စိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့နည်းလမ်း ၁၀ခု

ကျန်းမာရေးလို့ ပြောတဲ့အခါ ကိုယ်ကျန်းမာရေးတင်ပြောလို့မရပါဘူး။ စိတ်ကျန်းမာရေးပါ ထည့်ပြောမှ ပြည့်စုံမှာဖြစ်ပါတယ်။ စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးကြား ညီမျှမှုရှိနေမှာသာ ထိုလူက ကျန်းမာနေတယ်လို့ ဆိုနိုင်တာဖြစ်ပါတယ်။ နှစ်ခုစလုံးမျှတအောင် ဂရုမစိုက်နိုင်တဲ့အခါ ထိုလူက ဘယ်အရာကိုမှအောင်မြင်အောင်လုပ်ဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာသန်စွမ်းနေတယ်လို့ထင်ရပေမယ့် စိတ်ကျန်းမာရေးမကောင်းတဲ့အခါ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါတဖြေးဖြေးထိခိုက်လာနိုင်တာပါပဲ။ ကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ လွှမ်းမိုးမှုရှိနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းစေဖို့ အခြေခံအချက်ကတော့ အရာအားလုံးကို အကောင်းဘက်က မြင်ပေးတတ်တဲ့စိတ်ပဲဖြစ်ပါတယ်။ ထိုအကောင်းမြင်တတ်တဲ့စိတ်က စိတ်ချမ်းသာစေပြီး အဆိုးမြင်တတ်တဲ့စိတ်ကတော့ သင့်ကို စိတ်ဓာတ်ကျအောင်ဆွဲချနိုင်ပါတယ်။ အဲဒီ့အခါမှာတော့ သင့်စိတ်ညစ်၊ စိတ်ဓာတ်ကျနဲ့ စိတ်ကျန်းမာရေးမကောင်းနိုင်တော့ပါဘူး။ အဲဒီလိုမဖြစ်ရစေဖို့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့လျစ်လျူမရှုထားသင့်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အရာတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) သင့်ရဲ့ဂုဏ်သတင်းကို ဂရုပြုပါ။
အဲဒီ့အချက်ကို တော်တော်များများက သတိမပြုမိတတ်ကြပါဘူး။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဂုဏ်သတင်းကောင်းခြင်း၊ ဆိုးခြင်းက ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ကိုယ့်ကိုကိုယ်စည်းကမ်းသတ်မှတ်ထားပြီး ထိုစည်းကမ်းတွေကို မသွေမတိမ်းလိုက်နာနိုင်တဲ့အခါ ကိုယ့်ကိုကိုယ်ပိုပြီး လေးစားနိုင်ပါတယ်။ ဥပမာ။ ကိုယ်ကျင့်တရားဘယ်တော့မှမဖောက်ဖျက်ဘူးလို့ သတ်မှတ်ထားတယ်။ တကယ်လည်း ကိုယ့်ရဲ့ကိုယ်ကျင့်တရားပျက်ပြားမယ့်အလုပ်မျိုးမလုပ်ဘူးဆိုရင် သင့်ရဲ့ဂုဏ်သတင်းက သင့်ပတ်ဝန်းကျင်မှာ အကောင်းချည်းဖြစ်နေမှာပါပဲ။ နောက်ဆုံး တစုံတယောက်က သင့်ကိုတိုက်ခိုက်လာရင်တောင် သင့်ကိုသင်လိပ်ပြာလုံစွာ ပြန်ပြီးချေပနိုင်ပါတယ်။ သင့်စိတ်ထဲမှာ ဘာအတွက်ကြောင့်မှ ကြောက်လန့်တကြီး ဖြစ်နေစရာမလိုပါဘူး။ သင့်ကိုသင်လေးစားတဲ့စိတ်၊ ယုံကြည်မှုခိုင်မြဲတဲ့စိတ်က သင့်ကိုရဲဝင့်နေစေပါတယ်။ အဲဒါက သင့်ရဲ့စိတ်ကျန်းမာရေးကို တည်ငြိမ်စေတာပါပဲ။

၂) သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကို ပြင်ဆင်ပါ။
ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာက ပတ်သက်နေပါတယ်။ အဲဒါကြောင့် သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာကို သပ်ရပ်သန့်ရှင်းနေအောင်၊ မွှေးပျံ့လန်းဆန်းနေအောင် ပြင်ဆင်ဖို့ ဂရုပြုသင့်ပါတယ်။ အလွန်အကျွံ့အလှပြင်ပြီး လိုအပ်တာထက် အလှပြင်နေတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ အိုဗာအလှပြင်နေတဲ့လူကိုလည်း လူမလေးစားသလို၊ ညစ်ပတ်စုတ်ပြတ်နံစော်နေတဲ့လူမျိုးကိုလည်း လူတွေက အဖက်မလုပ်တတ်ကြပါဘူး။ အဲဒါကြောင့် ကိုယ့်ဝင်ငွေနဲ့ ကိုယ် သင့်တော်သလို လူမြင်ကောင်းအောင်၊ လူလေးစားအောင်တော့ ဝတ်ဆင်ခြယ်သပြင်ဆင်ပါ။ သပ်ရပ်သန့်ရှင်းပြီး တည်ကြည်အောင် နေထိုင်ပါ။ သင့်ကိုသင် လှပကော့ရှင်းနေတယ်လို့ ထင်မြင်နေခြင်းက သင့်ကိုသင်ယုံကြည်မှုတိုးစေပါတယ်။ သင့်ကိုသင်ယုံကြည်မှုရှိခြင်းက သင့်စိတ်ကျန်းမာရေးကောင်းမွန်စေပါတယ်။ အဲဒါကြောင့် ရုပ်ပိုင်းဆိုင်ရာအပြင်အဆင်ကိုလည်း ဂရုစိုက်သင့်ပါတယ်။

၃) အပေါင်းသင်းကောင်းတွေနဲ့သာဆက်ဆံပါ။
လူ့ဘဝမှာ လူပေါင်းစုံကို ပေါင်းသင်းပတ်သက်ရမှာပါ။ ကိုယ့်ရဲ့စိတ်ကျန်းမာရေးကောင်းမွန်စေဖို့က ကိုယ့်ပတ်ဝန်းကျင်ကလူတွေနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ်ဘာလုပ်လုပ် မောင်နှမလို့ချစ်ခင်ကြင်နာတဲ့အပေါင်းအသင်းမျိုးတွေနဲ့ဆို သင်စိတ်ချမ်းသာစေတာပေါ့။ မောင်နှမဖြစ်နေပေမယ့် သူစိမ်းထက်တောင် သင့်ကို အပြစ်တင်အပုပ်ချနေမယ်ဆိုရင် သင်စိတ်မဆင်းရဲရဘူးလား။ အဲဒီလို သင့်အပေါ်မကောင်းတဲ့ပတ်ဝန်းကျင်မျိုးကနေ စွန့်ခွာပါ။ ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ။ သင့်အပေါ် သွေးမတော်သားမစပ်ပေမယ့် တကယ်ကောင်းမွြန်ပီး အပြန်အလှန်စေတနာထား၊ ဂရုစိုက်တဲ့အပေါင်းအသင်းတွေနဲ့ သင့်ကိုယ်သင်ဝန်းရံခြင်းကလည်း စိတ်ကျန်းမာစေတဲ့အချက်ပါပဲ။

၄) ပေးတတ်ပါစေ။
ပေးတဲ့သူနဲ့ယူတဲ့သူမှာ ပေးတဲ့သူက ပိုပြီးပျော်ရပါတယ်လို့ ဖတ်ဖူးပါတယ်။ ကိုယ့်မှာ ပိုလျှံနေတာလေးတွေ၊ ရှိထားတာလေးတွေကို လိုအပ်နေတဲ့သူတွေကို မျှဝေပေးခြင်းက သင့်စိတ်ပျော်ရွှင်စေပါတယ်။ တကယ်လိုအပ်နေတဲ့လူတွေကို မျှဝေနိုင်တဲ့အခါ ရလာတဲ့ပီတိက ဘာနဲ့မှမတူပါဘူး။ ပရဟိတလုပ်ခြင်းကလည်း အလားတူပါပဲ။ တခုရှိတာက ကိုယ့်မှာပိုလျှံနေလို့ဆိုပြီး ပေးကမ်းတဲ့အခါ တဖက်လူအသုံးတည့်မယ့်အပြင် ကောင်းမွန်တဲ့အရာမျိုးတွေဖြစ်သင့်ပါတယ်။ ကိုယ်မသုံးတော့တဲ့ ပစ္စည်းအဟောင်းတွေ၊ အပျက်အယွင်းတွေကို ကိုယ့်အိမ်မှာရှုပ်နေလို့ ပေးပစ်လိုက်တာမျိုးကတော့ သင့်ကိုစိတ်ပျော်စေမှာမဟုတ်ပါဘူး။ သင်ကိုယ်တိုင်တောင် သူများကိုပေးလိုက်တဲ့ရည်ရွယ်ချက်က “သူတို့ကောင်းမွန်စွာအသုံးတည့်ပါစေ”ဆိုတဲ့ စေတနာစိတ်မဟုတ်ဘဲ “သင့်အိမ်မှာ အမှိုက်ရှင်းပါစေ” ဆိုတဲ့ စိတ်ဖြစ်နေတာကိုး။ အဲဒါကြောင့် ပေးကမ်းတဲ့အခါ စေတနာစိတ်နဲ့ပေးကမ်းတတ်ဖို့လိုပါတယ်။ အဲဒီ့စိတ်က သင့်ကို ပျော်ရွှင်စေပြီး စိတ်ကျန်းမာရေးကိုအထောက်အကူဖြစ်ပါတယ်။

၅) စိတ်ဖိစီးမှုတွေကို စီမံပါ။
မပြည့်စုံမှု၊ မလုံလောက်မှုတွေက စိတ်ဖိစီးမှုတွေဖြစ်လာစေပါတယ်။ စိတ်ဖိစီးမှုတွေများလာတဲ့အခါ သင့်စိတ်ကော ကိုယ်ကော မကျန်းမာနိုင်တော့ပါဘူး။ အဲဒါကြောင့် စိတ်ဖိစီးမှုကို မလိုအပ်ပဲ အဖြစ်မခံပါနဲ့။ ကိုယ်စိတ်ဖိစီးသင့်တဲ့ကိစ္စလား၊ ခုလက်ရှိဖြစ်နေပြီလား ဒါမှမဟုတ်မဖြစ်နိုင်သေးတာကို တွေးပူနေတာလား ဘယ်လိုဖြေရှင်းမလဲ စသဖြင့် ကိုယ့်စိတ်ကို ကိုယ်ပြန်ဆန်းစစ်သင့်ပါတယ်။ ပူသင့်တာကိုပဲပူပါ။ အမြဲတစေ အားလုံးအတွက်လိုက်ပူပန်နေရင် ပူပန်လို့တောင် ပြီးတော့မှာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုလျော့ကျစေတဲ့နည်းလမ်းလေးတွေကို လိုက်နာကြည့်ပြီးဖြေဖျောက်ပါ။

၆) စိတ်ကို အနားပေးပါ။
ဦးနှောက်က စက်တစ်လုံးလိုပါပဲ။ သင့်အတွေးတွေများလေ ဦးနှောက် ပိုပြီးဖိစီးလေ အလုပ်များလေပါ။ အဲဒါကြောင့်တခါတလေ ပူပန်စရာတွေကို ဘာမှမတွေးဘဲ စိတ်တည်ငြိမ်အောင် ကြိုးစားသင့်ပါတယ်။ အသက်ရှုလေ့ကျင့်ခန်း၊ တရားထိုင်၊ ယောဂစတာတွေနဲ့ လေ့ကျင့်သင့်ပါတယ်။

၇) သင့်အလုပ်တွေကို ပြန်ဆန်းစစ်ပါ။
စိတ်ဖိစီးမှုများရတဲ့အကြောင်းရင်းထဲမှာ အလုပ်တွေပုံနေခြင်းကလည်း တခုအပါအဝင်ပါပဲ။ လေ့လာချက်အရ အလုပ်နည်းတဲ့အခြေအနေတွေက စိတ်ဖိစီးမှုနည်းစေပြီး အလုပ်များခြင်းက စိတ်ဓာတ်ကျခြင်းကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ အဲဒါကြောင့်သင့်ရဲ့လက်ရှိအလုပ်အခြေအနေကို မျှတအောင်လုပ်သင့်ပါတယ်။ ကျန်းမာရေးနဲ့မညီညွှတ်တဲ့အထိဖြစ်စေတာမျိုးစိတ်ဖိစီးရတယ်ဆိုရင်တော့ သင့်ကျန်းမာရေးကိုသာ အလေးထားသင့်ပါတယ်။

၈) အရက်နဲ့ဆေးဝါးသုံးစွဲခြင်းကိုရှောင်ပါ။
အရက်နဲ့ဆေးဝါးတွေက သင့်ရဲ့စိတ်ဖိစီးမှုတွေကို ယာယီပဲ ပြေပျောက်စေပါတယ်။ သုံးစွဲနေတုန်းအချိန်ခဏပဲ ပြေပျောက်တယ်ထင်ရတာပါ။ ဒါပေမယ့် စွဲလမ်းသွားတဲ့အခါပိုပြီး ရှုပ်ထွေးတဲ့အခြေအနေမျိုးဖြစ်လာစေပါတယ်။ အဲဒါကြောင့် အရက်နဲ့ဆေးဝါးကိုစွဲလမ်းနေတယ်ဆိုရင် ဖြတ်ဖို့ကြိုးစားသင့်ပါတယ်။ အဲဒီ့အရာတွေက သင့်ရဲ့စိတ်ဖိစီးမှုကို ပိုပြီးဆိုးဝါးလာစေနိုင်ပါတယ်။

၉) ကိုယ့်ကိုကိုယ်အနားပေးတဲ့အချိန်သတ်မှတ်ထားပါ။
သင့်ကိုသင် ဘာဖိစီးမှုမျိုးကိုမှ မတွေးဘဲ အနားပေးတဲ့အချိန်မျိုး ပုံမှန်လို အချိန်သတ်မှတ်ထားသင့်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာအရ တင်းကြပ်မှုအားလုံးကိုဖြေလျော့ဖို့အချိန်ပေးလိုက်ခြင်းက သင့်ရဲ့စိတ်ကိုလည်း ပြန်ပြီး လန်းဆန်းတက်ကြွလာစေနိုင်ပါတယ်။

၁၀) အကူအညီလိုအပ်ရင်တောင်းသင့်ပါတယ်။
ကိုယ့်ကို အထောက်အကူဖြစ်စေတဲ့စာအုပ်မျိုးဖတ်ပါ။ ကိုယ့်ကို အကြံကောင်းပေးနိုင်တဲ့လူတွေဆီမှာ မေးမြန်းပါ။ သင့်ရဲ့စိတ်အခြေအနေကို သင်ကိုယ်တိုင်နားလည်ဖို့လိုအပ်ပါတယ်။ ကိုယ့်ထက်တတ်ကျွမ်းတဲ့လူတွေကိုလည်း မေးမြန်းအကူအညီတောင်းသင့်ပါတယ်။
https://themindsjournal.com/enhance-mental-health/ လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။