ပျော်ရွှင်ဖို့အတွက် ပြောင်းလဲသင့်တဲ့အချက်တွေ………

အချို့ပြောကြပါတယ်။ ဘဝကပျော်စရာမကောင်းဘူးပေါ့။ တကယ်တော့ ပျော်ရွှင်ခြင်းမပျော်ရွှင်ခြင်းဆိုတာက သင့်စိတ်ထဲက ဖြစ်တည်မှုပါ။ သင့်မှာရှိတာလေးနဲ့ တင်းတိမ်နေရင် ပျော်စရာကောင်းနေမှာပါပဲ။ သင့်မှာဘယ်လောက်ပဲ ချမ်းသာကြွယ်ဝနေပါစေ ၊ သင့်မှာရှိထားပြီးသားတွေကို တွေးပြီး မတင်းတိမ်၊ ကျေးဇူးမတင်တတ်ရင် စိတ်ဆင်းရဲစရာကောင်းနေမှာပါပဲ။ အဲဒီတော့ သင့်ရဲ့နေ့စဉ်ဘဝမှာတင် သင်ပျော်ရွှင်နိုင်မယ့် အရိုးဆုံးနည်းလမ်းတွေကို ဖတ်ကြည့်လိုက်ပါ။


၁) ပျော်ရွှင်ဖို့ကို စောင့်မနေပါနဲ့။

ပျော်ရွှင်ဖို့ အခွင့်အရေးရလာမှ ပျော်ရမှာလား၊ ပျော်ရွှင်ဖို့ကို စောင့်နေရမှာလား၊ အခြေအနေနဲ့အချိန်အခါတွေအဆင်ပြေနေမှာ ပျော်နိုင်တာက တစ်ပိုင်း။ ကိုယ့်မှာရှိနေသမျှ၊ ပိုင်ဆိုင်ထားသမျှ၊ ရရှိထားသမျှကို တွေးပြီးပျော်နေတာက တစ်ပိုင်းပါပဲ။ အဲဒီ့တော့ ပျော်ရွှင်မှုဆိုတာ သူများပေးမှ သင်ရမှာမဟုတ်ပါဘူး။ သင့်မှာ ရှိနေတာတွေကို ဝမ်းသာကြည့်လိုက်ပါ။ ဥပမာ။ သင့်မှာ အမေတစ်ယောက်ရှိနေသေးတာ သင့်ကိုချစ်ခင်မယ့်သူတစ်ယောက်တော့ ရှိသေးတယ်လို့ တွေးပြီး ဝမ်းသာကြည့်ပါ။ သင့်မှာ ချစ်သူနဲ့ပြတ်စဲသွားပေမယ့် သင့်သူငယ်ချင်းတွေအများကြီးရှိနေသေးတာ ဝမ်းသာစရာပါ။ သင့်ချစ်သူက သင့်ကိုထားခဲ့လို့ သင်တစ်ယောက်တည်း သွားချင်ရာသွား၊ စားချင်ရာစား၊ လွတ်လပ်သွားတာ ဘယ်လောက်ဝမ်းသာစရာကောင်းသလဲ။ သင့်အတွေးလေးကို ပြောင်းလိုက်တာနဲ့တင် သင့်အတွက် ပျော်ရွှင်ခြင်းရနိုင်ပါတယ်နော်။
သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်လာသမျှ၊ သင့်ပယောဂမပါဘဲ ဖြစ်ပျက်လာသမျှ အားလုံးကို ခွင့်လွှတ်ကြည့်လိုက်ပါ။ သင်ပိုပြီး အမြင်ကြည်လာပါလိမ့်မယ်။ ပိုပျော်လာပါလိမ့်မယ်။

၂) သင့်ဘဝထဲက ပျော်စရာတွေတွေးပါ။
အထက်ကလိုပေါ့။ သင့်မှာ မရှိတာ၊ မရနိုင်တာ၊ ဆုံးရှုံးသွားတာကို မတွေးဘဲ သင့်မှာ ရထားတာလေးတွေကိုပဲ တွေးပါ။ သင့်ဘဝထဲက ပျော်စရာလေးတွေကို တွေးတောကြည့်ပါ။

၃) ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့အချိန်သတ်မှတ်ထားပါ။
မိန်းကလေးဆိုရင်လည်း ကိုယ့်မှာရှိတာလေးနဲ့ လှပအောင် နေတာမျိုး၊ တန်ဖိုးကြီးဖြစ်စရာမလိုပါဘူး၊ brand ဖြစ်စရာမလိုပါဘူး။ သပ်ရပ်သန့်ရှင်းနေတာမျိုး၊ ရှိတာလေးနဲ့ လှအောင်ဝတ်၊ ရှိတာလေးနဲ့ ဝအောင် စားဆိုတဲ့စကားလိုပေါ့။ တန်ဖိုးကြီးတွေ ဝတ်နိုင်မှ ၊ ဆင်ယင်နိုင်မှ လှတာမဟုတ်ပါဘူး။ ကိုယ့်မှာရှိတာလေး၊ ကိုယ့်ဝင်ငွေနဲ့ အဆင်ပြေတာလေးတွေနဲ့ ကိုယ့်ကိုကိုယ်လှပအောင် ပြင်ဆင်ဖို့ အချိန်တစ်ခုပေးပါ။ ယောကျာ်းလေးဆိုရင်လည်း အဲဒီလိုပါပဲ။ တကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ဖို့၊ အပေါ်ယံမှာလည်း လှပသန့်ရှင်းသပ်ရပ်ဖို့ အချိန်တစ်ခုသတ်မှတ်ပြီး ကိုယ့်ကိုကိုယ်အချိန်ပေးသင့်ပါတယ်။ သင့်စိတ်ထဲမှာ ကိုယ့်ကိုကိုယ်လှတယ်လို့ထင်သွားတဲ့အခါ သင့်စိတ်မပျော်သွားဘူးလား။ သင့်စိတ်ထဲ သင့်ကိုသင်ယုံကြည်မှုမတိုးသွားဘူးလား။ အဲဒါသည်လည်း ပျေ်ာစရာပါပဲ။

၄) ပူပန်နေတာတွေကို ရပ်တန့်ပစ်လိုက်ပါ။
ပူပန်တတ်တဲ့အကျင့်ကို ဖျောက်နိုင်အောင် ကြိုးစားပါ။ သင့်စိတ်ထဲမှာပျော်ရွှင်အောင် လုပ်ယူလို့ရပါတယ်။ သင့်ရဲ့နေ့စဉ်တွေ့ကြုံနေသမျှကို ဘယ်လိုပျော်ရွှင်အောင်နေမလဲလို့တွေးပါ။ သင့်ပတ်ဝန်းကျင်မှာဖြစ်ပျက်နေသမျှကို သင်ဘယ်လိုတွေးသလဲဆိုတာပေါ်မူတည်ပြီး သင့်စိတ်ထဲ ပူပန်မှုကဖြစ်လာတာပါ။

၅) သေးငယ်တဲ့အရာလေးတွေအပေါ်မှာလည်း အသိအမှတ်ပြုပါ။
ဘာမှမဟုတ်ဘူးလို့ ကျွန်တော်တို့ထင်ထားတဲ့အရာတွေကို ကျွန်တော်တို့က အသိအမှတ်မပြုတတ်ကြပါဘူး။ တခါတလေ ဘာမှမဟုတ်တာလေးက ပျော်စရာဖြစ်နေတတ်ပါတယ်။ အသိအမှတ်ပြုဖို့ပဲလိုပါတယ်။

၆) အကောင်းမြင်တဲ့သူတွေနဲ့ဝန်းရံပါ။
အဆိုးမြင်တတ်တဲ့သူတွေ ကိုယ့်ဝန်းကျင်မှာရှိနေတယ်ဆိုရင် မသိမသာ ရှောင်လိုက်ပါ။ ဒါမှမဟုတ် သူတို့ရဲ့အတွေးအခေါ်ကို ကိုယ့်ခေါင်းထဲမထည့်ပါနဲ့။ သင့်ကိုပါ မကောင်းမြင်တဲ့စိတ်တွေဖြစ်လာနိုင်ပါတယ်။
.
၇) ပိုပြီးရယ်မောနိုင်အောင် ကြိုးစားပါ။
ရယ်မောခြင်းက သင့်ကို ကောင်းမွန်တဲ့ခံစားချက်ဖြစ်ပေါ်စေပါတယ်။ အဲဒါအပြင် သင်ရယ်မောခဲ့တဲ့အခိုက်အတန့်ကို ပြန်တွေးတိုင်း သင့်စိတ်ထဲ ရယ်မောချင်စိတ်ပြန်ဖြစ်ပေါ်လာနိုင်ပါတယ်။ အပျော်တွေပြန်ကူးလာတာမျိုးပေါ့။ အဲဒါကြောင့် များများရယ်မောနိုင်ဖို့ ကြိုးစားပါ။
အချုပ်အားဖြင့်ဆိုရရင်တော့ သင့်နေ့စဉ်ဘဝမှာ သင်နဲ့ သင့်ပတ်ဝန်းကျင်မှာ ဖြစ်ပျက်လာသမျှကို သင်တွေးမယ့်အတွေးလေးအပေါ်မှာပဲ သတိလေးထားပြီး ပြောင်းလဲကြည့်လိုက်ပါ။ ပုထုဇဉ်မို့ အခေါက်တိုင်းတော့ မဖြစ်နိုင်ပေမယ့် တစ်ခါမရတစ်ခါတော့ ပြုပြင်နိုင်လာပါလိမ့်မယ်။ သင့်အတွေးတွေ ပြောင်းလဲလိုက်ခြင်းက သင့်ဘဝအပေါ်မြင်နေတဲ့အမြင်ကိုလည်း ပြောင်းလဲပေးနိုင်ပြီး ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းဖြစ်ပေါ်လာတာပါပဲ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။