ဖိအားများလာလျှင်ဘာဖြစ်လို့ ကျွန်တော်တို့ အလုပ်ကောင်းကောင်းမလုပ်နိုင်တော့တာလဲ။

အလုပ်ကဖိအားများတယ်….ဆိုပြီး တစ်ချို့တွေ ညည်းတတ်ကြတာ ကြားဖူးပါတယ်။ ဖိအားများတဲ့အလုပ်မှာ ဘာလို့ လူတွေ ကောင်းကောင်းအလုပ်ကို အာရုံမစိုက်နိုင်ရသလဲဆိုတဲ့ အကြောင်းအရာလေးကို ပြောပြပေးချင်ပါတယ်။ သိပြီးကြတဲ့အတိုင်းပါပဲ…..ဖိအားများတဲ့အခါ စိတ်ဖိစီးတတ်ပါတယ်။


လူတိုင်းမှာတော့ဖိအားအနည်းအများတော့ ရှိကြတာချည်းပါပဲ။ ဒါပေမယ့် (အလုပ်ကိစ္စ၊ လူမှုရေး၊ ငွေကြေး၊ စားဝတ်နေရေး၊ ကျန်းမာရေး) စတဲ့အချက်ပေါင်းများစွာ စုပြုံလာတဲ့အခါ ဖိအားတွေက လူကိုစိတ်ဖိစီးလာစေပါတယ်။ ဖိစီးမှုတွေက ဖြစ်ချင်စိတ်များတာကြောင့်ဖြစ်လာတာပါ။ အချိန်ပြည့် လိုချင်စိတ်၊ဖြစ်ချင်စိတ်တွေကို ဖြစ်အောင်မလုပ်နိုင်တဲ့အခါ စိတ်ဖိစီးလာမယ်၊ စိတ်ဖိစီးမှုကြောင့် ကြိုတွေးပြီး ပူပန်သောကရောက်မယ်၊ အနားယူချိန်နည်းပြီး အိပ်ချိန်နည်းလာမယ်၊ အိပ်ချိန်နည်းလာတဲ့အခါ အာရုံကြောနဲ့ပတ်သက်တဲ့ရောဂါေတွေဖြစ်လာမယ်။ ဥပမာ။ ခေါင်းကိုက်မယ်၊ သတိမေ့လျော့မယ်၊ အာရုံစူးစိုက်ခြင်းမရှိဘဲ ဒီအလုပ်မပြီးခင် နောက်တစ်ခုကိုစိတ်ရောက်ပြီး ထလုပ်မယ်၊ နောက်အလုပ်တစ်ခုလည်း မပြီးခင်ဘဲ ပထမအလုပ်ကမပြီးလို့ ပထမအလုပ်ကိုထပ်အာရုံပြန်ရောက်မယ် စသည်ဖြင့် အများကြီးပါပဲ။

အဲလိုတွေကြောင့် အလုပ်လည်း ကောင်းမွန်စွာ မပြီးမြောက်နိုင်သလို၊ လုပ်သမျှ အလုပ်တိုင်းလည်း ဟိုတစ်ဝက်၊ ဒီတစ်ပျက် ဖြစ်လာပါတော့တယ်။ အဲဒီ့အခါ နဂိုကမှ ဖြစ်ချင်စိတ်တွေများလို့ ဖြစ်ရတဲ့ဖိအားက သင့်ကို အလိုလို စိတ်တို၊ စိတ်ဆတ်စေတော့တာပါပဲ။ သင်က ဘာမှမဟုတ်တဲ့ကိစ္စအသေးလေးကိုတောင် ဝမ်းနည်းချင်ဝမ်းနည်းမယ်၊ ဒါမှမဟုတ် အကြီးအကျယ် ဝုန်းဒိုင်းကျဲပြီး ပေါက်ကွဲချင်ပေါက်ကွဲပစ်လိမ့်မယ် စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်ပါတယ်။

အဲလို စိတ်ပိုင်းဆိုင်ရာပေါက်ကွဲမှုတွေကြောင့် သင့်ရဲ့အာရုံစူးစိုက်နိုင်မှုကို မလုပ်ဆောင်နိုင်တော့ပါဘူး။ အဲဒါကြောင့် သင့်အလုပ်တွေကို
သင်သေချာအာရုံစိုက်နိုင်ခြင်းမရှိတော့ပါဘူးနော်။ အဲဒီ့အခါ သင့်ကိုသင်မလုပ်နိုင်ဘူးလို့ စပြီးအတွေးဝင်လာပါတယ်။ တဖြေးဖြေးစိတ်ဓာတ်ကျလာပြီး တက်ကြွမှုမရှိတော့ပါဘူး။ တက်ကြွမှုမရှိတော့တဲ့အတွက် ဘယ်အရာကိုမှ မလုပ်ချင်၊ မကိုင်ချင်ဖြစ်လာတတ်ပါတယ်။ အဲလိုအခြေအနေမျိုးကြုံလာပြီဆိုရင် စိတ်ဓာတ်ကျခြင်းမဆိုးဝါးလာခင် သင့်ရဲ့စိတ်ကိုပြေလျော့စေဖို့ တစ်ခုခုလုပ်သင့်နေပါပြီ။
ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ချွေးထွက်သွားအောင်လုပ်ပစ်လိုက်တာမျိုး၊ ဒါမှမဟုတ် အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်တာမျိုး၊ စိတ်ငြိမ်သွားအောင် တရားထိုင်တာမျိုး ၊ (စိတ်ဖိစီးမှုသက်သာအောင် လုပ်သင့်တဲ့နည်းလမ်းတွေ အရင်ကတည်းဖော်ပြပေးဖူးပါတယ်။ ပြန်ပြီး ရှာဖတ်ကြည့်ပြီး လိုက်လုပ်ကြည့်လို့ရပါတယ်)
အတတ်နိုင်ဆုံး အလုပ်တွေကို တစ်ပြိုင်တည်းပြီးမြောက်ချင်စိတ်ကိုလျော့ပါ။ တစ်ခုပြီးအောင် အာရုံစိုက်သေချာလုပ်ပြီးမှ နောက်အလုပ်တစ်ခုကို စပါ။ ပုံမှန်လမ်းလျှောက်တာ၊ တရားထိုင်တာမျိုးလုပ်ပေးပါ။
တစ်ခုသတိထားဖို့က အလုပ်ပြီးမြောက်ချင်ဇောနဲ့ တစ်ပြိုင်တည်းအလုပ်တွေ စုပြုံလုပ်ခြင်းက မကောင်းပါဘူး။ အဲဒီ့အခါ အထက်ကပြောပြခဲ့သလို ဖိအားတွေများလာပြီး သင့်အတွက် စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာကော မကောင်းတဲ့အကျိုးဆက်တွေဖြစ်လာစေပါတယ်။ အလုပ်တွေလည်း သေချာအာရုံမစိုက်နိုင်တော့တဲ့အတွက် အလုပ်တွေလည်း မပြီးနိုင်ပါဘူး။
အားလုံးပဲ ဆင်ခြင်နိုင်ကြပါစေ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။