ပေးဆပ်မှုမှန်ကန်ပါစေ။

တကယ်တော့ ပေးဆပ်တယ်ဆိုတဲ့နေရာမှာ တချို့တွေက ဘာမှပြန်မလိုချင်ပါဘူးလို့ပြောတတ်ကြပါတယ်။ အမှန်ပါပဲ.....ဘာကို ပြန်ရမလဲ...ဆိုတဲ့မျှော်လင့်ချက်နဲ့ပေးဆပ်ရတာက ပင်ပန်းပါတယ်။ ဘာကိုမှ ပြန်မလိုချင်ဘဲ ပေးဆပ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် သင်ဘယ်လောက်ပေးဆပ်ပါစေ......မသိတတ်တဲ့၊ အသိအမှတ်မပြုတတ်တဲ့လူတန်းစားတစ်ရပ်လည်းရှိပါသေးတယ်ဆိုတာ မမေ့လိုက်ပါနဲ့အုံး။ အဲဒီလိုလူမျိုးတွေကို သင်က ဘာမှမလိုချင်ပါဘူးဆိုပြီး ပေးဆပ်လိုက်ပေမယ့်လည်း သင့်ထံက ရသမျှသာ ယူသွားပြီး ရလေလိုလေ အိုတစ္ဆေဆိုတဲ့ပုံစံမျိုးနဲ့ထပ်ပြီးတော့တောင် သင့်ကို ဒုက္ခပေးနိုင်ပါသေးတယ်။ ဘယ်နေရာမှာ မဆို အစွန်းရောက်တယ်ဆိုတာ မကောင်းနိုင်ပါဘူး။ အခုလို လူတစ်ယောက်လုံးကို ပေးဆပ်တယ်ဆိုတဲ့ကိစ္စမှာလည်း အလားတူပါပဲ။


ကိုယ်က ကိုယ်တတ်နိုင်သလောက် အစွမ်းကုန်ပေးဆပ်ပြီး လုပ်ပေးနိုင်သလောက် လုပ်ပေးလိုက်ပေမယ့် (တကယ်လည်း ဘာကိုမှပြန်မမျှော်လင့်ထားပေမယ့်) သင်က ဘာကိုမှမမျှော်လင့်ဘဲပေးဆပ်တတ်မှန်းသိလို့ကို သင့်ပေးဆပ်မှုကို ချနင်းပြီး သင့်ထံက အရိုးရရ၊ အသားရရ၊ အဆီရရ ရသမျှ ယူသွားမယ့် အတ္တကြီး အစွန်းရောက်လူမျိုးတွေလည်းရှိတယ်ဆိုတာကို သင်မေ့ထားလို့လည်းမဖြစ်နိုင်ပါဘူး။

လူတိုင်းဟာ သာမန်ပုထုဇဥ်မို့ပဲ ပေးဆပ်တယ်ဆိုတဲ့နေရာမှာ ဘာကိုမှ မမျှော်လင့်ရင်တောင် အသိအမှတ်ပြုခြင်းကိုတော့ မျှော်လင့်တတ်ကြတာပါပဲ။ ယုတ်စွအဆုံး သင်ပေးလိုက်တဲ့အရာတစ်ခုအတွက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားလေးတစ်ခွန်းပဲ ပြန်ကြားရပါစေအုံး ကျေနပ်မိတာပဲမဟုတ်လား။ အဲဒီသဘောတရားပါပဲနော်။ ဒါပေမယ့် အတ္တကြီးပြိး တဖက်စွန်းရောက်နေတဲ့လူမျိုးတွေအတွက် ပေးဆပ်လိုက်တဲ့အခါမှာတော့ သင့်ရဲ့ပေးဆပ်မှုကိုတောင်မှ သူတို့ရဲ့ရပိုင်ခွင့်လို့ ထင်လာတတ်တာမျိုးပါ။ အဲဒီလို သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ သင်ဘယ်လောက်အနစ်နာခံပြီးပေးဆပ်ပါစေ၊ သူတို့အတွက်က စာနာနားလည်ပြီး လေးနက်စွာ ခံစားပေးမှာမဟုတ်ပါဘူး။ သူတို့အတွက်က သူတို့ရပိုင်ခွင့်ကို သင်ကဖြည့်ဆည်းပေးရတယ်လို့သာထင်မြင်တာမို့ သင်က ပေးဆပ်သူမဟုတ်ဘဲ သူတို့အလိုဆန္ဒကို ဖြည့်ကိုဖြည့်ဆည်းပေးရမယ့် အရုပ်သာသာပါပဲ။ ပုံပြင်လေးတစ်ပုဒ်ဖတ်ဖူးကြမှာပါ။ မြေခွေးနဲ့ ကျီးကန်းဟာ သူငယ်ချင်းတွေဖြစ်ကြပါသတဲ့။ မြေခွေးဟာ တောထဲ ပင်ပန်းစွာ အစာရှာရတာမို့ ကျီးကန်းဟာ သူအစာရှာတိုင်း ရလာသမျှ အသားတုံးလေးတွေကို သူ့မိတ်ဆွေ ကျီးကန်းအတွက် စေတနာနဲ့ သယ်သယ်လာပြီး သူ့မိတ်ဆွေမြေခွေးကို ကျွေးတတ်ပါတယ်။ အမြဲလို သယ်သယ်လာတတ်တာမို့ မြေခွေးဟာ ပထမစစချင်းတုန်းကတော့ ကျေးဇူးတင်စိတ်ဖြစ်မိပေမယ့် တခါတလေ ကျီးကန်းက အသားရှာမရလို့ အသားသယ်မလာနိုင်တဲ့အခါမျိုးမှာ မြေခွေးဟာ ကျီးကန်းကို အကြီးအကျယ်ဒေါပွတော့တာပါပဲ။ “နင်နေ့တိုင်းလုပ်နေကျအလုပ်ကို ဘာလို့မလုပ်တာလဲ၊ အခုတော့ ငါအစာငတ်ရပြီ၊ အဲဒါနင့်ကြောင့်၊ နင်သာ အစာရအောင်ရှာပြီးသယ်လာရင် ငါအစာငတ်မှာမဟုတ်ဘူး” ဆိုတဲ့စကားမျိုးတွေနဲ့ ကျီးကန်းကို ဆူပူစိတ်ဆိုးပါတော့တယ်။ အဲဒီ့ပုံပြင်ထဲကလိုပေါ့....ကျီးကန်းဟာ မိတ်ဆွေချင်း စာနာထောက်ထားတဲ့အနေနဲ့ အနစ်နာခံပြီး ပေးဆပ်လိုက်တာပါပဲ။ ဒါပေမယ့် မြေခွေးဟာ သူ့ရပိုင်ခွင့်အဖြစ်ထင်လာတဲ့အခါ စေတနာကိုပါ ကျေးဇူးမတင်ဘဲ အပြစ်ပြန်မြင်လာတဲ့အထိပါပဲ။

လူ့လောကမှာလည်း အဲဒီလို လူတန်းစားတစ်ရပ် ရှိကိုရှိပါတယ်။ အဲဒီလိုလူမျိုးတွေအတွက် ကိုယ်က ဘယ်လောက်ပဲ အရိုးကြေကြေ၊ အရေခမ်းခမ်း ကြိုးစားပေးဆပ်လိုက်ပါစေ။ သူတို့ရပိုင်ခွင့်လို့သာ သတ်မှတ်ပြီး သင်က သူတို့ကို မဖြစ်မနေ ပေးကိုပေးဆပ်ရမှာကို မှတ်ယူမယ့်အပြင် သင့်ကိုတောင် ကျေးဇူးမတင် အပြစ်တင်အုံးမှာပါ။ အဲဒီလိုလူတွေအတွက်တော့ “အချိန်တန် စေတနာကို နားလည်လာမှာပါ” လို့ သွားတွေးမိရင် လုံးဝကို မှားသွားပါလိမ့်မယ်။ သင့်စေတနာအလကားဖြစ်တာအပြင် သင်က သူတို့နဲ့ပတ်သက်နေသမျှကာလတစ်လျှောက်လုံးက အချိန်တွေသာ အလကားကုန်ဆုံးသွားစေတာပဲ အဖတ်တင်ပါလိ့မ်မယ်။ သင်မပေးဆပ်နိုင်တော့တဲ့တစ်နေ့ သင်ဟာ သူတို့ရဲ့ရန်သူတောင်ဖြစ်လာနိုင်ပါသေးတယ်။ သင်မပေးဆပ်နိုင်တော့တဲ့တစ်နေ့ သင့်ကိုပါ ပြန်ပြီး ရန်ထောင်နိုင်ပါတယ်။

တချို့လူတွေကျပြန်တော့ “အလိုရှိတော့ပြုံးပြုံး၊ မလိုတော့မုန်း” ဆိုတဲ့စကားလိုပါပဲ။ သူတို့အလိုရှိရာကို သင်ပေးဆပ်နိုင်တုန်းမှာတော့ သင့်အပေါ် တပြုံးပြုံးဖြစ်နေပေမယ့် သူတို့အလိုရှိရာကို သ်မပေးဆပ်နိုင်တော့တဲ့တစ်နေ့မှာတော့ သင့်ကိုမဲ့ကာရွဲ့ကာနဲ့ ရန်သူလိုဆက်ဆံတတ်ပါတယ်။ အဲဒီလိုလူမျိုးတွေကို parasitic ကပ်ပါးကောင်လို့ ခေါ်ရမယ်ထင်ပါတယ်။ ငယ်ငယ်ကသင်ခဲ့ဖူးတဲ့ စာတွေထဲကလို အပင်တစ်ပင်အပေါ်မှာ ကပ်ပါးပင်(parasitic plant )အဖြစ် ပေါက်ရောက်ရှင်သန်နေတတ်ပြီး ကိုယ်တွယ်ကပ်ပေါက်နေတဲ့အပင်ထံက အဆီအနှစ်တွေအားလုံးကို သူ့အတွက် စားသုံးနေတဲ့အပင်မျိုးပေါ့။ သူများအပင်ပေါ်မှာလည်း တွယ်ကပ်ပေါက်ရောက်နေတဲ့အပြင် ကိုယ်တွယ်ကပ်နေတဲ့အပင်ဆီကနေ ရသမျှ စုပ်ယူစားသုံးပစ်ပြီး ရှင်သန်တဲ့အပင်မျိုးပါ။ သင်ဘယ်လောက်ပေးဆပ်ပါစေ နားမလည်တတ်တဲ့လူတန်းစားဟာလည်း ထိုကပ်ပါးပင်နဲ့ အလားတူပါပဲ။ သင်သာ ပေးဆပ်ရလို့ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းသွားပါလိ့မ်မယ်။ သင့်ထံက ရသမျှယူပြီး သူ့အတွက်အသုံးမဝင်တဲ့အခါ သင့်ကိုအမှိုက်တစလို လွယ်လွယ်လေး လွှင့်ပစ်သွားမယ့်လူမျိုးတွေပါပဲ။
အဲဒါကြောင့် သင့်ပေးဆပ်မှုကို တကယ်တန်ဖိုးထားပြီး သင့်အနစ်နာခံမှုမှန်သမျှကို တကယ်စာနာနားလည်၊ ကိုယ်စားချင်တတ်တဲ့လူမျိုးကိုသာ ပေးဆပ်သင့်ပါတယ်။ အဲဒီလိုမဟုတ်ရင်တော့ ဘာကိုမှမမျှော်လင့်တဲ့ ပေးဆပ်မှုဆိုရင်တောင် parasitic plant လိုကပ်ပါးကောင်ကိုပေးဆပ်မိတဲ့အခါ သင်ပေးဆပ်မှုဟာ အလကားဖြစ်သွားမှာပါပဲ။ အဲဒါကြောင့် သင့်ပေးဆပ်မှု မှန်ကန်နိုင်ဖို့ တွေးမိသမျှဖော်ပြလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။