ဆိုးဝါးတဲ့နေ့တွေမှာ သင်ပြန်သတိရသင့်တဲ့အချက်များ

အဆိုးဝါးဆုံးနေ့တွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာ သင်ထိုင်ပြီးစိတ်ညစ်နေရုံနဲ့တော့ အခက်အခဲကပြေလည်သွားမှာမဟုတ်ပါဘူး။ အခက်အခဲတွေ၊ အဆိုးတွေကို သင်ဖြေရှင်းနိင်မယ့်နည်းလမ်းကိုစဉ်းစားရမှာဖြစ်သလို၊ သင်မဖြေရှင်းနိုင်ဘူးဆိုရင် သင့်ရဲ့စိတ်ကိုတည်ငြိမ်အောင်ကြိုးစားရင်း ထပ်မံကြိုးစားနိုင်ဖို့ အားတင်းရမှာဖြစ်ပါတယ်။ အဲဒီ့လို ဆိုးဝါးတဲ့နေ့တွေကြုံလာတဲ့အခါမှာ သင်ပြန်ပြီးသတိရသင့်တဲ့အချက်တွေဖတ်ပြီးအားတင်းလိုက်ပါ။


၁) ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတဲ့ဘဝကို ပိုင်မဆိုင်ပါဘူး။
ဘယ်သူမှ အားလုံးပြည့်စုံပြီး ပျော်ရွှင်နေတဲ့ဘဝကို ပိုင်ဆိုင်ထားကြတာမဟုတ်ပါဘူး။ တစယောက်တစ်မျိုးတော့ စိတ်ဆင်းရဲနေကြတာချည်းပါပဲ။ အဲဒါကြောင့် သင့်စိတ်ဆင်းရဲရတဲ့နေ့တွေမှာ ဒါကိုသတိရပါ။

၂) အောင်မြင်ဖို့ဆိုတာ တစ်ရက်တစ်ညထဲနဲ့တော့မဖြစ်နိုင်ပါဘူး။
အောင်မြင်နေတဲ့သူ၊ အခက်အခဲတွေကိုကျော်ဖြတ်နိုင်သူတွေက တစ်ရက်တစ်ညတည်းနဲ့ အနိုင်ရလာတာမဟုတ်ပါဘူး။ အခါခါ လဲကျ၊ ကျရှုံး၊ စိတ်ဆင်းရဲမှုတွေကိုကျော်ဖြတ်ခဲ့တာချည်းပါပဲ။ အဲဒါကြောင့် ခုလက်ရှိ သင့်ဘဝက ဆိုးဝါးနေတယ်ထင်ရင် သင့်ဘဝကိုပိုကောင်းတဲ့နေ့ရက်တွေရောက်လာဖို့ အားတင်းကြိုးစားဖြတ်သန်းပါ။

၃) အခက်အခဲတိုင်းမှာ သင်ခန်းစာပါလာပါတယ်။
ဘယ်လောက်ခက်ခဲပါစေ၊ ထိုအခက်အခဲတွေမှာ သင့်အတွက် သင်ခန်းစာတစ်ခုရစေမှာသေချာပါတယ်၊ အခက်အခဲကိုအောင်မြင်လာတဲ့အခါမှာလည်း သင့်ရဲ့အခက်ခဲကိုအနိုင်ယူနိုင်တဲ့စွမ်းရည်တစ်ခုတိုးလာစေပါတယ်။

၄) အဆိုးတွေမရှိဘဲ အကောင်းဆုံးကိုရှာဖို့ကြိုးစားမှာမဟုတ်ပါဘူး။
အဆိုးတွေမရှိဘဲ အကောင်းကိုသင်လိုချင်မှာမဟုတ်ဘူးလေ။ အကောင်းချည်းကြုံတွေ့နေရင် အဆိုးနဲ့ကြုံဖို့ သင်ကြောက်လန့်နေမှာပေါ့။ အဆိုးနဲ့ကြုံမှ အကောင်းဖြစ်အောင်ပြန်တိုက်ယူဖို့ ခွန်အားဖြစ်လာစေတာပါ။

၅) ငိုကြွေးခြင်းဟာ ကျရှုံးခြင်းမဟုတ်ပါဘူး။
သာမန်လူတစ်ယောက်ရဲ့ ခံစားချက်သာဖြစ်တာမို့ ငိုချင်လာတဲ့အခါ ငိုချလိုက်ဖို့ အဆင်ပြေပါတယ်။ အဓိကက သင့်ခံစားချက်တွေပေါ့ပါးသွားဖို့ပါပဲ ။ သင့်ခံစားချက်ပေါ့ပါးသွားတဲ့အခါ သင့်အတွက် ပိုပြီးခေါင်းရှင်းရှင်းနဲ့ အဆိုးတွေကိုရင်ဆိုင်နိုင်တာပေါ့။ သင်ကစက်ရုပ်မှမဟုတ်တာ စိတ်ခံစားချက်ကြောင့်ငိုချင်လာရင် ငိုလိုက်ပါ။ တစ်ခုပါပဲ၊ ငိုပြီးရင်တော့ အဆိုးကို အကောင်းဆုံးရင်ဆိုင်ပစ်လိုက်ပါ။

၆) သင့်ထက်ဆိုးဝါးတဲ့ဘဝတွေအများကြီးရှိပါသေးတယ်။
လောကမှာ သင့်ကိုယ်သင်အဆိုးဆုံးလို့ထင်တာသဘာဝပါပဲ။ ဒါပေမယ့် သင့်ထက်ဆိုးတဲ့ဘဝတွေရှိသေးတာလဲ သဘာဝပါပဲ။ သင့်ထက်ဆိုးတဲ့ဘဝကိုကြည့်ပြီး အားတင်းပါ။ ခွန်အားယူပါ။ ပြန်လည်ကူညီပေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။