စိတ်ဓာတ်ကြံ့ခိုင်လာစေဖို့ နည်းလမ်း ၅ချက်

သင့်ရဲ့ပန်းတိုင်ကဘာဖြစ်ဖြစ် အဲဒီ့ပန်းတိုင်ကိုရောက်အောင်သွားဖို့ စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါတယ်။ လူတော်တော်များများက ရည်မှန်းချက်အကြီးကြီးတွေချမှတ်ပြီး သူတို့တို့ဘဝကိုပြောင်းလဲပစ်ချင်ကြပါတယ်။ ဒါပေမယ့် ထိုရည်မှန်းချက်ကိုအောင်မြင်နိုင်ဖို့ ကြုံလာတဲ့အခက်အခဲတွေကိုမကျော်လွှားနိုင်၊ ကြံ့ကြံ့မခံနိုင်တဲ့အခါမှာ သူတို့ကျရှုံးသွားကြပါတယ်။ အဲဒါကြောင့် ကိုယ့်ရဲ့ရည်မှန်းချက်က ဘာဖြစ်ဖြစ် ထိုရည်မှန်းချက်ကိုရအောင်ယူနိုင်ဖို့ စိတ်ဓာတ်ကြံ့ခိုင်ဖို့က အဓိကအခြေခံပါပဲ။ အဲဒီ့အတွက် သင့်ဘဝမှာ ဘယ်လိုအကြောင်းအရာကိစ္စမျိုးပဲဖြစ်လာပါစေ ရင်ဆိုင်နိုင်ဖို့က သင့်စိတ်ဓာတ်ကြံ့ခိုင်ဖို့ပါပဲ။ စိတ်ဓာတ်ကြံ့ခိုင်ဖို့အတွက် သင်လုပ်နိုင်တဲ့အချက်တွေရှိပါတယ်။


၁) သင့်ခံစားချက်တွေကို နားလည်ဖို့ကြိုးစားပါ။
သင့်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခံစားစေတဲ့ခံစားချက်တွေကို သင်မှတ်ထားပါ။ သင်ဝမ်းနည်းနေတယ်ဆိုပါစို့….ဘာကြောင့်ဝမ်းနည်းတာလဲ၊ စိုးရိမ်နေတယ်ဆိုရင်….ဘာကြောင့်စိုးရိမ်တာလဲ၊ ဒေါသထွက်တယ်ဆိုရင် ဘာကြောင့် ဒေါသထွက်တာလဲ၊ ကြောက်လန့်နေတယ်ဆိုရင် ဘာကြောင့်ကြောက်လန့်တာလဲ စသဖြင့် သင့်ခံစားချက်အသီးသီးကို သင်ဆန်းစစ်နိုင်ဖို့လိုပါတယ်။ ခံစားချက်တစ်ခုကို စတင်ခံစားရတဲ့အခါ ထိုခံစားချက်ထဲမှာပဲ မြောပါမနေဘဲ ဘာကြောင့် ဒီခံစားချက်ဖြစ်လာတာလဲဆိုတဲ့အကြောင်းရင်းကို သိအောင်လုပ်ရမှာဖြစ်ပါတယ်။ ဥပမာ။ သင်က ဒေါသတကြီးဖြစ်နေမိတယ်ဆိုပါတော့…..ဘာကြောင့်ဒေါသကြီးနေတာလဲဆန်းစစ်တဲ့အခါ အလုပ်တွေမပြီးလေ….စိတ်တိုလေ…သင့်ကိုနှောက်ယှက်တဲ့လူကို ဒေါသထွက်လေဖြစ်နေရင် သင့်ဒေါသထွက်ရတဲ့အကြောင်းရင်းကို သင်ဆန်းစစ်နိုင်သွားပါပြီ။ အဲဒါဆို သင့်စိတ်ကိုဒေါသဖြစ်စေမယ့်အကြောင်းအရာကို သတိထားလိုက်ပါ။ သင့်ပတ်ဝန်းကျင်ကလူတွေကိုဒေါသမထွက်မိအောင် ကြိုတင်ပြောထားလိုက်ပါ။ ဒီနေ့တော့ အလုပ်တွေများနေကြောင်း…..ဘယ်သူ့ကိုမှ အချိန်မပေးနိုင်တာမို့ ကြိုတင်ပြောထားတာဖြစ်ကြောင်း စသဖြင့်ပေါ့။ အဲဒီလို စိတ်ခံစားချက်ဖြစ်စေတဲ့ အကြောင်းရင်းကိုသိတဲ့နောက် ကိုယ့်ကိုယ်ကိုယ်သတိထားလိုက်ပါ။ ခံစားချက်ကိုသိလေလေ သင့်ကိုအနှောက်အယှက်ဖြစ်တဲ့ကိစ္စတွေကိုရှောင်နိုင်လေလေဖြစ်ပါတယ်။

၂)ဆိုးတဲ့ခံစားချက်ကို ကောင်းတဲ့ခံစားချက်တွေနဲ့အစားထိုးလိုက်ပါ။
သင့်ခံစားချက်ကိုသိသွားပြီဆိုတဲ့အခါ သင့်ခံစားချက်ကို သင်ထိန်းဖို့အခွင့်အရေးပိုရှိသွားပါပြီ။ ဒီကိစ္စဖြစ်လာရင်တော့ ငါဒေါသထွက်လာတော့မယ် ဒါမှမဟုတ် ဒီကိစ္စဖြစ်လာရင်တော့ ငါဝမ်းနည်းတော့မယ်၊ ငါစိတ်ညစ်တော့မယ် စသဖြင့်ပေါ့။ သင့်ကိုယ်သင်ကြိုတင်ခန့်မှန်းနိုင်လာပါပြီ။ အဲဒီလိုကြိုတင်ခန့်မှန်းနိုင်တဲ့အခါ သင့်ကိုသင် စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားလို့ရနိုင်ပါတယ်။ ဒေါသထွက်မယ်ဆိုရင် ဒေါသကိုပြေစေတဲ့သင့်အကျင့်ကဘာလဲ…တွေးပါ။ စိတ်ညစ်တယ်ဆိုရင် စိတ်ညစ်ခြင်းကိုမေ့ပျောက်သွားစေတဲ့သင့်အကျင့်ကဘာလဲ…..တွေးပါ(ဒီနေရာမှာ အရက်သောက်လိုက်လို့ အားလုံးမေ့သွားတယ်လို့၊ မူးယစ်ဆေးဝါးတစ်ခုခုသုံးလိုက်ရင် အားလုံးမေ့သွားတယ်တို့ဆိုတဲ့ အပျက်သဘောလမ်းလွဲတဲ့နည်းလမ်းတွေကို ဆိုလိုတာမဟုတ်ပါဘူးနော်) စိတ်ညစ်နေတဲ့အချိန် ရုပ်ရှင်ကားကောင်းကောင်းကြည့်လိုက်ရင် ရုပ်ရှင်ကားထဲသင့်စိတ်တွေအားလုံးမြောပါသွားတတ်သလား၊ ဒါမှမဟုတ် ရှော့ပင်းစင်တာထဲ လျှောက်ပတ်ကြည့်ပြီး စားချင်တာစားလိုက်တာက သင့်ကိုမေ့ပျောက်စေသလား။ ဒါမှမဟုတ် သီချင်းအကျယ်ကြီးနားထောင်ပြီး အခန်းတံခါးပိတ် သီချင်းအော်ဆိုလိုက်တာက သင့်ကိုသက်သာစေတာလား ဒါမှမဟုတ် ရှိသမျှ အိမ်အလုပ်တွေ(အဝတ်လျှော်၊ ကြမ်းတိုက်၊ သန့်ရှင်းရေး)အကုန်လုပ်ပစ်လိုက်တာက သင့်ကိုမေ့သွားစေတာလား စသဖြင့်အပြုသဘောနည်းလမ်းကိုပြောချင်တာပါနော်။ သင့်ရဲ့ဆိုးဝါးနေတဲ့ခံစားချက်ကို လမ်းကြောင်းပြောင်းသွားစေနိုင်တဲ့အပြုသဘောဆောင်တဲ့နည်းလမ်းကို သင်သိအောင်လုပ်ပါ။ သင့်ကိုယ်သင်ပဲသိတာဖြစ်ပါတယ်။ သတိထားရမှာက အပျက်သဘောနည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ်လုံးဝမကုစားမိပါစေနဲ့။ အဲဒါက သင့်ခံစားချက်ကို ခဏသာသက်သာစေပြီး နှစ်ဆဆိုးဝါးစေပါတယ်နော်။ လေ့လာချက်တွေအရတော့ စိတ်ညစ်နေချိန်မှာ အာရုံပြောင်းဖို့ အသက်ပြင်းပြင်းရှုလိုက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်လိုက်တာမျိုး၊ တရားထိုင်တာမျိုး၊ စာဖတ်လိုက်တာမျိုး၊ ပန်းချီဆွဲလိုက်တာမျိုး ၊ သဘာဝနဲ့ထိတွေ့စေတာမျိုးတွေက စိတ်ခံစားချက်ကိုပြောင်းလဲစေပါတယ်။ ထိုနည်းလမ်းတွေနဲ့ သင့်ကိုသင်ကုစားကြည့်ပါ။ သင့်နဲ့အဆင်ပြေသွားတဲ့နည်းလမ်းကိုမှတ်ထားပါ။

၃) သင့်အတွေးတွေကို သတိထားပါ။
သင်တွေးနေတဲ့အတွေးပေါ်မူတည်ပြီး သင့်ခံစားချက်ပြောင်းလဲနေပါတယ်။ ဟုတ်မဟုတ် သင့်ကိုယ်သင်ဆန်းစစ်ကြည့်ပါ။ ဥပမာ။ ငါမလုပ်နိုင်ဘူး….လို့တွေးရင် သင့်ကိုယ်သင်တကယ်မလုပ်နိုင်ဘူးလို့ထင်သွားမှာပါပဲ။ ဘတ်စ်ကားစီးရင်း ကားကြပ်လို့ “စိတ်ညစ်လိုက်တာ….ကားကလည်းကြပ်လိုက်တာ” လို့တွေးရင်လည်း သင်ပဲစိတ်ညစ်သွားမိမှာပါ။ ကားကြပ်နေတုန်း ဖုန်းလေးထုတ်ပြီး ဖုန်းထဲက စာလေးတစ်ပုဒ်လောက်ဖတ်လိုက်မယ်ဆိုရင် ကားကြပ်နေတာလဲမသိတော့ပါဘူး၊ အချိန်အကြာကြီးမတ်တပ်ရပ်နေရလို့ ညောင်းတာလဲမေ့သွားပါလိမ့်မယ်။ အဲဒါကြောင့် သင်က စိတ်ညစ်စရာအတွေးမျိုး၊ စိတ်ဓာတ်ကျစရာအတွေးမျိုးတွေးနေမိရင် သင့်အတွေးကို အကောင်းဘက်ကပြန်ပြောင်းလိုက်ပါ။ “သင်မလုပ်နိုင်ဘူး” လို့တွေးမယ့်အစား “ငါဘာလို့မလုပ်နိုင်ရမှာလဲ….ငါလုပ်နိုင်သလောက်လုပ်ကြည့်မယ်” လို့တွေးကြည့်ပါ။ “စိတ်ညစ်လိုက်တာ….” ဆိုတဲ့အစား “စိတ်ညစ်ပေမယ့် ပျော်စရာရအောင်ရှာကြည့်မယ်” လို့တွေးကြည့်ပါ။ သင့်ကိုသင်ပြောတဲ့စကားကို အကောင်းဘက်ကပြောင်းလိုက်ရုံနဲ့သင့်အတွေးလည်းပြောင်းသွားပါတယ်။

၄) အကောင်းဘက်ကပြုမူပါ။
သင့်ရဲ့ဦးနှောက်ကို လေ့ကျင့်ပေးဖို့က သင့်ရဲ့အပြုအမူတွေကို အကောင်းဘက်ကပြုမူခြင်းပါပဲ။ ခက်ခဲပေမယ့် သတိလေးထားပြီး ပြောင်းလဲကြည့်ပါ။ သင်မလုပ်နိုင်ဘူးလို့ထင်တာကို လုပ်နိုင်အောင်လုပ်ကြည့်ပါ။ “ဒီစိတ်ညစ်နေတာကိုငါဘာကြောင့်အနိုင်မယူနိုင်ရမှာလဲ” လို့တွေးပြီးသင့်ကိုသင်စိန်ခေါ်ကြည့်ပါ။ နေ့တိုင်း လမ်းလျှောက်ထွက်တာ၊ အိပ်ရေး၀၀အိပ်တာ၊ အာဟာရပြည့်ဝအောင်စားတာမျိုးတွေကိုလည်း အလေ့အကျင့်ဖြစ်အောင် သတိလေးထားပြီးလုပ်ကြည့်ပါ။ သင့်စိတ်ခံစားကို ပိုပြီးကောင်းမွန်စေတဲ့ပတ်ဝန်းကျင်မျိုး ဒါမှမဟုတ် သင့်ကိုစိတ်ဓာတ်တက်ကြွစေတဲ့အပေါင်းအသင်းမျိုးကိုသာ ရွေးချယ်ပေါင်းသင်းပါ။ သူတို့ဆီက စကားတွေကို နားထောင်ပါ။ စိတ်ညစ်စရာတွေကို အခါခါပြန်တွေးတာမျိုးမလုပ်ပါနဲ့။ စိတ်ဓာတ်ကျစရာ၊ စိတ်သောကရောက်စရာ၊ စိတ်ညစ်စရာတွေတွေးမိတာနဲ့ ချက်ချင်း “ဟင့်အင်း…မတွေးဘူး….ဒါတွေကို ငါရအောင် ဖြတ်ကျော်မယ်” လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။

၅) စိတ်ညစ်လာတဲ့အခါ ဖြစ်တတ်တဲ့သင့်ရဲ့အကျင့်ဆိုးတွေကို သတိပြုပါ။
စိတ်ညစ်လာတဲ့အခါ ငိုမယ်၊ ငိုင်နေမယ်၊ ဘာမှမလုပ်ချင်တော့ဘူး၊ အစားမစားဘူးစတဲ့ မကောင်းတဲ့အပြုအမူတွေ လုပ်ပါတော့မယ်။ အဲဒီလို စိတ်ခံစားချက် စတင်ခံစားရတာနဲ့တပြိုင်တည်း နောက်ဆက်တွဲ စိတ်ညစ်လို့ဆိုပြီး မကောင်းတဲ့အပြုအမူတွေဆက်တိုက်လုပ်မိတော့မယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ “ငါလုံး၀ အစားမစားဘဲ မနေဘူး” “ ငါလုံး၀ မအိပ်ဘဲမနေဘူး” “ငါ့ကိုယ်ငါ အကောင်းဆုံးဖြစ်အောင်နေထိုင်မယ်။ ဒီမကောင်းတဲ့ခံစားချက်တွေကို ငါရအောင်ဖြတ်သန်းပြမယ်” “ဒီဟာလောက်နဲ့ ငါ့ဘဝကို ပြိုလဲအရှုံးမပေးနိုင်ဘူး…” အဲဒီလို ကိုယ့်ကိုယ်ကိုယ်စိန်ခေါ်လိုက်ပါ။ စိန်ခေါ်တဲ့အတိုင်း မရရအောင် ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် မပြတ် သတိပေးနေပါ။
အချိန်တော့ယူရပါမယ်။ ရုပ်ပိုင်းဆိုင်ရာအရ ပိုပြီးလည်းကျန်းမာနေဖို့လိုပါတယ်။ အဲဒါကြောင့် အမြဲတမ်း သင့်ကိုယ်သင် alarm လုပ်ပြီး သတိထားနေ၊ ဂရုစိုက်နေပါ။ အကျင့်လုပ်ပြီးပြုမူနေထိုင်ရင်း သင့်ရဲ့စိတ်ကိုအမြဲသတိလေးထားနေတတ်တဲ့အခါ သင့်စိတ်ခံစားချက်ကိုသင်နားလည်လာပြီး စိတ်ဓာတ်ခိုင်မာစေတာကိုလည်း သင်သိလာပါလိမ့်မယ်။ အဲဒီလို သင့်ရဲ့စိတ်ခံစားချက်ကောင်းခြင်း၊ ဆိုးခြင်းကိုသိလာတဲ့အခါ သင့်ကိုသင်ပိုပြီး ထိန်းချုပ်နိုင်လာပြီး သင့်ကိုသင်အမြဲသတိထားနိုင်လာပါလိမ့်မယ်။ အဲဒါက သင့်စိတ်ဓာတ်ခိုင်မာလာစေမယ့် အဓိက သော့ချက်ပဲဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။