ပိုက်ဆံကို သုံးနေတာမဟုတ်ဘဲ ဖြုန်းနေမှန်း သိသာစေသောအချက်များ

ကိုယ်တွေငယ်ငယ်က မိဘတွေပြောလေ့ရှိတဲ့စကားရှိပါတယ်။ အသုံးနဲ့အဖြုန်းကိုခွဲခြားနားလည်ရမယ်ဆိုတဲ့စကားပါ။ သုံးတယ်ဆိုတာက ကိုယ့်အတွက်တကယ်လိုအပ်တဲ့အရာတွေအတွက် မဖြစ်မနေ ဝယ်ယူရမှာမို့ဝယ်ယူရတာမျိုးပါ။ ဖြုန်းတယ်ဆိုတာကတော့ ဝယ်လည်းဖြစ်၊ မဝယ်လည်းဖြစ်တဲ့အရာတွေအတွက် ငွေကို အတိုင်းအဆမရှိသုံးပစ်လိုက်တာမျိုးပါ။ တကယ်မဖြစ်မနေလိုအပ်တဲ့အရာတွေမဟုတ်ဘဲ ငွေကိုလက်ထဲမထားဘဲ သုံးပစ်လိုက်တာမျိုးပေါ့။ ဖြုန်းတီးတတ်တဲ့အကျင့်ဟာ စွဲလွယ်ပါတယ်။ အဲဒါကြောင့် မစဉ်းစားဘဲ ဈေးဝယ်တတ်တဲ့အကျင့်ကို ပြုပြင်သင့်ပါတယ်။


အောက်ပါအချက်တွေရှိရင် ဖြုန်းတီးသလိုဖြစ်နေတတ်တာမို့ပြုပြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

၁) စာရင်းမရှိဘဲ ငွေကုန်သွားခြင်း
ငွေလက်ထဲရောက်လာတာနဲ့ ဘာလုပ်ရမယ်ဆိုပြီး စာရင်းနဲ့လိုအပ်သမျှ ဝယ်ရန်ကြိုစီစဉ်ထားခြင်းမရှိဘဲ ငွေရလာသမျှ ဝယ်ပစ်တတ်တာမျိုးပါ။ တစ်ခုနှစ်ခုဝယ်မိရာကနေပြီး ငွေတွေ အလုံးအရင်းနဲ့ကုန်သွားတဲ့အခါမှသာ ငွေကုန်မှန်းသိပြီး စာရင်းပြစရာလည်း တိတိကျကျမရှိပြန်ပါဘူး။ အဲဒီ့အကျင့်က အင်မတန်သတိထားသင့်တဲ့အကျင့်ဖြစ်ပြီး ငွေပေါင်းဘယ်လောက်များများသင့်လက်ထဲရှိနေပါစေ ငွေကုန်တာကလွဲပြီး ဘာကိုမှထိရောက်စွာ ဝယ်ယူလိုက်ရတာမျိုးမဖြစ်နိုင်ပါဘူး။ တနည်းအားဖြင့် အဖတ်မတင်တာမျိုးပေါ့။

၂) မျက်လုံးထဲမြင်ရာကို ဝယ်တတ်ခြင်း
ဒီအကျင့်ကလည်း ဖြုန်းတီးရာကျပါတယ်။ မျက်လုံးထဲမြင်တာနဲ့ စိတ်ကိုအလိုလိုက်ပြီး ဝယ်လိုက်တာမျိုးပါ။ ငွေကုန်လို့ပြန်စဉ်းစားကြည့်လိုက်မှ ကိုယ့်မှာရှိပြီးသားဖြစ်နေတာ၊ ကိုယ့်အတွက်တကယ်မလိုအပ်တာကို ဝယ်မိပြီး ကိုယ့်အတွက် တကယ်လိုအပ်တာကျမှ မဝယ်မိတာမျိုးဖြစ်နေတတ်ပါတယ်။ အဲဒါကတော့ မျက်လုံးထဲမြင်ရာဝယ်တတ်တဲ့ကျေးဇူးပါပဲ။

၃) လိုအပ်တာမဟုတ်ဘဲ လိုချင်သမျှကို ဝယ်တတ်ခြင်း
ဒါကလည်းအတူတူပါပဲ။ ကိုယ်လိုချင်တာကို မစဉ်းစားဘဲ ဝယ်လိုက်တာမျိုးပါ။ အဓိကက လိုချင်တာနဲ့ လက်ထဲပိုက်ဆံရှိနေတာနဲ့တိုးရင် ဝယ်လိုက်တာမျိုးပါ။ စိတ်ကိုအလိုလိုက်နည်းတစ်မျိုးပါပဲ။

၄) မနှ‌မြောတတ်ခြင်း
ဒါကကျပြန်တော့ ဈေးဝယ်ရုံသက်သက်မဟုတ်ပါဘူး။ ကိုယ့်လက်ထဲ ငွေရှိတာနဲ့တိုးတဲ့အခါ ကိုယ့်ရဲ့ချွေးနှဲစာကို မနှမြောတတ်ဘဲ အလွယ်တကူ လက်လွယ်စွာနဲ့ ပေးကမ်းတတ်တာမျိုး၊ ချေးငှားတတ်တာမျိုးပါပဲ။ တနည်းအားဖြင့်တော့ ကိုယ့်အတွက် အရင်းအနှီးမဟုတ်ဘဲ လက်လွယ်စွာနဲ့ ဖြုန်းပစ်လိုက်တာပါပဲ။

သုံးတာနဲ့ဖြုန်းတာကို ခွဲခြားနားလည်ပြီး ဖြုန်းတီးမိနေတာမျိုးရှိတယ်လို့ကိုယ့်ကိုယ်ကိုယ်ထင်တယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်ဖို့ကြိုးစားကြည့်လိုက်ပါနော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။