စာဖတ်ချင်စိတ်ပျောက်နေရင် ပြန်စိတ်ပါလာအောင် ဘယ်လိုလုပ်မလဲ။

“The more that you read, the more things you will know. The more that you learn, the more places you’ ll go” – Dr. Seuss “စာတွေများများဖတ်လေ သင်သိတဲ့အရာတွေပိုများလာလေပဲ၊ သင် ပိုပြီးသင်ယူလာနိုင်သလို၊ နေရာစုံကိုလည်း သင် ရောက်ဖူးသွားတာပါပဲ။” လို့ စာရေးဆရာDr. Seuss က ပြောထားပါတယ်။ ထိုစကားလေးက မှန်ပါတယ်၊ စာအုပ်တွေများများဖတ်ခြင်းက သင့်ကို သင်ယူစရာတွေအများကြီးကို သင်ပေးနိုင်သလို၊ နေရာစုံကိုလည်း သင်ရောက်ဖူးသွားမယ်၊ သင်မသိသေးတာတွေလည်း စာအုပ်တွေထဲက ပိုသိသွားမယ်။ စာအုပ်တစ်အုပ်ဖတ်ခြင်းရဲ့ အကျိုးက ပြောမပြနိုင်အောင် များပြားလှပါတယ်။


အဲလိုစာဖတ်ရမှာသိနေပေမယ့် တစ်ခါတစ်လေ စာဖတ်ချင်စိတ်ပျောက်သွားတာမျိုး၊ စာဖတ်နေရင်းနဲ့ ပျင်းသွားတာမျိုး၊ စာထဲကအကြောင်းအရာကို အာရုံထပ်စိုက်လို့မရတော့အောင်ဖြစ်သွားတာမျိုး ဖြစ်ဖူးကြမယ်ထင်ပါတယ်။ အဲလိုမျိုးဖြစ်လာခဲ့ရင် လုပ်သင့်တဲ့နည်းလမ်းလေးတွေ ဖော်ပြပေးထားပါတယ်နော်။

၁) ရိုးရှင်းတဲ့စာမျိုးကို ရွေးဖတ်ပါ။
ရိုးရှင်းတဲ့စာမျိုး၊ ပျော်စရာကောင်းတဲ့စာမျိုး၊ လွယ်လွယ်နဲ့မှတ်မိလွယ်တဲ့ကောက်နုတ်ချက်လိုမျိုး စာလေးတွေကို ရွေးဖတ်ပါ။ ရိုးရှင်းပြီး မှတ်မိလွယ်တဲ့စာမျိုးက သင်စာဖတ်ပျင်းနေတဲ့အချိန်မှာ သင့်ဦးနှောက်ထဲကို ရှောရှောရှုရှုဝင်သွားမှာပါ။ စာလေးတစ်ကြောင်းထဲပေမယ့် သင့်ဦးနှောက်ကို လန်းဆန်းသွားစေမယ့်စာမျိုးပေါ့။ အဲဒါက သင့်ဦးနှောက်ကို မထုံထိုင်းစေတော့ဘဲ ပြန်လည်ပေါ့ပါးစေနိုင်ပါတယ်။

၂) သက်တောင့်သက်သာဖြစ်ပါစေ။
တစ်ခါတစ်လေကျတော့ သင့်စာဖတ်တဲ့နေရာတစ်ဝိုက်မှာ သက်တောင့်သက်သာမဖြစ်နိုင်တာမျိုး သင်ကြုံဖူးမှာပါ။ သင့်စိတ်သက်တောင့်သက်သာဖြစ်နိုင်မယ့်နေရာမျိုး၊ ပတ်ဝန်းကျင်မျိုးကို ရွေးချယ်ပြီးမှ စာပြန်ဖတ်တာက သင့်ရဲ့စာဖတ်ချင်စိတ်ကိုပြန်လည်ဖြစ်ပေါ်လာစေမှာပါ။ အဲလိုမှမဟုတ်ဘဲ စာဖတ်ဖြစ်ရင်ပြီးတော့ တာဝန်ကြီးတစ်ခုအနေနဲ့ ဖတ်ဖြစ်အောင်ဖတ်မယ်ဆိုပြီး ဇွတ်မှိတ်စာဖတ်တာမျိုးကတော့ သင့်ရဲ့ဦးနှောက်ကို ဖိအားတစ်ခုဖြစ်စေသလို ဦးနှောက်ကလဲ စာထဲကို လုံးဝစိတ်မပါ၊ ဖတ်သမျှစာတွေလဲ နားမလည်ဘဲ ပိုပြီး စာဖတ်ခြင်းကို ပိုပြီး စိတ်ပျက်သွားနိုင်ပါတယ်။

၃) စိတ်ရှုပ်ထွေးမှုကို ဖယ်ရှားပါ။
သင့်ရဲ့စိတ်ခံစားမှုက မကောင်းဘူးဖြစ်နေတဲ့အချိနန်မှာ သင်ကလည်း အရမ်းခက်တဲ့ဂန္တဝင်ဝတ္ထုတစ်ပုဒ်ကို ဖတ်မယ်ဆိုပါတော့ အဲဒါက ဘယ်လိုမှ ကောင်းတဲ့ခံစားမှုကိုဖြစ်ပေါ်လာစေမှာမဟုတ်ပါဘူး။ ပိုပြီးတော့တောင် စိတ်ရှုပ်ထွေးသွားနိုင်ပါတယ်။ စာထဲကဖတ်ရခက်တဲ့အကြောင်းအရာကိုတောင် သင်ကြောက်လန့်သွားပြီး ထိုစာအုပ်ကို နောက်တစ်ခေါက်ကိုင်ဖတ်ဖို့တောင် သင်စိတ်ကူးတော့မှာမဟုတ်ပါဘူး။ စိတ်ရှုပ်ထွေးနေတဲ့အချိန်ခဏလေးပြေပျောက်သွားအောင် တစ်ခုခုလုပ်လိုက်ပြီးမှ ( ဥပမာ။ တရားထိုင်တာ၊ သီချင်းနားထောင်တာ ) စာပြန်ဖတ်သင့်ပါတယ်။

၄) တစ်နေ့အချိန်နည်းချင်းစီ စာဖတ်ပါ။
စာဖတ်ချင်စိတ်တွေ လုံးဝကိုကုန်ခမ်းနေပြီဆိုရင် စာကို တစ်ထိုင်တည်းမရရအောင်ဖတ်ဖို့မကြိုးစာပါနဲ့။ အဲဒါက သင့်ကို ပိုပြီး စာဖတ်ဖို့ ကြောက်လန့်သွားစေနိုင်ပါတယ်။ ကိုယ်အရမ်းဖတ်ချင်နေပြီး ဖတ်မဖြစ်နေတဲ့စာကို တစ်နေ့နည်းနည်းချင်းစီ ဖတ်ပါ။ ဥပမာ။ စစ်နဲ့ငြိမ်းချမ်းရေးစာအုပ်ဖတ်မယ်ဆိုပါတော့ တစ်နေ့တစ်မျက်နှာ၊ နှစ်မျက်နှာလောက်ဖြစ်ဖြစ် ဖတ်သွားရင်း ဖတ်မိသလောက်ကို ပြန်စဉ်းစားပါ။

၅) စာဖတ်သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ စကားပြောပါ။
စာဖတ်တဲံ ဂရုတွေမှာ အဖွဲ့ဝင်ထားပါ။ စာဖတ်ပျင်းလာတဲ့အခါ သူတို့တွေနဲ့စကားပြောခြင်းက စာဖတ်ချင်စိတ်ကိုပြန်ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က “ဘယ်စာအုပ်ကတော့ဘာအကြောင်းအရာတွေပါတယ်။ ဖတ်သင့်တယ်၊ ဘယ်စာအုပ်ကတော့ဘယ်လို…..” စသည်ဖြင့် ဖလှယ်တတ်ကြတာမို့ စာဖတ်မယ်ဆိုတဲ့စိတ်လေးပြန်လည်ဖြစ်ပေါ်လာနိုင်တာမို့ပါ။

၆) စာအုပ်တစ်အုပ်လောက်တော့ ယူသွားပါ။
ဘယ်နေရာသွားသွားစာအုပ်တစ်အုပ်လောက်တော့ ယူသွားသင့်ပါတယ်။ သင့်အတွက်စာဖတ်အဆင်ပြေတဲ့နေရာမျိုး၊ အချိန်မျိုးဆို သင်စာဖတ်ဖြစ်သွားတာပေါ့။ ဒါမှမဟုတ် ဖုန်းထဲမှာ e-book နဲ့စာဖတ်တာမျိုးလည်း လုပ်လို့ရပါသေးတယ်။

အထက်ကဖော်ပြထားတဲ့အချက်လေးတွေ လုပ်ကြည့်ပြီးတော့ စာဖတ်ချင်စိတ်ဖြစ်လာအောင် ပြန်လည်ကြိုးစားကြည့်နိုင်ပါစေနော်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။