ဆိုးရွားတဲ့ဘယ်လိုလူမျိုးကိုမှ တုံ့ပြန်ဖို့မလိုပါဘူး။ သူပေးသလို သူပြန်ရမှာပါပဲ။

ကိုယ်တိုင်က ဒေါသကြီးတဲ့အထဲမှာပါတာမို့ ကိုယ့်ကိုမဟုတ်မမှန်တာပြောတာ၊ ကိုယ့်အပေါ်မတရားလုပ်တာ၊ ကိုယ့်ကို အနိုင်ကျင့်တာ၊ ကိုယ့်အပေါ်မမုန်မကန်လုပ်လာရင် ဆတ်ဆတ်ထိမခံတဲ့အထဲမှာ ပါပါတယ်။ အထူးသဖြင့် ကိုယ်မှားနေတဲ့အခါ တောင်းပန်ဖို့ဝန်မလေးပေမယ့် ကိုယ်မှန်နေတာကိုမှ မတော်မတရားတွေပြောလာရင် သိပ်မခံချင်ကြတာ လူတိုင်းဖြစ်မယ်ထင်ပါတယ်နော်။


ဒါပေမယ့် တကယ်တမ်းပြန်တွေးကြည့်လိုက်ပါနော်။ ကိုယ်က မှန်နေတဲ့သူလေ....အဲဒီ့အတွက်ကြောင့်ကို ကိုယ်က အေးဆေးပါပဲ။ တဖက်လူက မှားနေတဲ့လူမို့ကို ကိုယ့်ကိုသဲသဲလှုပ် ရန်ရှာနေတာဖြစ်နိုင်တာပဲမဟုတ်လား။
အဲဒါကြောင့် တချို့အမှားတွေ၊ အမှန်တွေက ကိုယ်တိုင် လေးနက်ွာ သိထားဖို့ပဲလိုပါတယ်။ ကိုယ်မှန်နေတဲ့အခါ ကိုယ့်လိပ်ပြာ ကိုယ်လုံသလို၊ ကိုယ့်စိတ်ထဲမှာ ပြန်တွေးကြည့်လိုက်တိုင်း “ကိုယ်မှ သူတပါးအပေါ်မတရားမလုပ်ထားတာ” ဆိုတဲ့စိတ်နဲ့ စိတ်ရှင်းနေမှာပါပဲ။
“ ကိုယ်မှ သူတပါးအပေါ် မတရားမကောက်ကျစ်ခဲ့တာ၊ ကိုယ်မှ သူတပါးကို ခေါင်းပုံမဖြတ်ခဲ့တာ၊ ကိုယ်မှ သူတပါးအပေါ် မယုတ်မာခဲ့တာ၊ ကိုယ်မှ သူများ ဒုက္ခရောက်အောင်မလုပ်ခဲ့တာ၊ “ စတဲ့ အလားတူအတွေးမျိုးတွေကြောင့် ကိုယ်က သူ့အပေါ် တာဝန်မကျေသလိုခံစားမိတာ၊ လိပ်ပြာမလုံသလိုဖြစ်တာ၊ မျက်နှာပူစရာမှ မလိုတာလေနော်။ အဲဒီ့အတွေးမျိုးနဲ့ စိတ်အေးချမ်းသာစွာ နေနိုင်ခြင်းက စိတ်ရှင်းတယ်လို့ဆိုချင်တာပါပဲ။

အဲဒီလိုစိတ်ရှင်းဖို့ကလည်း ကိုယ်ခံလိုက်ရချင်း စစချင်းသွေးပူနေတုန်းမှာတော့ ဘယ်ဖြစ်နိုင်ပါ့မလဲ၊ ကိုယ်တိုင်လည်း ပုထုဇဥ်ကိုး၊ မတရားခံရတာ၊ ဆိုးရွားတဲ့အပြုအမူမျိုး ပြုမူခံရတဲ့အခါ ထောင်းခနဲတော့ ဒေါသထွက်မိမှာပါပဲ။ ဒါပေမယ့် ကိုယ်မှန်နေတယ်ဆိုတဲ့အတွေးနဲ့ပဲ အဲဒီ့ဒေါသကိုထိန်းပါလို့ပဲပြောချင်ပါတယ်။
တချို့ကပြောကြပါတယ်၊ မှန်နေတဲ့အတွက်ကို ပြန်ပြီးတော့ကို အနိုင်ယူမယ်ဆိုတဲ့စိတ်နဲ့ ဒေါသကို လွှတ်ပေးတတ်ကြပါတယ်။ အဲဒီ့အခါမှာ ကိုယ်ကအမှားဖြစ်တော့တာပါပဲ။ ဒေါသအလျောက် မပြောမိတာ၊ မလုပ်သင့်တာတွေလုပ်မိတဲ့အခါ ကိုယ်ကအမှန်ကနေ ကိုယ်ကအမှားဖြစ်သွားရတော့ပါတယ်။ အဲဒါကြောင့် ဆိုးရွားတဲ့ အပြုအမူနဲ့ ဆက်ဆံခံလိုက်ရတယ်ဆိုရင် ဒေါသထွက်လာတဲ့အခါ အဲဒီ့ဒေါသကို “ ဘာပဲဖြစ်ဖြစ် ငါမှန်တာမို့ ခပ်ပြုံးပြုံးပဲနေလိုက်မယ်” ဒါမှမဟုတ် “ ငါမှန်နေတယ်ဆိုတာ သေချာတာပဲ၊ ငါ့အမှားမဖြစ်အောင် ဒီလူကို ရှောင်လိုက်မယ်” ဆိုတဲ့အတွေးမျိုးတွေးလိုက်ပါနော်။
ကိုယ်မှန်နေတာကို တစ်‌လောကလုံးက မသိပါစေအုံး၊ ကိစ္စမရှိပါဘူး။ ကိုယ်သိနေပြီး ကိုယ်လိပ်ပြာကိုယ်လုံရင် အေးချမ်းပါတယ်။ ဘယ်သူက‌တော့ ဘာတွေပြောနေတယ်၊ ဘယ်သူကတော့ ဘာမျိုးအပြုအမူလုပ်နေတယ်၊ ဘယ်သူကတော့ ဒေါသကိုဆွနေတယ်ဆိုတာမျိုးတွေကို လိုက်မခံစားပါနဲ့။ သင်ပါသူတို့နဲ့အတူတူဖြစ်သွားပါလိမ့်မယ်။ အဓိကက သင့်စိတ်ထဲက အသံကိုသာ သင်နားထောင်ဖို့ ကြိုးစားကြည့်ပါ။ အဲဒါဆို တခြားလူပြုမူသမျှ ပြောဆိုသမျှကို သင်အာရုံမရတော့ပါဘူး။

သင့်စိတ်ထဲ သင့်ကိုယ်သင်မေးကြည့်ပါ။ “ ကိုယ်မှန်ခဲ့တယ်မဟုတ်လား” အဓိကက ကိုယ်မှန်နေဖို့ပါပဲ။ ကိုယ်မှန်နေတဲ့အတွက်ကို ကိစ္စရပ်တိုင်းကို သက်သေပြနေစရာလိုပါဘူး။ အချိန်တန် အဖြေက သူ့ဟာသူပေါ်လာပါလိမ့်မယ်။ အချိန်လေးတစ်ခုပဲလိုတာပါ။ အချိန်ရောက်လာတဲ့အခါ သင့်ကို ပြုမူခဲ့သမျှ အလားတူ သူပြန်ရမှာပါ။ သင့်ကိုလိမ်ခဲ့တဲ့သူဟာ အခြားသူတွေရဲ့မယုံကြည်မှုကို အချိန်တန် ပြန်ရမှာပါ။ သင့်ကိုကောက်ကျစ်ခဲ့ဖူးသူဟာ သူ့လိူကောက်ကျစ်တတ်တဲ့လူနဲ့ပြန်တွေ့တဲ့အခါ ၂ဆနာကျင်ရမှာပါ။ သင့်ကိုယုတ်မာဖူးသူဟာ အချိန်တန် သူ့လိုယုတ်မာတတ်သူ ယုတ်မာသမျှ နာလန်မထူဘဲခံရမှာပါ။ အချိန်လေးတစ်ခုပဲလိုတာပါ။ ထိုအချိန်လေးကို သင့်ဒေါသတွေနဲ့ မတုံ့ပြန်ဘဲ သူပေးသမျှ သူပြန်ရတဲ့အချိန်လေးကိုသာ စိတ်ရှည်ရှည်နဲ့ ကြည့်နေရုံပါပဲ။
သင်မယုံရင် သင့်ပတ်ဝန်းကျင်က သင့်အပေါ် ယုတ်မာကောက်ကျစ်ခဲ့ဖူးသူတွေ၊ သင့်အပေါ် လိမ်ညာခဲ့ဖူးသူတွေ၊ သင့်အပေါ် အဆင့်ချင်းမတူသလို၊ ရိုင်းစိုင်းစွာတုံ့ပြန်ဖူးသူတွေ၊ သင့်ကျမှ အနိုင်ကျင့်ဖူးသူတွေကို ပြန်လေ့လာကြည့်လိုက်ပါ။ တနည်းနည်းနဲ့ သူတို့ပြန်ခံစားနေရတာကို သင်မြင်လာပါလိမ့်မယ်။ တခုတော့ရှိတာပေါ့...... ဆိုးရွားတဲ့ဘယ်လိုလူမျိုးကိုမှ တုံ့ပြန်ဖို့မလိုပါဘူး။ဒါပေမယ့် အခါခါတော့ မခံနေပါနဲ့။ ခံဖူးလို့အကြောင်းသိသွားတဲ့အခါ ဘာမှလည်း မတုံ့ပြန်ပါနဲ့။ ခပ်ကင်းကင်းသာနေလိုက်တာ အကောင်းဆုံး အဖြေပါပဲ။ ခပ်ဝေးဝေးကနေပြီး ခပ်ပြုံးပြုံးလေးနေနိုင်သွားအောင် နေကြည့်လိုက်ပါ။ သူတို့ပေးခဲ့သမျှ သူတို့ပြန်ရတာကို သင်မြင်လာပါလိမ့်မယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။