ပျော်ရွှင်ဖို့အတွက် အာရုံစိုက်သင့်တဲ့အရာတွေ

“Money is numbers and numbers never end. If it takes money to be happy, your search for happiness will never end.” - Bob Marley ငွေက အရေအတွက်တစ်ခုသာဖြစ်ပါတယ်။ အရေအတွက်က ဘယ်တော့မှမဆုံးနိုင်ပါဘူး။ သင်ကသာ ငွေကို ပျော်ရွှင်စရာအဖြစ်သတ်မှတ်ထားတယ်ဆိုရင် သင်ကပျော်ရွှင်စရာကို ရှာလို့ကို ဆုံးနိုင်တော့မှာမဟုတ်ပါဘူး။ အဆို တော် Bob Marley ကပြောထားပါတယ်။ တကယ်တော့ပျော်ရွှင်ခြင်းက ငွေမဟုတ်ဘဲ သင့်စိတ်ထဲကဖြစ်တည်မှုသာဖြစ်ပါတယ်နော်။ အဲဒါကြောင့် ပျော်ရွှင်ချင်တယ်ဆိုရင် သင်စိတ်ထဲက အာရုံစိုက်တဲ့အရာတွေကို သတိထားသင့်ပါတယ်။ အဲဒီ့တော့ ပျော်ရွှင်ဖို့အတွက် ဘယ်အရာတွေကို အာရုံစိုက်သင့်သလဲဆိုတာ ဖတ်ကြည့်လိုက်ပါအုံး။


၁) ကိုယ်ကျေးဇူးတင်သင့်တဲ့အရာတွေ
တိုက်ပိုင်လား၊ ကားပိုင်လား၊ အိမ်ပိုင်လားဆိုတဲ့အရာတွေမဟုတ်ပါဘူး။ ကိုယ့်ကိုချစ်တဲ့သူတွေ၊ ကိုယ့်ကို အလိုရှိတဲ့သူတွေ၊ ကိုယ့်ကို ကောင်းစေချင်တဲ့လူတွေ၊ ကိုယ်အခုချိန်ထိ ကျန်းမာရေးဒေါင်ဒေါင်မြည်နေသေးတာတွေ၊ ကိုယ်ခုချိန်ထိ လုပ်ချင်တာလုပ်ခွင့်ရနေသေးတာတွေ၊ ခုထိ ပုံမှန်ဝင်ငွေတစ်ခုပိုင်ဆိုင်နေတာတွေ စတဲ့ ကိုယ့်ဘဝထဲမှာ ကျေးဇူးတင်သင့်တဲ့အရာတွေကိုပဲ အာရုံစိုက်ပါ။

၂) ကိုယ်လုပ်နိုင်နေတာတွေ
ခုထိ လမ်းလျှောက်ပြီး သွားချင်ရာသွားနေနိုင်တာက အိပ်ရာထဲလဲနေတဲ့သူထက် ကိုယ်လုပ်နိုင်တဲ့အရာပဲမဟုတ်လား၊ ခုထိ ကိုယ်ရယ်မောနေနိုင်တာက ငိုနေတဲ့သူတွေထက်တော့ မသာဘူးလား၊ ခုထိ လက်နှစ်ဖက်လုံးသန်မာနေသေးတာက ကိုယ်လုပ်ချင်ရာလုပ်နေနိုင်သေးတယ်မဟုတ်လား။ ခုထိကားတစ်စီးမပိုင်သေးပေမယ့် ငွေနှစ်ရာထဲနဲ့ ဘတ်စ်ကားစီးနိုင်သေးတယ်မဟုတ်လား။ စသဖြင့် မဖြစ်နိုင်တာတွေထက် ကိုယ်လုပ်နိုင်နေတာလေးတွေကို တွေးကြည့်လိုက်ပါ။

၃) ကိုယ့်ကိုကိုယ်လက်ခံသင့်တာတွေ
အသားမည်းတာက မွေးရာပါမို့ လက်ခံလိုက်ပါ။ သွားခေါတာက ငယ်စဉ်ကတည်းကမို့ လက်ခံလိုက်ပါ။ ဆင်းရဲတာက မိဘလက်ထက်ကတည်းကမို့ စိတ်ညစ်စရာမလိုပါဘူး။ ဆံပင်ကောက်တာက မွေးရာပါမို့ စတိုင်တစ်မျိုးတောင်ဖြစ်နေသေးတာမို့ လက်ခံလိုက်ပါ။ စသဖြင့် ကိုယ်မပယ်ဖျက်နိုင်တာ၊ ကိုယ်မပြုပြင်နိုင်တာကို လက်ခံလိုက်ပါ။

၄) ခွင့်လွှတ်ပေးသင့်တာတွေ
ကိုယ့်အပေါ်ဘယ်လောက်မကောင်းတဲ့သူဖြစ်ဖြစ် ခွင့်လွှတ်ပေးလိုက်ပါ။ ခွင်လွှတ်ပေးလိုက်ခြင်းက ကိုယ့်စိတ်ကို အရင်အေးချမ်းစေပါတယ်။ သူဘယ်လောက်ဆိုးဆိုး သူ့ပုံရိပ်ပါ။ ကိုယ်ကောင်းတာက ကိုယ့်ပုံရိပ်ပါ။ သူဘယ်လောက်ဆိုးဆိုး ကိုယ်ကောင်းဖို့ပဲလိုပါတယ်။ ကိုယ်ကောင်းခြင်းက ကိုယ့်အတွက်ပါပဲ။ စိတ်ကနေစပြီး အရင်အေးချမ်းမယ်၊ နောက်စိတ်ကောလူပါအေးချမ်းတဲ့အတွက် ပျော်ရွှင်စရာဖြစ်နေပါလိမ့်မယ်။

၅) ကိုယ့်ရည်မှန်းချက်တွေ
ကိုယ့်ဖြစ်ဖို့ရည်မှန်းထားတာတွေကိုသာ ဘယ်လိုအကောင်အထည်ဖော်ဖို့ကြိုးစားမလဲစဉ်းစားပါ။ အာရုံစိုက်ပါ။ တဆင့်ချင်း ပုံဖော်ပါ။ ပုံဖော်ခြင်းကနေ လဲကျတဲ့အခါ ဘယ်လိုပြန်ထမလဲ ဘယ်လိုပြန်ကြိုးစားမလဲဆိုတာကိုသာ ပြန်တွေးပြီး လက်တွေ့ပုံဖော်ခြင်းက သင်မှန်းထားတာလေးတွေဖြစ်လာတဲ့အခါ သင့်စိတ်ကို ပျေ်ာရွှင်စေပါတယ်။ မဖြစ်လာသေးရင်လည်း ဖြစ်အောင်ဘယ်လိုလုပ်မလဲဆိုတာကိုတွေးတောပြီး အစီအစဉ်ဆွဲ၊ လက်တွေပုံဖော်ဖို့သာ စဉ်းစားဖြစ်နေတဲ့အတွက် အခြားကိုအာရုံမရှိတော့ပါဘူး။

၆) ကိုယ့်ကိုကိုယ်နှိုင်းယှဉ်ချက်တွေ
အခြားသူတွေနဲ့နှိုင်းယှဉ်ခြင်းက သင့်ကိုစိတ်ဓာတ်ကျပြီး စိတ်ဆင်းရဲစေပါလိမ့်မယ်။ သင့်ကိုယ်သင်သာ နှိုှု်င်းယှဉ်သင့်ပါတယ်။ ဒီနေ့ထက် မနက်ဖြန်သင်ပိုတော်လာဖို့၊ သင်ပိုပြီ းအရည်အချင်းနဲ့ထက်မြက်လာဖို့၊ သင့်အလုပ်တွေ ပိုပြီးမြောက်လာဖို့ စသဖြင့်ပေါ့။ အဲဒါက အချိန်ကုန်ရကျိုးနပ်စေပြီး သင့်အတွက် ပိုတိုးတက်လာစေပါတယ်။ သင့်ဘဝပိုတိုးတက်လာခြင်းက သင့်ကိုပိုပြီပျော်ရွှင်လာစေမှာပါ။ အခြားသူတွေနဲ့နှိုင်းယှဉ်ဖို့ထက် သင့်ကိုသင်နှိုင်းယှဉ်ဖို့သာ အာရုံစိုက်ပါ။

ကိုယ့်ကိုကိုယ်ပျော်ရွှင်စေဖို့က ငွေတွေအများကြီးပိုလျှံနေမှမဟုတ်ပါဘူး။ ကိုယ့်မှာရှိထားတာလေးကို ကျေနပ်နေရင်၊ ကိုယ်မလုပ်နိုင်တာထက် လုပ်နိုင်တာလေးတွေကို မြင်ပြီး လုပ်သင့်တာလုပ်နိုင်ရင်၊ ကိုယ့်ကိုကိုယ်လက်ခံနိုင်ရင်၊ ကိုယ့်မှာ ငွေနဲ့ဝယ်နိုင်တဲ့တန်ဖိုးကြီးအရာတွေထက် ငွေနဲ့တောင်ဝယ်မရနိုင်တဲ့တန်ဖိုးရှိတဲ့အရာတွေကို မြင်တတ်ရင် ကိုယ့်ဘဝကြီးကနေပျော်စရာဖြစ်နေမှာပါပဲ။ အဲဒါကြောင့် ကိုယ်ရထားတဲ့ဘဝကို ပျော်ရွှင်တတ်စေဖို့ ကိုယ့်မှာရှိထားတာလေးတွေကို မြင်တတ်ပါစေလို့တိုက်တွန်းလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။