စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းကို ဘယ်လိုလက်တွဲကူမလဲ။

အရမ်းကို ခေတ်မီတိုးတက်လာတဲ့ ဒီနေ့ခေတ်ကြီးမှာ အရာရာတိုးတက်ပြီး လိုချင်တပ်မက်စရာတွေများလာပါတယ်။ ပြိုင်ဆိုင်မှုတွေ၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးမှာ အားလုံးက တိုးတက်နေတာ ကောင်းပေမယ့် ဆိုးကျိုးတွေလည်း အများကြီး ဖြစ်လာပါတော့တယ်။ အဲဒီ့ထဲကမှ လူနေမှု၊ ပညာရေး၊ ငွေကြေး၊ စီးပွားရေးအစစမှာ အားလုံးတိုးတက်သလို ၊ လူတိုင်းက လိုက်မတိုးတက်နိုင်တဲ့အခါမှာ စိတ်ဓာတ်ကျဆင်းလာမှုတွေ၊ စိတ်ဖိစီးမှုတွေ၊ ပူပန်မှုများလာတွေ ဖြစ်လာပါတော့တယ်။ သူများဝတ်သလို ဝတ်ချင်တယ်၊ မဝတ်နိုင်တဲ့အခါ အားငယ်မှု၊ သူများ စားသလိုစားချင်တယ်၊ မစားနိုင်တဲ့အခါ စိတ်ဓာတ်ကျမှု၊ သူများ စီးပွားရေးအဆင်ပြေတယ်၊ ကိုယ်က အဆင်မပြေတဲ့အခါ ၊ လိုချင်မှုတွေကို မဖြည့်ဆည်းနိုင်တဲ့အခါ အလိုလို အပျက်ဘက်ကို ရောက်လာပါတော့တယ်။ အဓိကကတော့ လူတွေရဲ့စိတ်တွေပါပဲ။ တိုးတက်မှုနောက်ကို လိုက်နိုင်တဲ့သူက ပျော်နေပေမယ့် ဆိုးကျိုးတွေရှိသလို၊ တိုးတက်မှုနောက်ကို မလိုက်နိုင်ခြင်းကလည်း ဆိုးကျိုးတွေမျိုုးစုံကို ဖြစ်လာစေတော့တာပါပဲ။ အဲဒါကြောင့် ဒီနေ့ခေတ်မှာ စိတ်ဓတ်ကျခြင်းလို့ခေါ်တဲ့ depression ဆိုတာက ရောဂါတစ်မျိုးအဖြစ်တောင် နာမည်တပ်လာရတဲ့အထိပါပဲ။ သင့်ပတ်ဝန်းကျင်မှာလည်း ထိုကဲ့သို့ စိတ်ဓာတ်ကျနေတဲ့ပြဿနာကို ရင်ဆိုင်နေရတဲ့ သူငယ်ချင်းမျိုးတွေ့တဲ့အခါ အားပေးကူညီပေးဖို့ အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။


၁) ရင်ဖွင့်ဖို့ လမ်းကြောင်းပေးပါ။
ထိုကဲ့သို့ စိတ်ဓာတ်ကျတဲ့သူတော်တော်များများက သူတို့ကိုယ်သူတို့ ကမ္ဘာလောကကြီးမှာ တစ်ယောက်တည်းကဲ့သို့ ခံစားနေရတဲ့သူများပါတယ်။ ဘယ်သူကမှ သူတို့ကို နားမလည်ပေးနိုင်ဘူးဆိုတာမျိုးပေါ့။ အဲဒါကြောင့် သူငယ်ချင်းရဲ့အခြေအနေက စိတ်ဓာတ်ကျတဲ့ပုံစံမျိုးဖြစ်နေတာမျိုး မသင်္ကာဖြစ်နေရင် သူ့ကိုရင်ဖွင့်ဖို့ စကားတွေနဲ့လမ်းကြောင်းပေးပါ။ သူပွင့်လင်းစွာရင်ဖွင့်လာပါစေ။ ဘာတွေဖြစ်နေသလဲ……၊ ဘာတွေ ခံစားနေရသလဲ…….။ အကောင်းဆုံး ဖြေရှင်းမယ့်နည်းလမ်းကို ဝိုင်းကူစဉ်းစားပေးမယ့်အကြောင်းပြောပြပေးပါ။ လောကမှာ တစ်ယောက်ထဲမဟုတ်ဘဲ ကူညီဖြေရှင်းပေးနိုင်မယ့် သူငယ်ချင်းတွေရှိသေးလို့ ရင်ဖွင့်စေလိုကြောင်း ပြောပေးပါ။

၂) သေချာအာရုံစိုက် နားထောင်ပါ။
တကယ်လို့များ သူငယ်ချင်းက ရင်ဖွင့်လာခဲ့ရင် သေချာနားထောင်ပေးပါ။ အာရုံစိုက်ပါ။ ပြီးရင် ဘယ်နေရာမှာတော့ ဘယ်လိုခံစားလိုက်ရမှာပဲ….ကိုယ်ချင်းစာပါတယ်၊ ကိုယ်သာဆိုရင် ဘယ်လိုဖြစ်မှာပါ။ ဆိုပြီး ကိုယ်ချင်းစာကြောင်းပြောပြပေးပါ။

၃) နှစ်သိမ့်ဆွေးနွေးပေးပါ။
ဘယ်လိုထပ်ပြီးဖြစ်စေချင်တာလဲ….ဘာတွေ ဆက်ဖြစ်လာသေးလဲ….။ စသည်ဖြင့် ဆွေးနွေးပေးပါ။ သူကျေနပ်သွားလောက်တယ်လို့ ထင်ရတဲ့အထိပေါ့။ ဒီအခြေအနေပေါ်မှာ ဘယ်လိုဖြစ်စေချင်နေတာလဲ။ ဖွင့်ပြောခိုင်းပါ။ ဖြစ်သင့် မဖြစ်သင့် ငါတို့အတူဖြေရှင်းကြတာပေါ့…ဆိုတာမျိုး။ တစ်ယောက်တည်းခံစားနေစရာမလိုဘဲ ဖေးမကူညီမယ့်သူတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်း၊ အကူအညီတစ်ခုခုလိုတာနဲ့ အဆင်ပြေအောင် ဖေးမကြမယ်ဆိုတာမျိုးတွေနဲ့ သူ့ရဲ့ရင်ထဲက အခက်အခဲအကြောင်းကို ဆွေးနွေးဖို့လမ်းဖွင့်ပေးပါ။

၄) ကူညီနိုင်သလောက် ကူညီပါ။
သူငယ်ချင်းက တစ်ယောက်တည်းနေရတာမျိုးလား။ အဲဒါဆိုရင် အခြားသူတွေနဲ့ နီးစပ်မှုရှိရှိနေရအောင် ဖန်တီးပေးသင့်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျတတ်သူတော်တော်များများက ဘယ်သူကမှ သူနဲ့အနီးစပ်ဆုံးမရှိဘဲ တစ်ယောက်တည်းနေပါများလာပြီး တစ်ယောက်တည်းနေလေ၊ ပိုပြီး အတွေးများလေ၊ စိတ်ဓာတ်ကျလာလေလေဖြစ်တတ်ပါတယ်။ အများနဲ့အတူ နီးစပ်တဲ့အခါ အခြားသူများကိုပါ ပြောပြ အကူအညီတောင်းထားပါ။ ဖေးမပေးဖို့ ပြောထားပေးပါ။ အဲဒါမှ တခြားသူတွေနဲ့ ဝိုင်းကူလုပ်ဆောင်နိုင်တဲ့အလုပ်တွေလုပ်တာမျိုး၊ အဖွဲ့အစည်းနဲ့ စည်းလုံးစွာရှိနေတော့ စိတ်ဓာတ်ကျစရာတွေ တွေးဖို့အချိန်မရှိတော့ဘဲ ဖြစ်လာမှာပါ။ အားကစားအတူလုပ်ကြတာမျိုးလည်း လုပ်လို့ရသလို၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအတူလုပ်ကြတာမျိုး၊ ဂစ်တာတီးပြီး သီချင်းတွေ ဝိုင်းဖွဲ့အော်ဆိုကြတာမျိုး စသည်ဖြင့်ပေါ့။ အခြားသောနည်းလမ်းမျိုးနဲ့ ကူညီလို့ရတာရှိရင်လည်း ကူညီပေးပါ။

၅) စာဖတ်ခိုင်းပေးပါ။ ဒါမှမဟုတ် ဖတ်ထားတဲ့အကြောင်းအရာမျိုးတွေ ပြောပြပါ။
များသောအားဖြင့် သူငယ်ချင်းရဲ့ဖြစ်နေတဲ့ပြဿနာနဲ့ အလားတူဖြစ်ကြောင်း၊ ပြဿနာကို ဖြေရှင်းအနိုင်ယူပုံ စာအုပ်မျိုးကို ပေးဖတ်ပါ။ ဒါမှမဟုတ်ရင်လည်း သင်ဖတ်ပြီး သူငယ်ချင်းကိုပြောပြပေးပါ။
“ဒီစာအုပ်ထဲမှာ ဘယ်သူကတော့ မင်းထက်ဆိုးတဲ့အခြေအနေမျိုးကြုံရတယ်။ မင်းလိုပဲပေါ့။ ဒါပေမယ့်သူက မင်းထက်တောင်ပိုဆိုးသေးတယ်။ နောက်ဆုံးတော့ သူဘယ်လိုဖြစ်လာတယ်။ ဘယ်လိုကျော်လွှားခဲ့တယ်။” စသည်ဖြင့် တိုက်ရိုက်မဟုတ်တောင် သွယ်ဝှိုက်ပြီး ပြဿနာဖြေရှင်းနည်းကို ပြောပြပါ။
“အော်…..ငါ့လို အခြေအနေမျိုးမှာတောင် သူတို့က ကျော်လွှားသွားနိုင်သေးတာပဲ”
“ငါ့ထက်ဆိုးတဲ့အခြေအနေတွေပါလား……။ အဲဒါကို ငါက စိတ်ဓာတ်ကျနေမိတယ်။ ငါသာဆို….သူတို့နေရာမှာ ဘယ်လိုလုပ်မလဲ”
“ဒီပြဿနာလောက်လေးတော့ ငါဖြေရှင်းနိုင်ပါတယ်…..” စတဲ့အတွေးမျိုးတွေ ဝင်လာအောင် လုပ်ပေးပါ။ ထိုအတွေးမျိုး ပြန်ဝင်လာတာနဲ့ သူကြုံနေတဲ့ပြဿနာဆိုတာ အဖြေရှိကြောင်း သူသဘောပေါက်သွားမှာပါ။
အဲဒါကြောင့် အလားတူပြဿနာနဲ့ စာအုပ်မျိုးဖတ်ခိုင်းတာမျိုးလုပ်ပေးပါ။ စာဖတ်တဲ့အခါ စိတ်ငြိမ်သွားတော့ သူလည်း သူ့ပြသာနာကို အဖြေရှာနိုင်သွားတာပေါ့။

စိတ်ဓာတ်ကျနေတဲ့သူတော်တော်များများက ဘာမှသိပ်ပြီး ထူးထွေအောင်မပြောတတ်ကြဘဲ ရုတ်တရက် စိတ်ကူးပေါက်တာနဲ့ လုပ်ချင်ရာလုပ်တတ်တဲ့အကျင့်လည်း ရှိတတ်ပါသေးတယ်။ အဲဒါကြောင့်တစ်ယောက်တည်းမထားဘဲ အတတ်နိုင်ဆုံး အပေါင်းအသင်းအသိုင်းအဝန်းနဲ့ ဖေးမပြီး ပျော်ရွှင်အောင် ဝိုင်းဖွဲ့နေတာမျိုး လုပ်သင့်ပါတယ်။ အဲဒါမှ သူတစ်ခုခုဖြစ်တာနဲ့ တန်းသိပြီးအကူအညီပေးနိုင်မှာပါ။ ဒီထက်အခြေအနေဆိုးဝါးတာမျိုးကြုံလာရင်တော့ ဆရာဝန်နဲ့သေချာပြသတိုင်ပင်သင့်ပါတယ်။
အားလုံးပဲ စိတ်ဓာတ်ကျခြင်းကို ကျော်လွှားနိုင်ကြပါစေ။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။