ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင်ကြိုးစားပြီး နာကျင်စရာကောင်းတဲ့မှတ်ဉာဏ်တွေကို အနိုင်ယူလိုက်ပါ။

ပိုကောင်းတဲ့ဘဝတစ်ခုဖြစ်လာအောင် ကြိုးစားခြင်းက သင့်ရဲ့နာကျင်မှုတွေကို ကုစားနိုင်တယ်ဆိုရင် ယုံမလား။ သင့်ရဲ့အောင်မြင်မှုတွေဟာ သင့်ရဲ့ဘဝတစ်ခုလုံးကို နေပျော်လာနိုင်စေတာမို့ တကယ်လုပ်ကြည့်လိုက်ပါနော်။ အောင်မြင်မှုဆိုတဲ့နေရာမှာ ကျိကျိတက်ချမ်းသာမှ၊ ငွေတွေသုံးမကုန်ဖြုန်းမကုန်အောင်ရှိမှ၊ ကားအကောင်းစားနဲ့ အိမ်တွေအများကြီးပိုင်ဆိုင်မှဆိုတာမျိုးကဲ့သို့ ရုပ်ဝတ္ထုပိုင်ဆိုင်မှုမျိုးကို ပြောချင်တာမဟုတ်ပါဘူး။ သင့်ကိုယ်သင် ယုံကြည်မှုတိုးလာစေပြီး သင်ရည်မှန်းထားတဲ့အရာတွေအပေါ်မှာ ဖြစ်မြောက်အောင်၊ အောင်မြင်အောင်ကြိုးစားနိုင်လာတဲ့စိတ်ကို ပြောချင်တာပါ။


နာကျင်စရာကောင်းတဲ့မှတ်ဉာဏ်ဆိုတာက အဓိက စိတ်ကြောင့်ဖြစ်တာပါ။ စိတ်ကြောင့်ဖြစ်တာကို စိတ်နဲ့ပဲကုစားရတယ်ဆိုတဲ့စကားကို ကြားဖူးကြမှာပါနော်။ နာကျင်တဲ့စိတ်၊ ကြေကွဲစိတ်၊ သိမ်ငယ်စိတ်၊ အားငယ်စိတ်၊ ယူကြုံးမရတဲ့စိတ်၊ စတဲ့ စိတ်ကြောင့် ခံစားခဲ့ရတာတွေကို သက်သာဖို့အတွက် စိတ်ကိုပြန်ပြီး ခွန်အားဖြစ်လာဖို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးတဲ့စိတ်ဖြစ်လာအောင်လုပ်ရပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးလာမယ့်အရာတွေ၊ ကိုယ်ပျော်ရွှင်ပြီး အခြားသူလည်းအကျိုးရှိမယ့်အရာတွေ၊ ကိုယ့်အတွက် လုပ်သင့်လုပ်ထိုက်တာတွေ၊ ကိုယ့်အစွမ်းအစတိုးတက်လာဖို့၊ ကိုယ့်ကိုအခြားသူတွေ လေးစားလာဖို့ စတဲ့အရာတွေအများကြီးလုပ်ရင်း ကိုယ့်စိတ်ကို ပြန်ပြီးအဆင်ပြေအောင်ကုစားရပါတယ်။

အဲဒါကြောင့် ကိုယ့်ဘဝက နာကျင်စရာကောင်းခဲ့တယ်ဆိုရင် ပိုပြီး ကောင်းမွန်တဲ့ဘဝတစ်ခုဖြစ်လာအောင် ကြိုးစားခြင်ကသာ ကုစားနိုင်ပါလိမ့်မယ်။ အော်ပရာဝင်းဖရေးဟာ သူမငယ်စဉ်ဘဝက လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတာတွေရှိတယ်၊ ဆင်းရဲအဆင်မပြေမှုတွေရှိတယ်ဆိုပြီး ကြားဖူးကြမှာပါ။ အခုချိန်မှာတော့ သူမက အောင်မြင်တဲ့သူတစ်ယောက်ဖြစ်သွားပါပြီ။ အဲဒါအပြင် လူမှုရေးလုပ်ငန်းတွေကိုလည်း အတတ်နိုင်ဆုံးလုပ်နိုင်သွားပါပြီ။ ငွေကြေးချမ်းသာအောင်မြင်သူအဖြစ် ကြိုးစားရင်း သူ့ဘဝကို ပိုအောင်မြင်အောင်ကြိုးစားရင်း သူမရဲ့ဒဏ်ရာတွေကို ကုစားလိုက်တာပါပဲ။ အခုချိန်မှာ သူမရဲ့နာကျင်မှုတွေကို စင်မြင့်ပေါ်မှာ အကောင်းဆုံး ပြန်လည်ပြောပြနိုင်ခဲ့ပြီမဟုတ်လား။ ဒီသဘောတရားပါပဲ။
ဥပမာ။ ကိုယ်က အဝေးသင်တက်နေတုန်း စားပွဲထိုးလုပ်လို့ ကိုယ့်ကို မတူမတန်ဆက်ဆံခံရမယ်ဆိုရင် ဒီထက်မြင့်တဲ့ရာထူးတစ်ခုကို ရဖို့လိုအပ်တဲ့အရည်အချင်းတွေကို ကြိုတင်လေ့လာပြီး သင်ယူထားပါ။ ကိုယ့်အစွမ်းအစကို ဖြည့်တင်းထားပါ။ ဘွဲ့ရတဲ့အခါ ကိုယ့်လက်ထဲရာထူးတိုးဖို့လိုအပ်တဲ့အရည်အချင်းတေါပြည့်ဝနေအောင် ကြိုးစားပါ။ နောက်ထပ်ရာထူးတဆင့် တက်နိုင်အောင် ကြိုးစားပြီး ကိုယ့်ကိုနှိမ်ခဲ့သူတွေကို ကိုယ့်အစွမ်းအစကို သက်သေပြလိုက်ပါလို့ပြောချင်တာပါ။ အဲဒီ့အခါ စားပွဲထိုးလုပ်တုန်းက ကိုယ်နာကျင်ခဲ့ရတဲ့မှတ်ဉာဏ်ကို ကိုယ့်ရဲ့ ပိုမြင့်ပြိး ပိုသာတဲ့ရာထူးက ကိုယ့်အောင်မြင်မှုပဲမို့ ကိုယ့်နာကျင်မှုကို ကုစားနိုင်ပါလိမ့်မယ်။

အခြားအောင်မြင်တဲ့လူတွေအားလုံးမှာလည်း နာကျင်မှုမှတ်ဥာဏ်တွေရှိကြသူချည်းပါပဲ။ ဒါပေမယ့် သူတို့က နာကျင်မှုမှတ်ဥာဏ်တွေကို ပိုက်ပြီး Drama ခင်းရင်း အချိန်ကုန်နေတဲ့သူတွေမဟုတ်ကြပါဘူး။ နာကျင်မှုကို ပြန်ပြီး ကုစားနိုင်မယ့် အောင်မြင်မှုအသစ်အသစ်တွေရအောင် ပြန်ကြိုးစားရင်း အချိန်ကုန်နေကြတာပဲဖြစ်ပါတယ်။ "နာကျင်မှုက လူတိုင်းရဲ့အတိတ်ပုံပြင်မှာရှိနေနိုင်ပါတယ်။ အဲဒါက သင့်အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် နာကျင်မှုကို တသသလုပ်ပြီး ပြန်ကုစားဖို့မကြိုးစားရင်တော့ သင့်အပြစ်ပါပဲ" လို့ပြောလိုက်ချင်ပါတော့တယ်။
ကိုယ်က ဆင်းရဲခဲ့ဖူးရင် ကိုယ့်လိုဆင်းရဲတဲ့မိသားစုတွေကို ပြန်ပြီး ကူညီနိုင်တဲ့လူဖြစ်အောင်ကြိုးစားပါ။ ကိုယ်က မသန်စွမ်းဖြစ်ဖူးရင် ကိုယ့်လိုမသန်စွမ်းတဲ့လူတွေကို ပြန်ကူညီဖို့ကြိုးစားပါ။ ကိုယ်က နာကျင်ခဲ့ဖူးရင် ကိုယ့်လိုနာကျင်ခဲ့ဖူးသူတွေကို ပြန်ကုစားပေးနိုင်ဖို့ ကြိုးစားသင့်တာပါ။ အဲဒါမှ ကိုယ်က သူတို့ကို ပိုပြီး ကိုယ်ချင်းစာပေးနိုင်တာမဟုတ်လား။ “သင်မွေးဖွားလာတဲ့ဘဝကဆင်းဆင်းရဲရဲနဲ့မွေးလာရင် သင့်အပြစ်မဟုတ်ပါဘူး၊ သင်သေဆုံးထိအထိ ဆင်းဆင်းရဲရဲနဲ့ သေဆုံးသွားရမယ်ဆိုရင်တော့ သင့်အပြစ်ပါပဲ” ဆိုတဲ့စကားကို ကြားဖူးကြမှာပါ။ ပြောချင်တာက ကြီးပွားချမ်းသာမှမဟုတ်ပါဘူး။ ကိုယ့်မိဘလက်ထပ်ကမွေးဖွားလာတဲ့အခြေအနေထက် ပိုပြီး တိုးတက်‌အောင် ကြိုးစားဖို့လိုတယ်ဆိုတာကို ပြောချင်တာပါပဲ။ လက်ရှိရောက်နေတဲ့အခြေအနေကနေ တဆင့်သာအောင် အမြဲကြိုးစားနေရမှာပါပဲ။ အဲဒီလို ကြိုးစားနေခြင်းဟာ သင့်အတိတ်က နာကျင်မှုအချို့ကိုလည်း ပြန်လည်ကုစားနိုင်ပါတယ်လို့ တွေးမိသလောက်‌ဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။