စာဖတ်သောကလေးရဲ့အားသာချက်များ

စာဖတ်ခြင်းက အကျိုးကျေးဇူးတွေအများကြီးရှိတယ်ဆိုတာ လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ စာဖတ်ခြင်းက ကောင်းတယ်…၊ စာဖတ်ခြင်းက ဗဟုသုတပညာတွေအများကြီးရစေတယ်၊ စာဖတ်ခြင်းက ကိုယ်မရောက်ဖူးတဲ့နေရာတွေကိုလည်း ရောက်ဖူးစေတယ် စသဖြင့် အများကြီး ကြားဖူးဖတ်ဖူးကြမှာပါ။ တကယ်တော့ စာဖတ်ခြင်းရဲ့အားသာချက်က အဲဒီ့အရာတွေထက်ကို ပိုပါတယ်။ စကားလုံးတွေနဲ့ဖော်ပြတာထက်ကို ပိုပြီး သာပါတယ်။ စာဖတ်တဲ့လူတစ်ယောက်က အခြားသူထက်ကို ခေါင်းတစ်လုံးပိုသာနေတတ်ပါတယ်။


စာဖတ်သော ကလေးရဲ့ အားသာချက်တွေက ဖော်ပြရရင် ကုန်မယ်တောင်မထင်ပါဘူး။ ကလေးတစ်ယောက်ကို စာဖတ်တတ်တဲ့အကျင့်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးလိုက်ခြင်းက ကလေးရဲ့ဘဝတစ်လျှောက်လုံးမှာ မကုန်ဆုံးနိုင်တဲ့ အမွေပေးလိုက်ခြင်းတစ်မျိုးပါပဲ။ စာဖတ်ခြင်းကို အလေ့အကျင့်တစ်ခုလို စွဲမြဲနှစ်ခြိုက်သွားတဲ့ကလေးက စာမဖတ်တဲ့ကလေးတွေနဲ့ကို မတူထူးခြားသွားပါတယ်။ စာဖတ်သောကလေးရဲ့အားသာချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
၁) အတွေးအခေါ်ရင့်ကျက်လာပါတယ်။
ကလေးဖြစ်နေလို့ အထင်မသေးလိုက်ပါနဲ့။ စာဖတ်ကျင့်ရှိတဲ့ကလေးတစ်ယောက်ရဲ့အတွေးအခေါ်က စာမဖတ်တဲ့လူကြီးတစ်ယောက်ထက်တော့ အများကြီးသာပါတယ်နော်။ အတွေးအခေါ်ကျယ်ပြန့်လာပါတယ်။ အကြောင်းအရာတစ်ခုခုကို အစဖော်ပေးလိုက်ရင် ရှေ့ဆက်ဖြစ်နိုင်မယ့်အလားအလာတွေအကျိုးဆက်တွေကို တွေးခေါ်နိုင်စွမ်းရှိလာစေပါတယ်။ အဲဒါကြောင့် တခုခုလုပ်မယ်ဆိုရင် ဖြစ်လာမယ့်အကျိုးဆက်ကို ကြိုမြင်လာပါတယ်။ အဲဒါကြောင့် အတွေးအခေါ်ရင့်ကျက်လာပါတယ်။ ဖြစ်လာမယ့်ဆိုးကျိုးကိုကြိုမြင်တတ်သလို၊ ကောင်းကျိုးကိုလည်း ကြိုမြင်တတ်လာပါတယ်။

၂) ဖြန့်ကျက်ပြီးတွေးတောနိုင်စွမ်းရှိပါတယ်။
အရိပ်ပြရင် အကောင်မြင်တယ်ဆိုတာလိုမျိုးပေါ့။ ကိုယ်ပြတာက သေးသေးလေးပေမယ့် သူကတော့ အဆုံးထိဆက်တွေးသွားနိုင်တာမို့ အကောင်းအဆိုးကိုခွဲခြားသိလာပါတယ်။ တခုခုကို ဖြန့်ကျက်တွေးတောနိုင်တာမို့ အမှန်အမှားခွဲခြားနိုင်စွမ်းက အခြားသူများထက်ကို သာလာပါတယ်။ တွေးခေါ်စဉ်းစားနိုင်စွမ်းထက်မြက်လာပါတယ်။ ဘာလုပ်လိုက်ရင် ဘာအကျိုးဆက်တွေဖြစ်လာမလဲဆိုတာကို ကြိုတွေးနိုင်လာပါတယ်။ မှန်တာမှားတာမသိဘဲ လုပ်ပစ်လိုက်တာမျိုး မရှိနိုင်တော့ပါဘူး။

၃) ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိပါတယ်။
လူတစ်ယောက်ပြောလိုက်တဲ့စကားကို နားထောင်ပြီး ချက်ချင်းယုံသင့်မယုံသင်၊ ဖြစ်နိုင်မဖြစ်နိုင်စဉ်းစားတတ်လာပါတယ်။ အဲဒါကြောင့် အလွယ်တကူလိမ်ညာလို့မရနိုင်သလို၊ လူနုံလူအမဖြစ်နိုင်တော့ပါဘူး။ သုံးသပ်နိုင်စွမ်းရှိတဲ့အတွက် ဘယ်အရာကတော့ဖြစ်နိုင်မယ်၊ ဘယ်အရာကတော့ မဖြစ်နိုင်ဘူး ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလာပါတယ်။ အဲဒါကြောင့် ဘယ်အရာကမှားတယ်၊ ဘယ်အရာကတော့မှန်တယ်ဆိုတာကို သိလာပါတယ်။ အမှားအမှန်ခွဲခြားနိုင်စွမ်းရှိလာတာမို့ အမှားတွေကိုလုပ်ဖို့အလားအလာနည်းပါးလာပါတယ်။

၄) ဗဟုသုတများပါတယ်။
အခြားသူများထက်ကို စာထဲကသိထားတဲ့အကြောင်းအရာတွေကြောင့် ဗဟုသုတပိုများတတ်ပါတယ်။ စာထဲမှာ စာတွေ့သိထားသမျှကို လက်တွေနဲ့ချင့်ချိန်တွေးတောတတ်လာပါတယ်။ စာထဲမှာ ဖတ်ဖူးထားသမျှကို လက်တွေ့မှာ အသုံးချတတ်လာပါတယ်။ ဘာမှမသိတာထက်စာရင် စာထဲမှာဖတ်ဖူးထားတဲ့အတွက် အခြားသူများထက်ကို ပိုပြီး ရဲဝင့်လာပါတယ်။ စာဖတ်စမှာ သိပ်မသိသာပေမယ့် စာဖတ်နာလာတဲ့ကလေးတစ်ယောက်က အခြားသူထက်ကို တဖြေးဖြေးသာလာတာ အချိန်ကြာလေသိသာလာလေပါပဲ။ ကိုယ်မရောက်ဖူးတဲ့နေရာတစ်ခုကိုလည်း စာအုပ်တွေထဲကနေ ဖတ်မှတ်ဖူးတဲ့အခါ မရောက်ဖူးတာချင်းတူရင်တောင် စာဖတ်ထားတဲ့သူက ဗဟုသုတပိုများနိုင်ပါတယ်။

၅) အသက်ငယ်ပေမယ့် ပိုရင့်ကျက်ပါတယ်။
စာဖတ်တဲ့ကလေးတစ်ယောက်က အခြားကလေးတွေလို ကလေးအတွေးမျိုးနဲ့ ဘာမှမသိတဲ့ နွားခြေရာခွက်ထဲက ဖားသူငယ်လိုဖြစ်နေမှာမဟုတ်ပါဘူး။ သူဖတ်ထားတဲ့စာအုပ်တွေထဲက အတွေ့အကြုံတွေနဲ့ အမှန်အမှားတွေကို သိနားလည်နေတဲ့အတွက် သူ့ဟာသူခွဲခြားနားလည်ပြီး အမှားအမှန်ကို ချင့်ချိန်နိုင်စွမ်းသာပါတယ်။ အဲဒါကြောင့်ကိုပဲ အသက်ငယ်ပေမယ့် စဉ်းစားဆုံးဖြတ်နိုင်စွမ်းက လူကြီးတစ်ယောက်လို ရင့်ကျက်တည်ငြိမ်နေမှာဖြစ်ပါတယ်။

၆) အမှားအမှန်ခွဲခြားတတ်လာပါတယ်။
အဓိကကတော့ အမှားအမှန်ခွဲခြားတတ်လာခြင်းပါပဲ။ လူတစ်ယောက်မှာ လူကြီးတစ်ယောက်ဖြစ်လာပေမယ့် အမှားအမှန်မခွဲခြားမဆုံးဖြတ်နိုင်လို့ ပြဿနာတက်ရတာတွေ၊ ဒုက္ခရောက်ရတာတွေအများကြီးဖြစ်နိုင်ပါတယ်။ လူကြီးဖြစ်လာတိုင်းလည်း အရာအားလုံးမှာ အမှားအမှန်ခွဲခြားနိုင်လာတာမဟုတ်ပါဘူးနော်။ စာဖတ်တဲ့သူမှာတော့ စာမဖတ်တဲ့လူထက်စာရင် အမှားအမှန်ကို ခွဲခြားနိုင်စွမ်းပိုသာပါတယ်။ အသက်ကြီးလို့ လူကြီးဖြစ်လာတာထက်စာရင် အသက်နဲ့အတူ အသိဉာဏ်ပါ ရင့်ကျက်တည်ငြိမ်လာသင့်ပါတယ်။ အဲဒါမှသာ တည်ငြိမ်ရင့်ကျက်ပြီး အမှားအမှန်ခွဲခြားနိုင်တဲ့လူကြီးတွေဖြစ်လာမှာပါ။ အမှားအမှန်ခွဲခြားနိုင်မှသာ အမှားလုပ်မယ့်သူတွေနည်းလာမှာဖြစ်ပါတယ်။

အဲဒါကြောင့် ကလေးငယ်တွေကို ဘဝရဲ့အဓိက အရည်အချင်းတစ်ခုဖြစ်တဲ့ အမှားအမှန်ခွဲခြားဆုံးဖြတ်တတ်တဲ့အသိဉာဏ်ရင့်ကျက်လာစေဖို့ စာဖတ်ကျင့်ဖြစ်အောင် ပျိုးထောင်ပေးသင့်ပါတယ်။ စာဖတ်ကျင့်ဆိုတာက ကြီးလာလို့ စာဖတ်တတ်မှ ဖတ်ပါစေလို့ မသင်ပေးဘဲ အကျင့်ဖြစ်လာမယ့်အရာမျိုးမဟုတ်ပါဘူး။ ငယ်စဉ်ကတည်းက အကျင့်လုပ်ထားမှသာ ကြီးလာတဲ့အခါ နေ့စဉ် ထမင်းစားရေသောက်သလို အကျင့်ဖြစ်လာမှာဖြစ်ပါတယ်နော်။ အဲဒါကြောင့် ကလေးငယ်တွေကို အမှားအမှန်ခွဲခြားဆုံးဖြတ်တတ်စေဖို့ စာဖတ်ကျင့်ကို ငယ်စဉ်ကတည်းက အကျင့်လုပ်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။