စာကလွဲပြီးဘာမှမသိတဲ့ကလေးရဲ့ဆိုးကျိုးများ

ကလေးတွေကို စာတော်ရင်ပြီးရောဆိုပြီး ကျောင်းစာမှ ကျောင်းစာချည်း လုပ်ခိုင်းတတ်တဲ့ အချို့မိဘတွေကို မြင်ဖူးကြမှာပါ။ အဲဒီ့မိဘတွေရဲ့ ကလေးတွေဟာ ကျောင်းပညာ‌ရေးမှာ ထူးချွန်တတ်ကြတာကိုတွေ့ရတတ်ပါတယ်။ ကျောင်းစာတော်တဲ့ ကလေးတိုင်းလိုလို ပြင်ပမှာ ညံတယ်လို့ ဆိုလိုချင်တာမဟုတ်ဘဲ တချို့သော မိဘတွေရဲ့တဖက်သတ်လွဲမှားတတ်တဲ့ အတွေးအမြင်ကို ထောက်ပြချင်တာပဲဖြစ်ပါတယ်။ ကျောင်းက ပညာရေးမှာ ထူးချွန်တာကလည်း ကောင်းပါတယ်။ ဒါပေမယ့် စာကလွဲပြီး အခြားသော သင်ညာကိုလည်း သင်ပေးရမှာဖြစ်ပါတယ်။ အချို့မိဘတွေဆိုရင် ကလေးရဲ့တကိုယ်ရည် တာဝန်တွေကအစ အကုန်လုံးကို တာဝန်ယူပေးတဲ့အခါမှာတော့ ကလေးတွေဟာ ကျောင်းစာကလွဲပြီး ဘဝအတွက် လိုအပ်တဲ့ သင်ညာဘက်မှာ အားနည်းလာကြပါတယ်။


အဲဒီ့အခါ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေ ဖြစ်လာတတ်ပါတယ်။

၁) လူမှူဆက်ဆံရေးအားနည်းခြင်း
ပထမဆုံး လူမှုဆက်ဆံရေးနားမလည်ပါတာမျိုးဖြစ်လာပါတယ်။ အချိန်ပြည့်ကျောင်းစာဖတ်ပြီး ကျောင်းစာအုပ်ထဲက စာတွေကိုသာ အာဂုံဆောင်နိုင်ပေမယ့် လူကြီးသူမကို ရိုသေမှုအားနည်းတာမျိုး၊ လူအများကြားမှာ ပေါင်းသင်းဆက်ဆံရေးအားနည်းတာမျိုး၊ လူတစ်ယောက်နဲ့တစ်ယောက်ကြားမှာ လူမှုအရေးအရ လုပ်ဆောင်ပေးသင့်တာတွေကို နားမလည်တာမျိုးတွေ ဖြစ်လာပါတယ်။အဲဒီ့အခါ ဘွဲ့တွေတသီတန်းကြီးရထားပေမယ့် ပေါင်းသင်းဆက်ဆံရခက်တဲ့လူဂွစာလေးတွေဖြစ်လာနိုင်ပါတယ်။ အဲဒါအပြင် ဘဝမှာ အောင်မြင်အဆင်ပြေဖို့ရာက လူအများနဲ့ပေါင်းသင်းဆက်ဆံတတ်ဖို့ လည်း လိုအပ်တာကြောင့် ထိုစွမ်းရည်ကလည်း မရှိမဖြစ် သင်ယူသင့်တာပါပဲ။

၂) အိမ်မှူကိစ္စတာဝန်ယူရကောင်းမှန်းမသိတတ်ခြင်း
နောက်တစ်ခုကတော့ အိမ်မှာ စာမကျက်ရမှာစိုးလို့ ကလေးရဲ့တစ်ကိုယ်ရည်တာဝန်တွေကို အစအဆုံး တာဝန်ယူပေးလိုက်တဲ့အခါ မိဘကို ကူညီရကောင်းမှန်းမသိတော့သလို၊ ကိုယ့်ရဲ့တစ်ကိုယ်ရည်တာဝန်ကိုတောင် တာဝန်မယူတတ်တော့ပါဘူး။ ဥပမာ။ ထမင်းစားပြီး ပန်းကန်ဆေးရကောင်းမှန်းမသိတာမျိုး၊ အိမ်မှာတံမြက်စည်းလှည်းကူရကောင်းမှန်းမသိတာမျိုး၊ အိမ်ရှင်းရကောင်းမှန်းမသိတာမျိုး၊ အဝတ်မလျှော်တတ်တာမျိုးတွေဖြစ်လာတတ်ပါတယ်။ မိဘနဲ့ခွဲနေရတာမျိုး၊ အဝေးတစ်နေရာရောက်သွားတာမျိုးမှာ ကိုယ့်တစ်ယောက်တာဝန်ကို မယူတတ်သူက အခက်အခဲတွေဖြစ်လာနိုင်တာပါပဲ။ အဲဒါကြောင့် ‌ယောကျ်ားမိန်းမမဟုတ်ဘဲ အိမ်မှုကိစ္စနားလည်ထားခြင်းဟာ အရည်အချင်းတစ်ခုပါပဲ။

၃) လူ့စရိုက်လူ့သဘာဝကို နားမလည်သည့်အတွက် မရင့်ကျက်ခြင်း
ဘတမှာရှင်သန်တဲ့အခါ လူအမျိုးမျိုးကို ကြုံတွေ့ရမှာပါ။ လူကောင်းလူဆိုးကြားမှာ ကိုယ့်ခံယူချက်မပြိုလဲဖို့ရာ လူစရိုက်လူ့သဘာဝကို နားလည်ပြီး ရင့်ကျက်မှဖြစ်မှာပါ။ ကျောင်းဖတ်စာအုပ်တွေက စာတွေချည်း အာဂုံဆောင်နေတဲ့ကလေးဟာ ကျောင်းစာတော့ရနိုင်ပေမယ့် လူစရိုက်လူ့သဘာဝကို လေ့လာမှုအားနည်းနိုင်ပါတယ်။ (ကျောင်းစာချည်းမဟုတ်ဘဲ ရသစာပေနဲ့ အခြား ဗဟုသုတရစရာစာပေတွေဖတ်ရှုလေ့လာတတ်တဲ့ကလေးတွေကတော့ ထိုစာအုပ်တွေကနေတဆင့် လူ့စရိုက်သဘာဝကို နားလည်နိုင်ပါတယ်) အဲဒါကြောင့် ပြင်ပစာပေကိုလည်း လေ့လာဖတ်ရှုဖို့လိုပါတယ်။

၄) အပြောင်းအလဲကို ရင်မဆိုင်နိုင်ခြင်း
ဘတက မှန်ကင်းတလှည့် ထင်းတလှည့်ပါတဲ့၊ ကောင်းလိုက်ဆိုးလိုက် ကြုံရတဲ့အခါ မိဘက ဘေးကနေ အမြဲ ကာကွယ်ဖို့ အမြဲမဖြစ်နိုင်ပါဘူး၊ အဲဒီ့အတွက် မိဘကို အမြဲအားကိုးနေတဲ့ကလေးဟာ ဘဝရဲ့အပြောင်းအလဲအတက်အကျကို ရင်ဆိုင်ဖို့ရာ အခက်တွေ့နိုင်ပါတယ်။ စိတ်ဓာတ်ခွန်အားကအစ ကိုယ့်အားကိုယ်ကိုးရတဲ့ကလေးနဲ့ ခြားနားသွားစေပါတယ်။ အဲဒါကြောင့် “မိဘရှိတာပဲ.....အကုန်လုံး ဖြေရှင်းပေးလိမ့်မယ်” လို့ ယုံကြည်အားကိုးနေတဲ့ကလေးနဲ့ ကိုယ့်အားကိုယ်ကိုးရတဲ့ကလေးဟာ အပြောင်းအလဲကြားမှာ တောင့်ခံနိုင်မှုခြင်းမတူပါဘူး။

၅) တစ်ကိုယ်စာတာဝန်မယူနိုင်ခြင်း
ကျောင်းစာကလွဲပြီး ဘာမှ မလုပ်တတ်တဲ့ကလေးဟာ တစ်ကိုယ်စာတာဝန်ယူဖို့လည်း အားနည်းပါတယ်။ တစ်ကိုယ်စာ တာဝန်မယူနိုင်ခြင်းဟာ မိဘနဲ့အဝေးတစ်နေရာ ဒါမှမဟုတ် မိဘမရှိတဲ့နေရာမျိုးမှာ ကိုယ့်အတွက်အခက်အခဲဖြစ်လာစေပါတယ်။ အဲဒါအပြင် တစ်ကိုယ်စာ တာဝန်မယူတတ်တဲ့ကလေးဟာ အသင်းအဖွဲ့နဲ့ ဖြစ်လာရင်လည်း လူအများရဲ့တာဝန်ကို မယူချင်တော့ပါဘူး။

၆) လောကဓံကိုရင်မဆိုင်ခြင်း
ဒီအချက်ကလည်း အလားတူပါပဲ။ ဘဝမှာ ကြုံလာရမယ့် လောကဓံကို မိဘတွေက အမြဲတစေ လိုက်ကာကွယ်ဖို့မဖြစ်နိုင်ပါဘူး။ မိဘရှိစဥ်ကတည်းက ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်တာဝန်ကိုယ်ယူနိုင်မှသာမိဘမရှိချိန်မှာ လောကဓံ အနိမ့်အမြင့်အတက်အကျကို ခံနိုင်ပြီး ဘဝကို ရဲဝင့်စါာ ရင်ဆိုင်ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

အဲဒါကြောင့် ကျောင်းစာအုပ်ထဲက စာတွေကိုချည်း နုတ်တိုက် အသားကုန် တွန်းအားပေးကျက်ခိုင်းမယ့်အပြင် အခြားသော လောကရဲ့ သိသင့်သိမှတ်ဖွယ်ရာတွေကို နားလည်အောင်၊ ခံနိုင်ရည်ရှိအောင် ၊ ယောကျာ်းမိန်းမခွဲခြားဘဲ အိမ်မှုကိစ္စနိုင်နင်းအောင်၊ ပြင်ပဗဟုသုတလေ့လာလိုက်စားတတ်အောင် စာပေဖတ်ရှုတတ်သည့်အကျင့်ဖြစ်အောင် စတဲ့ အစစအရာရာမှာလည်း တိုက်တွန်းသင်ပြပေးဖို့လိုအပ်ပါတယ်လို့ ဖော်ပြပေးလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။