ပျော်ရွှင်တဲ့မိခင်တွေရဲ့လုပ်နေကျအကျင့် ၁၀မျိုး

ပျော်ရွှင်ခြင်းဆိုတာက အခြေအနေနဲ့အချိန်အခါအရဖြစ်ပေါ်တတ်တာလား။ တကယ်တော့ ပျော်ရွှင်မှုဆိုတာက ကိုယ့်စိတ်ထဲအဓိက ဖြစ်တည်နေတာလို့ အခါပေါင်းများစွာ ဖတ်ခဲ့ဖူးကြမှာပါ။ တဖက်ကကြည့်ရင် ကျွန်တော်တို့ရဲ့ရွေးချယ်မှု၊ ကျွန်တော်တို့ရဲ့အပြုအမူတွေက ကျွန်တော့်အတွက်ပျော်ရွှင်ခြင်း၊ မပျော်ရွှင်ခြင်းဆိုတာဖြစ်လာနိုင်ပါတယ်။ မိခင်တွေမှာတော့ ဖခင်တွေထက်ကို စိတ်ဖိစီးမှု၊ တာဝန်၊ အလုပ်၊ ငွေကြေး၊ သားသမီးအရေ စတဲ့ဖိစီးမှုတွေပိုများနေတတ်ပါတယ်။ အဲဒါကြောင့် ပျော်စရာကောင်းတဲ့မိခင်တွေမှာတွေ့ရလေ့ရှိတဲ့အကျင့် ၁၀မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ တခါတလေမှာ ကြီးကျယ်တဲ့အရာတွေမဟုတ်ဘဲ ပြောင်းလဲမှုအသေးလေးတွေ လုပ်လိုက်ခြင်းကပဲ ပျော်ရွှင်မှုဆီဦးတည်သွားနိုင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အကျင့် ၁၀မျိုးကိုဖတ်ကြည့်လိုက်ပါအုံး။


၁) ရှိထားပြီးတဲ့အရာလေးတွေကို ကျေးဇူးတင်တတ်ပါစေ။
မပျော်ရွှင်တတ်တဲ့သူတွေမှာ များသောအားဖြင့် ရှိပြီးသားအရာလေးတွေထဲက ကျေးဇူးတင်စရာကောင်းတဲ့အချက်ကို မေ့ထားတာဖြစ်ပါတယ်။ မရှိထားတာကို လိုချင်တယ်၊ မရထားတာကို ရချင်တယ်၊ အထူးသဖြင့် မရောင့်ရဲနိုင်တဲ့စိတ်က မပျော်ရွှင်တတ်ခြင်းရဲ့အစပါပဲ။ ကြီးကျယ်တဲ့လက်ဆောင်တွေရထားမှ ကျေးဇူးတင်ပြီး ပျော်ရွှင်ရတာမဟုတ်ပါဘူး။ ကိုယ့်ဘဝထဲမှာ ကျေးဇူးတင်စရာကောင်းတဲ့အသေးအဖွဲလေးတွေကအစ ကျေးဇူးတင်တဲ့စိတ်နဲ့မြင်တတ်ဖို့ပဲလိုတာပါ။ ဥပမာ။ သင့်အမျိုးသားက မီးဖိုချောင်မှာ ဟင်းဝင်ချက်ပေးသွားတယ်ဆိုရင် သူအမှိုက်တွေဖွထားခဲ့တာကို မပြစ်မမြင်ပါနဲ့။ သင့်ကို သက်သာစေချင်တဲ့စိတ်နဲ့ သူဟင်းဝင်ချက်ပေးသွားတာကို ကျေးဇူးတင်တဲ့စိတ်နဲ့မြင်ကြည့်လိုက်ပါ။

၂) ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။
ကိုယ့်ကိုကိုယ်ဂရုစိုက်တဲ့နေရာမှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကော စိတ်ခံစားချက်တွေကိုပါ ဂရုစိုက်ခိုင်းတာဖြစ်ပါတ်။ စိတ်ခံစားချက်တွေနဲ့ရုပ်ပိုင်းဆိုင်ရာတွေ ကျန်းမာဖို့ အိပ်ရေး၀၀အိပ်ဖို့လိုအပ်ပါတယ်။ အာဟာရပြည့်ဝတာလေးတွေ သင်စားချင်တာလေးတွေရွေးချယ်စားသောက်မယ်၊ သင့်ကိုသင်အလိုလိုက်သင့်သလောက်အလိုလိုက်မယ်၊ ကျန်းမာတဲ့အနေအထိုင်အစားအသောက်ဖြစ်ဖို့ဂရုစိုက်မယ်၊ သင့်ကို မကောင်းတဲ့စိတ်ခံစားချက် အမြင်တွေဖြစ်ပေါ်စေတဲ့သူတွေကို ရှောင်မယ် စသဖြင့်ပေါ့။

၃) သံသယစိတ်ကိုဖျောက်ပါ။
အကြောက်တရားဆိုတာက ပျော်ရွှင်မှုကို ခိုးယူမယ့်အရာပါပဲ။ မယုံမကြည်ဖြစ်ခြင်း၊ သံသယဝင်စိတ်ဆိုတာက သင့်ကိုပဲနှိပ်စက်တာပါ။ သင့်ကိုမပျော်မရွှင်ဖြစ်စေတာပါ။ အဲဒါကြောင့် သံသယစိတ်တွေရှိရင် ဖျောက်ပစ်လိုက်မယ်။ ဖြစ်လာပါ့မလားလို့ ကြောက်နေတဲ့သံသယစိတ်တွေနဲ့မတွေးတောပါနဲ့။ ဖြစ်လာရင်သာ ဘယ်လိုရင်ဆိုင်ပစ်လိုက်မယ်လို့တွေးလိုက်ပါ။ ကြိုတင်တွေးပြီး မဖြစ်လာသေးတာကို ကြိုတင်ကြောက်လန့်နေတာက မမှန်ပါဘူး။ မပျော်ရွှင်စေပါဘူး။

၄) ကိုယ့်ကိုကိုယ်လက်ခံပါ။
ပျော်ရွှင်တဲ့အမေတွေက ကိုယ့်ကိုကိုယ်ကြင်နာတတ်တဲ့သူတွေပါပဲ။ ကိုယ့်ကိုကိုယ် “ရုပ်ဆိုးလိုက်တာ၊ ငါဝလိုက်တာ၊ ငါတော့အသားတွေမည်းနေပြီ၊ ငါတော့ ဘယ်နေရာမှာမှ သုံးစားမရတော့ဘူး” စတဲ့ မကောင်းတဲ့အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်မနှိပ်စက်ပါဘူး။ သူတို့ရဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာ စွမ်းရည်ကိုလည်း ကိုယ်တိုင်နားလည်သဘောပေါက်ကြပါတယ်။ သူတို့ရဲ့အားနည်းချက်ကို သူတို့သဘောပေါက်ပြီး ဘယ်လိုဖြေရှင်းရမလဲနားလည်ကြပါတယ်။

၅) ကိုယ့်စိတ်ခံစားချက်ကောင်းမွန်စေတဲ့အရာတွေကိုလုပ်ဖို့အချိန်ပေးပါ။
ကိုယ့်အတွက်ကောင်းတဲ့အရာတွေကိုချည်းလုပ်ပါ။ ကိုယ့်စိတ်ခံစားချက်ကောင်းမွန်စေတဲ့အရာတွေပေါ့….ဥပမာ၊ အလှပြင်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ပန်းချီဆွဲခြင်း၊ volunteer လုပ်ခြင်းစတဲ့အရာတွေလိုပေါ့။

၆) ဝါသနာပါရာလုပ်ပါ။
ကိုယ်ဝါသနာပါရာလေးတွေလုပ်ပါ။ အပင်စိုက်ခြင်း၊ ဟင်းချက်ပြုတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း စတာတွေပေါ့။ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့အရာလေးတွေဖြစ်ပြီး သင့်ရဲ့စိတ်ဆန္ဒအရ ဖြန့်ဝေချင်တာလေးတွေလုပ်ပါ ဥပမာ ။ ဘလော့မှာ မိခင်တစ်ယောက်ရဲ့အတွေ့အကြုံကိုပြန်ပြောတာမျိုး။ ဝါသနာဆိုတာက မဖြစ်မနေလုပ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ လုပ်ချင်တာပဲဖြစ်ပါတယ်။

၇) နှိုင်းယှဉ်မယ့်အစား ဂုဏ်ပြုပါ။
တော်တော်များများက အခြားသူတွေကတော့ဖြင့် ဘယ်လို တိုးတက်နေပြီဆိုပြီး နှိုင်းယှဉ်တတ်ပါတယ်။ အဲဒီလိုနှိုင်းယှဉ်လိုက်တာနဲ့တပြိုင်တည်း သင်အားငယ်သွားတော့တာပါပဲ။ ပျော်ရွှင်တဲ့မိခင်တွေကတော့ အခြားသူတွေရဲ့အောင်မြင်မှုကို ကိုယ်နဲ့နှိုင်းယှဉ်ပြီး အားငယ်မယ့်အစား သူတို့ရဲ့အောင်မြင်မှုကို အားရဝမ်းသာ ဂုဏ်ယူပေးလိုက်တယ်။ ချီးကျူးပေးလိုက်ပါတယ်။

၈) ခွင့်လွှတ်ပေးတတ်ပါတယ်။
အတိတ်ကနာကျင်သမျှ၊ အတိတ်ကိုအတိတ်မှာသာ ချန်ခဲ့ပြီး အားလုံးကို ခွှင့်လွှတ်ပေးတတ်ပါတယ်။ ခွင့်လွှတ်တတ်ခြင်းက သူတို့အတွက် ပျော်ရွှင်စေတာပါ။ မခွင့်လွှတ်သရွေ့တော့ ကိုယ်ပဲနာကျင်ပြီး ဝမ်းနည်းနေရမှာပါ။ အကောင်းမြင်စိတ်နဲ့ပြန်ပြီး ခွန်အားဖြစ်လာစေဖို့ နာကျည်းသမျှကို အရင်ဆုံးခွင့်လွှတ်ဖို့လိုပါတယ်။

၉) နိုးလို့ပြောသင့်တာပြောပါ။
မိခင်တစ်ယောက်ဖြစ်နေတာနဲ့တင် လုပ်စရာတာဝန်တွေ၊ စိတ်ဖိစီးမှုတွေအများကြီး ရှိနေတာမို့ ကိုယ့်ဟာကိုယ်တောင် မအားလပ်နိုင်ပါဘူး။ အဲဒီ့အခါမှာ ကိုယ်မယူနိုင်တဲ့တာဝန်တွေအတွက် နိုးလို့ ငြင်းသင့်တာကို ငြင်းပါ။ အဲဒါက သင်တာဝန်မသိတာမဟုတ်ပါဘူး။ မနိုင်ဝန်မထမ်းတာဖြစ်ပါတယ်။ မနိုင်ဝန်ထမ်းမိတဲ့အခါ ကိုယ့်ရဲ့တာဝန်တွေမကျေနိုင်တော့သလို၊ ကိုယ့်ရဲ့အဓိကတာဝန်ကိုလည်း မေ့လာတတ်ပါတယ်။ ကိုယ့်မှာလည်း ပိုပြီး စိတ်ဖိစီးမှုများရပါတယ်။ နားမလည်ဘဲ စိတ်ဖိစီးမှုလာပေးတတ်သူတွေကို ငြင်းလွှတ်ခြင်းက အတ္တကြီးတာမဟုတ်ပါဘူးနော်။ လူတိုင်းမှာရွေးချယ်ခွင့်ရှိနေတာပဲလေ။

၁၀) မိမိကိုယ်ကိုကျေနပ်မှုှရှိပါစေ။
ကိုယ့်ကိုကိုယ်ကျေနပ်မှုရှိခြင်းက နေပျော်စေပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုကိုယ်ကျေနပ်မှုရှိမရှိဆန်းစစ်သင့်ပါတယ်။ ကိုယ့်ကိုကိုယ်ကျေနပ်မှုမရှိဘူးဆိုရင် ဘာကြောင့်လဲဆိုတာကို ပြန်စဉ်းစားသင့်ပါတယ်။ ကိုယ်ဖြစ်ချင်တာလေးတွေမဖြစ်ရရင်၊ လုပ်ချင်တာလေးတွေမလုပ်ရရင် စိတ်ထဲမကျေနပ်သလိုခံစား၇တတ်ပါတယ်။ အဲဒါကြောင့်ကိုယ့်ကိုကိုယ်ဆန်းစစ်ဖို့လိုပါတယ်။
http://www.imom.com/10-habits-happy-women-share/#.XbFVLOgzbDc လင့်မှဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ။်

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။