စိတ်ပုတ်သူတို့နဲ့ ရင်ဆိုင်ရလျှင် ဘယ်လိုလုပ်မလဲ။

လူအမျိုးမျိုး စိတ်အထွေထွေဆိုတာ သင်ကြားဖူးမှာပါ။ လူတွေရဲ့ စိတ်အခြေအနေပေါ်မူတည်ပြီး လူအမျိုးမျိုးရယ်လို့ ဖြစ်လာရတာပါ။ သင်ဘယ်လောက် အနိုင်ယူယူ အပြုံးမပျက်တုံ့ပြန်တဲ့သူမျိုးလား၊ သင်ကမှန်အောင်နေပါရက်နဲ့ သင့်ကိုမှ မဟုတ်တမ်းတရားတွေပြောပြီး စွပ်စွဲတတ်သူမျိုးလား၊ သင်အဆင်မပြေချိန်မှာတော့ သင့်ကိုအရမ်းသနားပြနေပြီး သင်တိုးတက်အောင်မြင်လာတော့ မနာလိုခြင်းတွေနဲ့အတူ သင့်ကို မုဒိတာမပွားနိုင်ဘဲ သင့်အနားက ဆုတ်ခွာသွားတဲ့သူမျိုးလား စသည်ဖြင့် လူတွေရဲ့စိတ်ထားပေါ်မူတည်ပြီး လူအမျိုးမျိုးရယ်လို့ဖြစ်လာရတာပါ။


လူတွေရဲ့သဘောကိုက သနားစိတ်ဖြစ်ပေါ်တာက လွယ်ပြီး မုဒိတာပွားဖို့ကျတော့ ခက်တာမျိုးပါ။ သနားစိတ်က ဖြစ်ပေါ်ဖို့လွယ်ပါတယ်။ မုဒိတာစိတ်ကျတော့ ပွားဖို့ခက်ပါတယ်။ သင်ကော အဲလိုလူမျိုးနဲ့ကြုံဖူးမှာပါ။
တစ်ချို့လူက သနားရာကနေ ပေးကမ်းချင်စိတ်ဖြစ်တယ် ၊ ဒါကပုံမှန်စိတ်ထားပါပဲ။ တစ်ချို့ကျတော့ အမြဲလို ကိုယ်က သနားလို့ ပေးကမ်းနေရတဲ့သူက အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ထက်သာသွားတဲ့အခါ “အော်…သူ့ခမြာ အတိတ်ကံကြောင့် ခုလိုနေ့ချင်းညချင်း ကံကောင်းရရှာတာ။ အဆင်မပြေရာကနေ ခုလိုအဆင်ပြေသွားတာ ဝမ်းသာစရာပါပဲ” လို့ မုဒိတာ ပွားပေးတတ်တဲ့သူလည်း ရှိပါတယ်။ ဒါပေမယ့် ရှားပါတယ်။ တစ်ချို့ကျပြန်တော့ ထိုနေရာမှာ “ အရင်က ငါပေးကမ်းလို့ ဒီအခြေအနေထိရောက်လာတာ။ ခုမှ မနေဖူး၊ မစားဖူးတာတွေ စားရလို့ ဘဝမြင့်နေတာ။ အလကား အဆင့်မရှိတာတွေပါ” ဆိုပြီး မုဒိတာမပွား၊ သနားစိတ်လည်း မရှိ၊ မနာလိုစိတ်ဘက်ကို အရောင်ပြောင်းသွားတတ်သူတွေလည်း ရှိပါတယ်။ တစ်ချို့ဆို အဲဒီ့ထက် မနာလိုစိတ်များလာတဲ့အခါ ကွယ်ရာကနေ သူများရဲ့မကောင်းကြောင်းတွေပြောမယ်၊ နိမ့်ပါးခဲ့စဉ်က အကြောင်းတွေ ပြောမယ်၊ ဘာလုပ်လုပ်ဝေဖန်မယ်၊ တိုက်ခိုက်မယ်၊ ထိုသူရဲ့အကျိုးပျက်စီးရာပျက်စီးကြောင်းတွေ လုပ်မယ်။ ထိုစိတ်က အရမ်းကိုကြောက်စရာကောင်းပါတယ်။
အဲဒါကြောင့်ထိုကဲ့သို့ မနာလိုစိတ်များပြီး စိတ်ဓာတ်မကောင်းသူတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင်
၁) အပူမယူပါနဲ့။
သူတို့ရဲ့ မနာလိုစိတ်၊ စိတ်ပုတ်က သူတို့ကိုပဲ အရင်လောင်ကျွမ်းပြီးမှ အပြင်ကို ကူးစက်ရတာပါ။ အဲဒါကြောင့် သူတို့ဟာသူတို့ အရှိန်နဲ့ လောင်ကျွမ်းနေပါစေ။ ကိုယ်က အပူကူးမခံပါနဲ့။ ထိုသူမျိုးနဲ့ရင်ဆိုင်ရတာနဲ့ အရင်ဆုံး သင်က သူပေးတဲ့အပူတွေနဲ့ ပူလောင်ရတော့မှာပါ။ အဲဒါကြောင့် ဒီအချက်ကို သတိရပါ။ သူ့အပူ….. ငါမယူဘူးဆိုတဲ့စိတ်လေးထားလိုက်ပါ။ သင့်အတွက် ပေါ့ပါးသွားပါလိမ့်မယ်။
၂) ပြုံးပြပါ။
ပြုံးခြင်းမှာ အစွမ်းရှိတာကို သင်သိပါသလား။ သင့်ကို မနာလိုတဲ့နောက်တော့ သူတို့က သင့်ကိုအပူမျိုးစုံနဲ့ လောင်ကျွမ်းအောင် လုပ်ပြီး သင်နာကျင်တာကို သူတို့ကမြင်ချင်နေတာပါ။ အဲဒီလိုအခြေအနေမျိုးမှာ အဓိပ္ပါယ်ရှိရှိကို အလှဆုံးပြုံးပြလိုက်ပါ။ အဲဒါက သူတို့အတွက် ပူလောင်ခြင်းပါပဲ။ သင့်အတွက်တော့ ပျော်ရွှင်ခြင်းပဲပေါ့။ ပြုံးလိုက်တဲ့အခါ ဘာပဲပြောပြော သင့်စိတ်ထဲမှာတော့ ကြည်လင်သွားစေတာပဲလေ။ သင့်စိတ်ကြည်လင်ခြင်းက သင့်အတွက် ကောင်းကျိုးရစေပါတယ်။
၃) လွှတ်ထားလိုက်ပါ။
သင့်ကို မဟုတ်တမ်းတရားတွေ ပြောမယ်၊ သင့်ပျက်စီးရာပျက်စီးကြောင်းတွေ လုပ်မယ်၊ သင့်ကိုအမျိုးမျိုးတိုက်ခိုက်မယ်။ ကြိုက်တာလုပ်ပါစေ။ သူ့အရှိန်နဲ့သူ လွှတ်ထားလိုက်ပါ။ အရှိန်ကုန်ရင် ရပ်သွားပါလိမ့်မယ်။ သူကတိုက်ခိုက်လေ…..သင်က တုံ့ပြန်လေဆိုရင် သူမှာပိုပြီးတောင် သင့်ကို တိုက်ခိုက်လို့ ပိုကောင်းလာပါအုံးမယ်။ တိုက်ပွဲဆိုတာ အပြန်အလှန်တိုက်လေ ပြင်းထန်လေမဟုတ်လား။ သူတို့ဘယ်လောက်တိုက်ခိုက်ပါစေ….သင့်အတွက် အေးဆေးပဲဆိုတဲ့ပုံစံက သူတို့လိုချင်တဲ့ပုံစံမဟုတ်ပါဘူး။ သူတို့က သင့်မှာ ဂယောက်ဂယက်တွေဖြစ်၊ စိတ်တွေရှုပ်၊ လုပ်နေကျအလုပ်တွေပျက် စသဖြင့် သင့်ကိုတနည်းနည်းနဲ့ထိခိုက်စေလိုတာလေ။ အဲဒါကြောင့် ဘာမှမဖြစ်သလိုနေပါ။ တကယ်လည်း မခံစားပါနဲ့။ ပြောချင်ရာပြော၊ လုပ်ချင်ရာလုပ်၊ အချိန်တန် လေထဲလွှင့်သွားတဲ့မြူမှုန်လိုဖြစ်မှာပါ။ သင်က တုံ့ပြန်စရာမလိုအောင် သူတို့ရဲ့မနာလိုတဲ့စိတ်ပုတ်စိတ်ကပဲ သူတို့ကို ပြန်တုံ့ပြန်သွားပါလိမ့်မယ်။ အဲဒါကြောင့် လွှတ်သာထားလိုက်ပါ။
၄) သူတို့ကြောင့် ကိုယ့်အနေအထားမပျက်ပါစေနဲ့။
အတင်းတွေ အဖျင်းတွေကြောင့် စိတ်ညစ်မယ်၊ စိတ်ရှုပ်မယ်၊ အလုပ်အကိုင်ပျက်မယ်၊ လူကြားထဲမသွားရဲမလာရဲဖြစ်မယ် ဆိုရင် သင်ရှုံးသွားမှာပေါ့။ သူတို့က အဲဒီ့အခြေအနေကို စောင့်နေတာမဟုတ်လား။ အဲဒီ့တော့ သင်မဟုတ်တဲ့ကိစ္စအတွက် ဘာမှခံစားပြီး ဘာမှ ဖြစ်နေစရာမလိုပါဘူး။ စိတ်ပုတ်တဲ့သူတွေ လုပ်နေကျ သမရိုးကျအလုပ်လို့သာ သတ်မှတ်ထားပါ။ သူတို့ကြောင့် ကိုယ့်အနေအထားမပျက်ပြပါနဲ့။ စားမြဲ၊ သွားမြဲ၊ ဗိုလ်နေမြဲကျားနေမြဲ နေပါ။ အလုပ်ခွင်မှာဆိုလည်း အလုပ်ခွင်အလျောက်ပေါ့။ ကိုယ်လုပ်သင့်တာကို လုပ်နေပါ။
၅) ပိုပြီး ကြိုးစားပါ။
မနာလိုစိတ်ပုတ်ရှိသူကို အာရုံထဲမထည့်ထားပါနဲ့။ အရမ်းအာရုံနောက်ရပါလိ့မ်မယ်။ အဲဒီ့တော့ ကိုယ့်ဘဝတိုးတက်မယ့်ကိစ္စတွေ အထူးသဖြင့် ထပ်တက်ရမယ့်သင်တန်းတွေ၊ ဘာသာစကားတွေ၊ အလုပ်ရာထူးနေရာမြင့်ဖို့တွေ၊ ကိုယ်ဝါသနာပါရာတွေ အဲလိုကိစ္စမျိုးမှာသာ ပိုပြီးတိုးတက်ဖို့ အာရုံစိုက်လိုက်ပါ။ အဲလိုအာရုံပြောင်းတာက သင့်အတွက် ပိုပြီး အာရုံနောက်သက်သာပါတယ်။ ပြီးတော့ ပိုပြီးလည်း တိုးတက်လာပါလိ့မ်မယ်။ စိတ်လည်း တည်ငြိမ်လာပြီး အာရုံစူးစိုက်မှုတောင် ပိုကောင်းလာပါအုံးမယ်။ သင့်ကိုထိုင်မျှော်ကြည့်ပြီး သင်ပျက်စီးဖို့ ထိုင်ကြိုးစားနေရင်း အချိန်ကုန်နေတဲ့သူတို့ဘ၀ အင်မတန်သနားစရာကောင်းပါတယ်။ သင်တိုးတက်လာတဲ့အချိန်မှာ သူတို့ကတော့ သင့်အပေါ်ထားတဲ့စိတ်ပုတ်တွေနဲ့သာ လောင်ကျွမ်းသထက်လောင်ကျွမ်းပြီး အချိန်ကုန်၊ တန်ဖိုးမရှိ၊ မတိုးတက်ဖြစ်ရမှာပါ။ အဲဒါကြောင့် ကိုယ်က သူတို့ထက် ပိုတန်ဖိုးရှိအောင် နေပါ။ အချိန်ကို တန်ဖိုးရှိအောင် အသုံးချလိုက်ပါနော်။
ကဲ…..အခုလောက်ဆိုရင် စိတ်ပုတ်တဲ့သူတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးလက်နက်တွေ ရပြီထင်ပါတယ်။ အားလုံးပဲ အောင်မြင်အောင် ကျော်လွှားနိုင်ကြပါစေ။
#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။