရတတ်ပါတယ်။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ဝတ္ထုပစ္စည်းဥစ္စာတွေထက် စိတ်ပိုင်းဆိုင်ရာသာလွန်နေသူတွေရဲ့ဘဝက အစစအရာရာမှာ သာလွန်နေမှာပဲဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။