ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်နေရာတစ်ခု ဘယ်လိုဖန်တီး မလဲ။

လုပ်ငန်းခွင်ထဲမှာ ရွှင်လန်းတက်ကြွနေခြင်းက သင့်ရဲ့အလုပ်အောင်မြင်စွာပြီးမြောက်ခြင်းနဲ့လည်း ဆက်စပ်နေပါတယ်နော်။ အလုပ်တွေ ပြီးမြောက်အောင်မြင်ဖို့ သင့်ရဲ့အလုပ်ခွင်နေရာ၊ သင့်ရဲ့အလုပ်ခွင်က အပေါင်းအသင်း၊ အကြီးအကဲ စတဲ့ အချက်တွေပေါ်မှာလည်း မူတည်နေပါတယ်။ အဲဒါကြောင့် သင့်ရဲ့အလုပ်ခွင်မှာ သင့်အတွက် ပိုမိုကောင်းမွန်တဲ့ နေရာတစ်နေရာဖြစ်လာစေဖို့ လုပ်သင့်တဲ့အချက်လေးတွေဖော်ပြပေးချင်ပါတယ်။


၁) အလင်းရောင်ရပါစေ။
အလင်းရောင်ကောင်းစွာရတဲ့ အခန်းက သင့်ရဲ့အလုပ်တွေ မြန်မြန်ပြီးမြောက်ဖို့ လန်းဆန်းတက်ကြွစေပါတယ်။ အလင်းရောင်ကောင်းစွာမရဘဲ မှောင်မိုက်နေတဲ့အခန်းထဲမှာဆိုရင် သင့်ရဲ့စိတ်တွေလည်း ထိုင်းမှိုင်းနေမှာမို့ ဘယ်လိုမှ အလုပ်ကို တက်ကြွစွာလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် သင့်ရဲ့အလုပ်နေရာကို အလင်းရောင်ရဖို့လိုပါတယ်။

၂) သန့်ရှင်းမှုရှိပါစေ။
အလုပ်စားပွဲက အမှိုက်တွေ၊ စာရင်းစာရွက်တွေလုံးထွေးပြီး ပစ်ထားတဲ့နေရာဆိုရင် ဘယ်လိုလုပ် သင့်အတွက် တက်ကြွမှုရှိနိုင်ပါ့မလဲ။ မြင်လိုက်တာနဲ့တင် အလိုလို စိတ်ရှုပ်ထွေးပြီး လူကပါ လေးလံထိုင်းမှိုင်းနေမှာပါ။ သန့်ရှင်းမရှိတဲ့အခါ ကျန်းမာရေးနဲ့လည်း မညီညွှတ်နိုင်လို့ အလုပ်ကို ကြိုးစားပမ်းစားလုပ်နိုင်မှာမဟုတ်ပါဘူး။

၃) သပ်ရပ်မှုရှိပါစေ။
မြင်ယောင်ကြည့်လိုက်ပါ၊ ဖိုင်တွေက ဖွင့်လျက်တမျိုး၊ ပိတ်လျက်တမျိုး၊ စာရင်းစာအုပ်တွေက ဟိုနားတင်၊ ဒီနားဖွင့်၊ စာရွက်တွေပေပွ နေတဲ့ အလုပ်နေရာမှာ သင်ဘယ်လိုများ စိတ်ကြည်လင်နိုင်ပါ့မလဲ။ အလုပ်တွေက မပြီးလို့ လူကစိတ်ဖိစီးနေရတဲ့အထဲ အလုပ်ချိန်ပြီးတာနဲ့ စားပွဲမှာ ပုံပွနေတဲ့ဖိုင်တွေရှင်းရတာနဲ့တင်အချိန်သပ်သပ်ထပ်ကုန်အုံးမယ်မဟုတ်လား။ တွေးရင်းနဲ့တောင် သင်စိတ်ရှုပ်လာမှာပါ။ အချိန်တွေ အလဟဿကုန်လေခြင်းလို့ ယူကြုံးမရလည်းဖြစ်နေမိမှာပါ။ အဲဒါကြောင့် စပြီးအလုပ်လုပ်ကတည်းက စားပွဲပေါ်မှာရှိသင့်တာတွေပဲထားပါ။ သပ်ရပ်မှုရှိပါစေ။ စင်ပေါ်ပြန်ထားသင့်တာမျိုး ချက်ချင်းပြန်ထားပါ။ အဲဒါက သင့်ကို စိတ်ကြည်လင်စေမှာပါ။

၄) ပြုံးရွှင်ရယ်မောပါ။
အပြုံးက တစ်ယောက်ကို တစ်ယောက်ကူးစက်လွယ်တယ်ဆိုတာ သင်ကြားဖူးတယ်မဟုတ်လား။ အလုပ်ခွင်မှာ တစ်ယောက်ကို တစ်ယောက် ပြုံးရယ်ပြလိုက်ခြင်းက ဘာပဲဖြစ်ဖြစ် တခဏတော့ စိတ်ကြည်လင်သွားစေတာပါပဲ။ အဲဒါကြောင့် လူတိုင်းကို ပြုံးပြပါ၊ ရယ်မောပါ။

၅) အကောင်းဘက်ဖြည့်တွေးပေးပါ။
အလုပ်ခွင်မှာ မပြောချင်ပေမယ့် ပြောရမယ့်စကားမျိုးရှိနေတာမျိုး၊ သင့်လုပ်ဖော်ကိုင်ဖက်ကလည်း သင့်အပေါ်မပြောချင်ပေမယ့် ပြောရတာမျိုး ရှိနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ သူကဘာမို့ ငါ့ကိုဒီလိုပြောလဲ….ဆိုပြီး တနုံနုံတွေးလို့ စိတ်မခုပါစေနဲ့။ ချက်ချင်း သူ့ဘက်ကနေ ဖြေတွေး တွေးပေးလိုက်ပါ။ အဲဒါက သူ့အတွက်မဟုတ်ပါဘူးနော်။ သင့်အတွက်ပါ။ သင်စိတ်ကြည်လင်နေတော့ သင့်အလုပ်တာဝန်ကို သင်ကောင်းမွန်စွာ လုပ်ဆောင်နိုင်တာပေါ့။

၆) လေထုကို သန့်စင်ပေးတဲ့ indoor plant လေးတွေ စိုက်ပါ။
သင့်စားပွဲမှာ ထိုအပင်ငယ်လေးရှိခြင်းက သင့်စိတ်ကို ကြည်လင်စေပါလိမ့်မယ်။ ပုံမှန် ရေလောင်း၊ ဆေးကျွေး လုပ်ပေးသင့်တာလေးတွေ လုပ်ပေးကြည့်ပါ။ အဲဒါက အပင်လေး လန်းဆန်းလာလေလေ သင်လည်း စိတ်ကြည်လင်လာလေလေပါပဲ။ မယုံမရှိပါနဲ့နော်…..သင့်အတွက် စိတ်ချမ်းသာစေမှာပါ။

၇) ပန်းအိုးထိုးပေးပါ။
သင့်စားပွဲမှာ သင်အရမ်းကြိုက်တတ်တဲ့ပန်းမျိုး ဝယ်ပြီး အလှဆင်ပေးပါ။ အများကြီးမလိုပါဘူးနော်…..ဥပမာ၊ နှင်းဆီတပွင့်လိုမျိုးပေါ့။ သင့်စိတ်ကြိုက်အရောင်နဲ့ သင်စိတ်ကြိုက်ဆင်ပါ။ အဲဒါက သင့်အတွက် စိတ်ကြည်လင်စေပါတယ်။ ပန်းအိုးလေးကိုမြင်နေတာနဲ့တင် အလိုလို စိတ်ကြည်နူးနေတာမျိုးပါ။

၈) အမွှေးနံ့ဖြန်းပေးပါ။
ကိုယ်ကြိုက်တတ်တဲ့အနံ့မျိုးဖြန်းထားတာကလည်း စိတ်ကြည်လင်စေပါတယ်။ ဒါပေမယ့် အများနဲ့ အတူ တွဲထိုင်ရတဲ့နေရာမျိုးဆိုရင်တော့ အခြားသူများကြိုက်မကြိုက်မေးကြည့်ပါအုံး။ သင့်တစ်ယောက်တည်းအတွက်ဆိုရင်တော့ အမွှေးနံစူးရှတာမျိုးမဟုတ်ဘဲ သင်းသင်းလေးနဲ့ လန်းဆန်းစေမယ့် အမွှေးနံ့မျိုးက သင့်အတွက်အဆင်ပြေမယ်ထင်ပါတယ်။ (အနံ့သင်းတာမျိုးက အခြားသူများအတွက်လည်း အနှောင့်အယှက်ဖြစ်စေမယ်မထင်ပါဘူး)

အထက်ပါအချက်လေးတွေက သင့်အလုပ်ခွင်နေရာကနေမှတဆင့် သင့်အတွက်ပိုပြီး စွမ်းဆောင်နိုင်စွမ်းတက်လာအောင် လုပ်ပေးနိုင်မယ့်အချက်လေးတွေပါ။ စာဖတ်သူတွေလည်း လုပ်ကြည့်လိုက်ပါအုံးနော်။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။