အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။

စာမလုပ်ချင်တဲ့ကလေးကို ဘယ်လိုလုပ်သင့်သလဲ။

မိဘရယ်လို့ဖြစ်လာရင် အမြဲတမ်းသားသမီးအတွက်ကို ကြိုတင်ပူပန်တွေးတောထားရပါတယ်။ ထိုကဲ့သို့ အမြဲပူပန်တွေးတောတတ်တဲ့ ပြဿနာတွေထဲမှာ စာလုပ်ရမှာကို ကြောက်တတ်တဲ့ကလေးကို ဘယ်လိုစာသင်ရမှန်းမသိတဲ့ပြဿနာလည်း တစ်ခုအပါအဝင်ပါပဲ။ ကိုယ့်ကလေးက စာမလုပ်ချင်တဲ့အခါ မိဘဖြစ်သူတွေအနေနဲ့ စိတ်ညစ်ရပါတယ်။ စာမလုပ်ချင်တဲ့အခါ အတန်းထဲမှာများ စာညံ့တဲ့ကလေးဖြစ်နေမလား၊ စာကိုစိတ်မဝင်စားတော့ ထူးချွန်ထက်မြက်တဲ့ကလေးဖြစ်နိုင်ပ့ါမလား။ စာစိတ်မဝင်စားတော့ တခြားစာတွေကော ဘယ်လိုသင်ရပါ့မလဲ။ kg တန်းကနေ ဟိုးဘွဲ့ရပညာတတ်အဖြစ် ဘယ်လိုဖြစ်နိုင်ပါ့မလား။ ဒီမှာက စာလုပ်ချင်မှ၊ ပညာတတ်ဖြစ်မှ၊ ဘွဲ့ထူးဂုဏ်ထူးတွေရမှ ကိုယ့်ကလေးနောင်ရေးစိတ်အေးရမယ်ထင်ကြတာမဟုတ်လား။ ဟုတ်ပြီ….သူ့အရပ်နဲ့ သူ့ဇာတ်အဆင်ပြေအောင်တော့ ကရတာချည်းပါပဲ။ သင့်ကလေးက စာလုပ်ခိုင်းတာနဲ့ အင်းအင်းပါမယ်၊ ရှုးပေါက်မယ်၊ အိပ်ငိုက်မယ်၊ စာလုပ်ချင်ယောင်ဆောင်နေမယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေနဲ့ ပြောင်းပြီး ကြိုးစားကြည့်လိုက်ပါနော်။


၁) ကလေးကို ပညာက တစ်ဘဝလုံးအတွက်အရေးကြီးကြောင်း ကြိုတင်နားသွင်းထားပါ။
ကလေးဆိုတာက မိဘရဲ့သွန်သင်ပြသမှုကနေမှတဆင့် အရာအားလုံးကိုတတ်မြောက်အောင် သင်ယူတဲ့သူတွေပါ။ အဲဒါကြောင့် မိဘက အကျင့်ကောင်းတွေကိုချည်း အတတ်နိုင်ဆုံးသင်ပေးဖို့လိုပါတယ်။ ခုက စာမသင်ချင်တဲ့ကိစ္စမှာလည်း အလားတူပါပဲ။ ကလေးက စာဆိုတာထက် ပညာဆိုတာ သင်ယူဖို့လိုကြောင်း၊ ပညာဆိုတာ တွေးခေါ်စဉ်းစားတတ်တဲ့အသိဉာဏ်ဖြစ်ကြောင်း၊ တနည်းအားဖြင့် အမှားအမှန်ခွဲခြားနိုင်တဲ့ဉာဏ်ဖြစ်ကြောင်းကို ကလေးကို အသက် ၃နှစ်ကျော်လောက်ကတည်းက ရင်း ပညာမရှိလို့ ဘေးဒုက္ခရောက်ရတတ်တဲ့ ပုံပြင်လေးတွေပြောရင်း နားသွင်းထားလို့ရပါတယ်။ ကလေးရဲ့မသိစိတ်ထဲမှာ ပညာဆိုတာ လိုအပ်ကြောင်း၊ ပညာမတတ်ရင် ကလေးရဲ့ဖြစ်ချင်တဲ့အရာတွေမှာ ဖြစ်မြောက်အောင်လုပ်နိုင်စွမ်းအားနည်းနိုင်ကြောင်းကို ကလေးနားလည်လောက်မယ့်စကားမျိုးနဲ့ ပြောပြထားပေးသင့်ပါတယ်။ အဲဒီ့အကျိုးဆက်က ကလေးကျောင်းကြီးတက်လို့ စာတွေသင်ရမယ့်အချိန်မှာ အကျိုးသက်ရောက်စေမှာဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးကို စာလုပ်ချင်စိတ်ဖြစ်ပေါ်အောင် ကြိုတင်ပြီး ပညာဆိုတာရှိသင့်ကြောင်း ၊ ငွေကြေးထက်ပညာကို ဘယ်သူမှခိုးမယူနိုင်ကြောင်းနားလည်နေပါစေ။

၂) ကလေးကို နားလည်ပါ။
ကလေးကို မိဘက နားလည်ဖို့လိုပါတယ်။ များသောအားဖြင့် မိဘတော်တော်များများက ကလေးကို “ငါမွေးထားတာ….ငါတို့သိတယ်” ဆိုတဲ့အတွေးများကြပါတယ်။ တကယ်တော့ နားလည်တယ်ဆိုတာက ကလေးရဲ့စိတ်နေသဘောထား၊ ကလေးရဲ့အမူအကျင့်၊ ကလေးရဲ့စရိုက်သဘာဝ၊ ကလေးကို ဘယ်လိုနည်းနဲ့ဆွဲဆောင်သိမ်းသွင်းရင်ရမလဲ၊ ကလေးကို ဘယ်လိုနည်းနဲ့ ချော့ပြောရမလဲ၊ ဘယ်လိုမြောက်ပြောရမလဲ စသဖြင့်ပြောချင်တာဖြစ်ပါတယ်။ အဲဒါမှ ကလေးကို လိုသလိုပုံသွင်းနိုင်မှာဖြစ်ပါတယ်။

၃) ပျော်အောင် သင်ပါ။
ကလေးကို စာသင်တဲ့အခါ ပျော်ရွှင်စရာတစ်ခုအဖြစ် ကလေးစိတ်ထဲ နားလည်နေဖို့လိုပါတယ်။ အဲဒါမှ ကလေးက စာလုပ်မယ်ဆိုရင် အားကြိုးမာန်တက် သင်ချင်စိတ်ဖြစ်လာမှာပါ။ ကလေးကိုပျော်အောင် ဘယ်လိုသင်မလဲဆိုတာကို မိဘက ကလေးရဲ့စရိုက်သဘာ၀ ၊ ကလေးသဘောကျတဲ့နည်းလမ်းကို နားလည်ရပါလိမ့်မယ်။ အဲဒါကြောင့် နံပါတ် နှစ်အချက်လို ကလေးကို နားလည်ဖို့က အရေးကြီးပါတယ်။ ဥပမာ။ ကလေးကို မြန်မာစာသင်တယ်ဆိုပါစို့။ “ရေအိုးကလေး ရွက်လာရင်…အဲဒါလုံးကြီးတင်။ လုံးကြီးတင်မှာ မျက်ဆံခတ်၊ လုံးကြီးတင်ဆံခတ်၊” စသဖြင့် ဆိုရင်း မိဘကပါ ဟန်အမူအယာလုပ်ပြတာမျိုးပေါ့။ ကလေးက စာသင်နေတယ်လို့ မထင်ဘဲ လိုက်ပါကပြရင်း ကလေးလည်း လုံးကြီးတင်ကိုမှတ်မိသွားတာမျိုးဖြစ်အောင် “ခုဆိုနေတဲ့ကဗျာထဲက လုံးကြီးတင်ဆိုတာက ဒီလိုမျိုးရေးရတာသားရဲ့” ဆိုပြီး ကဗျာရသွားတဲ့အခါ ကလေးကို နမူနာရေးပြလိုက်ပေါ့။ ကလေးက ကဗျာလေးလဲဆိုရင်း ရေးနည်းကိုလည်း မှတ်မိသွားပါလိမ့်မယ်။ အင်္ဂလိပ်စာသင်တဲ့အခါ ကလေးစားဖို့မုန့်ဝယ်ရင်း ငှက်ပျော်သီးပါလာရင် “သားရေ ငှက်ပျော်သီးကို banana လို့ခေါ်တယ်သိလား။ ပြောကြည့်ပါအုံး” စသဖြင့် သင်ပေးပါ။ တအောင့်လောက်နေတော့ ပြန်မေးတာမျိုးလုပ်ကြည့်ပါ။ သချာၤသင်တဲ့အခါ ကလေးကို “သားလက်ထဲက မုန့်နှစ်ခုရှိတယ်ဆိုရင် မေမေက တစ်ခုယူလိုက်မယ်။ သားလက်ထဲမှာ ဘယ်နှစ်ခုကျန်မလဲ” စသဖြင့် ကလေးကိုစဉ်းစားခိုင်းပါ။
စာသင်တဲ့အချိန်သတ်မှတ်ပြီး ထိုအချိန်ကျမှ စာကို အတင်းကျက်….၊ အတင်းတွက်….အတင်းဖြေခိုင်းတာထက် တစ်နေ့လုံးဖြစ်ဖြစ်၊ ကလေးနဲ့မိဘအတူရှိနေတဲ့အချိန်မျိုးမှာပဲဖြစ်ဖြစ်၊ ကလေးနဲ့အတူစကားပြောနေရင်းနဲ့ ကလေးအတွက် ပုံပြင်လေးပြောနေရင်းနဲ့ ကြားဖြတ်သင်ပေးလိုက်တာမျိုး၊ ကြားဖြတ်စဉ်းစားခိုင်းလိုက်တာမျိုးက ကလေးတွေကို စာသင်တာပျော်စရာကောင်းမှန်းပိုထင်စေပါတယ်။ မိဘစိတ်ထဲအဓိက မှတ်ထားရမှာက စာသင်တယ်ဆိုတာ စိတ်ညစ်စရာအခြေအနေတစ်ခုဖြစ်အောင် တွန်းပို့တဲ့အခြေအနေမဖြစ်ဖို့လိုတယ်ဆိုတာပါပဲ။

၄) လိုအပ်ရင် အပေးအယူလုပ်ပါ။
လိုအပ်ရင်လို့ သုံးထားပါတယ်။ အမြဲတမ်းအပေးအယူလုပ်တာက ခဏတော့ထိရောက်ပေမယ့် အမြဲတမ်းအကျင့်တစ်ခုဖြစ်လာရင်တော့ မကောင်းပါဘူး။ ကလေးနဲ့ ဆော့နေရင်း သင်ပေးလိုက်တာမျိုး၊ ကလေးနဲ့ စကားပြောနေရင်း ကြားညှပ်သင်လိုက်တာမျိုးက ကလေးအတွက် အင်မတန်ပေါ့ပါးတဲ့သင်နည်းပါပဲ။ အဲလိုသင်ထားတာလေးတွေကို စာအုပ်ကိုင်ပြီး ပြန်နွေးလိုက်တဲ့အခါ ကလေးအတွက် စာသင်ချိန်ဆိုတာ လေးပင်တဲ့အချိန်မဖြစ်တော့ပါဘူး။ ဒါပေမယ့် တကယ်တမ်း ကလေးကျက်မှရမယ့်စာမျိုးတွေ ဥပမာ။ အင်္ဂလိပ်စာလုံးပေါင်းတွေ၊ မြန်မာစာလုံးပေါင်းတွေ ကျက်ရမယ်ဆိုရင်တော့ ကလေးကို သေချာကျက်ခိုင်းမှရတော့မှာပါ။ အဲဒီ့အခါ ကလေးနဲ့အတူလိုက်ကျက်ပေးပါ။ ဥပမာ။ p-l-a-t-e (ပလိပ်) ပန်းကန်ပြား လို့ကလေးကျက်မယ်ဆိုရင် ကိုယ်ကပါ လိုက်ကျက်ပေးရင်း ပန်းကန်ပြားလေးကို ကိုင်ပြရင်း ပလိပ်လို့ဆိုပြတာမျိုး။ ကလေးက စိတ်ညစ်ညူးဟန်ပြလာတဲ့အခါ မိဘက ကလေးလိုချင်ပြီး ကိုယ့်ရဲ့ဝင်ငွေနဲ့အဆင်ပြေလောက်မယ့် ကစားစရာ ဒါမှမဟုတ် သော့ချိတ် ဒါမှမဟုတ် တခုခုနဲ့ အပေးအယူလုပ်မယ်ပြောကြည့်ပါ။ (တန်ဖိုးကြီးတဲ့အရာဆိုရင် အပေးအယူလုပ်တိုင်း ဝယ်ပေးနေရမှာ ဝန်များပါတယ်။ အဲလိုအပေးအယူလေးတွေမှာ တန်ဖိုးနည်းပြီး ကလေးလည်း တကယ်လိုချင်တဲ့အရာလေးတွေနဲ့ အပေးအယူလုပ်ပေးပါ။ ဥပမာ။ စပိုက်တာမန်းပုံခဲဖျက်၊ သော့ချိတ်၊ ကားပိစိလေးတွေ စသဖြင့် ကလေးရဲ့အားသန်တဲ့အရာတစ်ခုခုပေါ့)

၅) အလျှော့အတင်းလုပ်ပေးပါ။
သင်က အပေးအယူလုပ်တယ်။ အပေးအယူစလုပ်ကတည်းက သေချာနားလည်အောင်ပြောပြထားပါ။ “ခုမေမေမေးမယ့်စာကို လုံးဝမမှားဘဲ မှန်အောင်ဖြေနိုင်ရင် မေမေက ဝယ်ပေးမယ်။ သားသေချာရပြီဆိုမှ လာဆိုနော်။ တကယ်လို့ မရဘဲလာဆိုရင်တော့ မေမေက စိတ်ဆိုးမှာ။ အရုပ်လည်း မရဘူး” စသဖြင့် သေချာနားလည်အောင်ပြောပြပါ။
ကလေးက သတ်မှတ်ထားတဲ့အချိန်မှာ သင်မေးမယ့်စာကို တိတိကျကျတော့မရသေးဘဲ ထစ်ငေါ့နေတယ်၊ မေ့နေတယ်ဆိုတာမျိုးဖြစ်နေရင် ကလေးကို မဆူပါနဲ့၊ မအော်ပါနဲ့။ အလျှော့အတင်းပြန်လုပ်ပါ။ “ခုတစ်ခါတော့ခွင့်လွှတ်လိုက်မယ်နော်။ ခုပြန်သွားကျက်ကြည့်….မလောနဲ့ သေချာရအောင် သေချာကြည့်ဆို၊ နောက်တခါဆိုရင်တော့ တကယ်စိတ်တိုတော့မယ်” စသဖြင့် ကလေးကို ပြန်လျှော့ပေးပါ။ အတင်းအော်ငေါက်လိုက်တာမျိုး၊ “ဒါလေးတောင်မရဘူးလား….အသုံးမကျတဲ့ကောင်၊ ငတုံး” စသဖြင့် ကလေးကို ထိုအဓိပ္ပါယ်ရတဲ့စကားမျိုး၊ ကလေးကို ကိုယ့်ကိုကိုယ်ယုံကြည်မှုကျဆင်းစေတဲ့အသုံးအနှုန်းမျိုးနဲ့ မဆူမိပါစေနဲ့။ ထိုကဲ့သို့ အော်ငေါက်ဆူပူလိုက်ခြင်းကို ကလေးက စိတ်ညစ်သွားတဲ့အခါ နောက်တစ်ကြိမ်စာလုပ်ဖို့ကို စိတ်ညစ်တာ၊ စိတ်မပါတာ၊ ပျင်းတာမျိုးဖြစ်လာတတ်ပါတယ်။

အဓိကကတော့ ကလေးကို မူကြိုအရွယ်လောက်ကတည်းက ပညာတတ်ခြင်းရဲ့လိုအပ်ပုံ၊ ပညာဆိုတာ အမှားအမှန်ခွဲခြားနိုင်ခြင်းဆိုတဲ့အကြောင်း ၊ အမှန်အမှားခွဲခြားနိုင်မှ အမှားတွေကို မလုပ်မိအောင်ရှောင်နိုင်မှာဖြစ်ကြောင်း၊ လူဆိုးလူမိုက်ကို မပေါင်းသင်းဘဲ ရှောင်နိုင်မှာဖြစ်ကြောင်း စသဖြင့် ကလေးနားလည်အောင် ပြောပြဆုံးမထားသင့်ပါတယ်။ စာသင်ချိန်မှာလည်း ကလေးကို စိတ်ပါဝင်စားအောင်၊ ပျော်အောင် သင်ကြားခြင်းက ကလေးအတွက် အကောင်းဆုံးနည်းလမ်းပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။