ပျင်းရိခြင်း၏ ဆိုးကျိုးများ

ပျင်းရိခြင်းဆိုတာ နာမည်သာ ဆိုးတာ ၊ လူကတော့ သက်သာတယ်…..လို့ပြောတတ်ကြပါတယ်။ တကယ်လည်း နာမည်သာ ဆိုးတာပါ၊ လူက တော်တော် သက်သာပါတယ်နော်။ ဒါပေမယ့် လူသက်သာတယ်ဆိုမှတော့ ဘဝကိုပေါ့ပါးစွာဖြတ်သန်းနေတဲ့လူပေါ့။ ဘဝကို ပေါ့ပေါ့တွေးပြီး ဖြတ်သန်းတဲ့သူက ဘာတွေများ လေးနက်တဲ့ကိစ္စကို လုပ်ဆောင်နိုင်ပါ့မလဲ။


ဘဝကို လေးနက်စွာမဖြတ်သန်းတော့လဲ ဘာဖြစ်သေးတုန်း သက်သာတာက အရေးကြီးတယ်ဆိုရင် သေချာပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါ ဘာမှဖြစ်မလာတဲ့သူက သင်ပါပဲ။ သူများတွေက ဘဝကို ကြိုးစားပမ်းစား တည်ဆောက်နေချိန်မှာ ဘဝကိုပေါ့ပေါ့တွေးဖြတ်သန်းနေသူရဲ့ဘဝက အရမ်းကို ပေါ့ပါးလွန်းနေမှာပါ။ ဘဝကပေါ့ပါးခြင်းနဲ့အတူ လေထဲလွှင့်တဲ့ မြူမှုန်လိုပါပဲ၊ ဘယ်သူကမှလည်း သူ့ကို အလေးအနက် အမှတ်တရမရှိဘဲ သူ့ဘဝက လွင့်မြောကွယ်ပျောက်သွားမှာပါပဲ။
ပြောရရင် လူဖြစ်ပြီး လူဖြစ်ရကျိုးမနပ်တဲ့လူ ဖြစ်သွားမှာပေါ့။ လူ့ဘဝဆိုတာက ရခဲလှပါတယ်။ ရခဲလှတဲ့လူ့ဘဝကို ရတုန်းလေး ကိုယ့်အတွက်လည်း တန်ဖိုးရှိ၊ အခြားသူများအတွက်လည်း တန်ဖိုးရှိ၊ ပတ်ဝန်းကျင်အတွက်လည်း တန်ဖိုးရှိတာလေးတွေ လုပ်ရင်း ကုန်ဆုံးသွားရတာက မြူမှုန်လိုလေထဲလွှင့်မှာခြင်း အတူတူဆိုရင်တောင် ပိုပြီးတန်ဖိုးရှိပါသေးတယ်။
အဲဒီ့တော့ ရခဲလှတဲ့လူ့ဘဝကိုလည်း ရထားတုန်း ပေါ့ပေါ့နေ၊ ပေါ့ပေါ့သေလို့တော့ ဘယ်ဖြစ်ပါ့မလဲ။ ပေါ့နေတဲ့အခါ မကြိုးစားချင်ပါဘူး၊ မကြိုးစားချင်တော့ ပျင်းပါတယ်။ ပျင်းတဲ့အခါ ဘာမှမဖြစ်လာပါဘူး။ ထိုသူမျိုးရဲ့ဘဝကလည်း အင်မတန် ပျင်းစရာကောင်းနေမှာပါ။ အစဉ်အမြဲကြိုးစားနေတဲ့သူတစ်ယောက်က တက်ကြွမှု၊ ဖြတ်လတ်မှု၊ စီမံမှု၊ ယှဉ်ပြိုင်မှု၊ အောင်မြင်မှု၊ ရှုံးနိမ့်မှု၊ စသဖြင့် အမျိုးမျိုးကြုံတွေ့နေရတဲ့အတွက် လဲကျရင် ပြန်ထဖို့ ကြိုးစားလို့ သူ့ရဲ့နေ့ရက်တိုင်းက ကြိုးစားမှုတွေနဲ့ အမြဲသစ်လွင်နေမှာပါ။
ပျင်းရိတဲ့သူကတော့ အိမ်အိုအိမ်ဟောင်းတစ်လုံးမှာ သန့်ရှင်းရေးမလုပ်ဘဲ အမှောင်ထဲနေတဲ့သူလိုပဲ တက်သစ်စ နေမင်းကိုလည်း မမြင်နိုင်၊ လန်းဆန်းမှုလည်း မရှိဘဲ ဘဝကြီးကလည်း ဒီအဆင့်ကနေ တက်တော့မှာမဟုတ်ပါဘူး။ အဲဒါအပြင် ပျင်းရိနေတတ်သူက သူများကိုသာ ငေးမောအားကျနေရတဲ့ဘဝနဲ့သာ ပြီးဆုံးသွားတတ်ပါတယ်။ ဘာမှ ကြိုးစားမှုလည်း မရှိတဲ့အတွက် ဘယ်နေရာမှာမှလည်း လူတောတိုးမှာမဟုတ်တော့ပါဘူး။
ပျင်းရိတတ်သူတော်တော်များများက သူတို့ကိုယ်သူတို့လည်း အထင်ကြီးတတ်ကြပါသေးတယ်။ ပျင်းရိခြင်းရဲ့အစမှာတော့ မိမိကိုယ်ကို တကယ်တမ်းလုပ်လိုက်ရင်ခဏလေး….၊ ပြီးမှလုပ်မယ်၊ အေးဆေးမှလုပ်တာပေါ့။ စတဲ့ဆင်ခြေတွေနဲ့ ပေးပြီး အချိန်ဆွဲပါတယ်။ အချိန်ဆွဲရာကနေမှ မဖြစ်နိုင်တော့ပါဘူး….လေဆိုတဲ့ ကြောက်ရွံခြင်းနဲ့ စိတ်ဓာတ်ကျခြင်းဆက်လာပါတယ်။ အဲဒီ့နောက်မှာတော့ ကိုယ့်နဲ့တန်းတူကနေ မပျင်းမရိကြိုးစားပြီးသာလွန်သွားသူတွေကိုကြည့်လို့ ကိုယ့်ကိုကိုယ်သိမ်ငယ်လာရပါတော့တယ်။ ထိုအခြင်းအရာကို ကြီးပွားတိုးတက်ခြင်းအတွက် ရန်သူကြီး ၆ပါးလို့တောင် ခေါ်ဝေါ်တတ်ကြပါတယ်။
၁။ပျင်းရိခြင်း
၂။ဆင်ခြေပေးခြင်း။
၃။အချိန်ဆွဲခြင်း။
၄။ကြောက်ရွံ့ခြင်း။
၅။စိတ်ဓါတ်ကျခြင်း။
၆။ကိုယ့်ကိုကိုယ်သိမ်ငယ်ခြင်း။ စတဲ့ အချက်တွေပါပဲ။
ပျင်းရိတတ်သူဟာ အလုပ်ခွင်မှာဆိုလည်း တိုးတက်မှုမရှိနိုင်ပါဘူး။ ဘယ်နေရာရောက်ရောက် သက်သာပေါ့ပါးဖို့ပဲတွေးနေတာဖြစ်တဲ့အတွက် အချောင်ခိုနိုင်မယ့်နေရာလောက်သာ တွေးနေမှာဖြစ်ပါတယ်။ ပညာသင်ကြားတဲ့နေရာမှာဆိုရင်လည်း တကယ်မတတ်ဘဲ တတ်သယောင်လုပ်လေ့ရှိမှာဖြစ်တဲ့အတွက် ပညာကိုလည်း ထိရောက်စွာ သင်ယူနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် ပျင်းရိသူဟာ ဘယ်နေရာမှာမှ
ဘယ်နေရာမှာမှ မထွန်းပေါက် မအောင်မြင်နိုင်လို့ ဘယ်နေရာမှာမှ လူရာမဝင်ဘူးလို့ ပြောကြတာပါ။
အရွယ်ရှိနေတုန်းမှာ အောင်မြင်အောင်မကြိုးစားဘဲ ပျင်းရိအချောင်ခိုနေမယ်ဆိုရင် အချိန်တန် ဘဝရဲ့နေဝင်ချိန်မှာ အေးအေးသက်သာအနားယူနိုင်မှာမဟုတ်ပါဘူး။ အဲဒီ့အခါကျမှ အချိန်ရှိခိုက် လုံ့လစိုက်လို့ ကြိုးစားဖြစ်ထွန်းနေသူတွေကို ငေးမောအားကျနေရသူဖြစ်နေတတ်ပါတယ်။
အဲဒါကြောင့် ပျင်းရိခြင်းရဲ့နောက်ဆုံး အဆုံးသတ်ကတော့ ကျရှုံးခြင်းပါပဲ။ သင်ကော ကျရှုံးသူဖြစ်မယ့် လမ်းကြောင်းပေါ်လျှောက်မိနေပြီလား။ ပြန်သုံးသပ်ပါ။ သင့်ရဲ့ပျင်းရိခြင်းတွေကို ခုကစပြီး လွှင့်ပစ်လိုက်ပါတော့လို့ တိုက်တွန်းရင်း ဒီဆောင်းပါးလေးကို ဖော်ပြပေးလိုက်ပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။