No လို့ပြောထွက်ပါစေ။

အမှန်တကယ်တော့ ကျွန်တော်တို့နေ့စဉ်ဘဝမှာ မလုပ်ချင်ဘဲနဲ့ လုပ်ဆောင်နေရတာတွေအများကြီးရှိပါတယ်။ တကယ်တော့ အဲဒါက ဘဝရဲ့အစိတ်အပိုင်းတစ်ခုပါပဲ။ ဒါပေမယ့်အချို့သောသူတွေကတော့ သူတို့မလုပ်ချင်တဲ့အရာတွေကို လုပ်ဆောင်ပေးဖို့ ကတိပေးတတ်ကြပါတယ်။ တကယ်တော့ ကျွန်တော်တို့တွေမှာ no လို့ပြောဖို့ခက်နေကြတာပါ။ အခြားသောသူတွေက ကျွန်တော်တို့ကို အလိုရှိနေတာမျိုး နှစ်သက်တာမျိုးကို ကျွန်တော်တို့လိုချင်ကြပါတယ်။ တစ်စုံတစ်ယောက်က အကူအညီတောင်းတာမျိုးကို ပြတ်သားစွာငြင်းလိုက်ဖို့ ကျွန်တော်တို့အတွက် တကယ့်ကိုခက်တာပါ။ တစ်ခါတစ်လေ တစ်စုံတစ်ယောက်ကို ပြတ်သားစွာငြင်းလိုက်ခြင်းက သူ့အတွက် အရမ်းကိုအခက်အခဲတွေများဖြစ်သွားမလားလို့ ကျွန်တော်တို့တွေးမိတတ်လို့ပါ။ တကယ်တော့ yes လို့ပြောလိုက်ခြင်းကသာ မလိုလားအပ်တာတွေဖြစ်လာစေတာပါ။


သင့်ကိုသင် ရိုးသားဖို့သာအရေးကြီးပါတယ်။
တစ်ခါတစ်ရံမှာ No လို့ပြောလိုက်ခြင်းက တစ်စုံတစ်ယောက်ရဲ့ခံစားချက်ကိုများ ထိခိုက်သွားမလားလို့
တွေးပြီး လက်ခံလိုက်တာမျိုးဆိုရင်၊ သင့်ကိုယ်သင်မရိုးသားမှုကြောင့် သင်ပဲပြန်ပြီး နောင်တရတာမျိုး၊ စိတ်ပျက်လာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ အဲဒါက သင့်ကိုသင်အကြပ်အတည်းဖြစ်စေပြီး မကောင်းသောအတွေးတွေဖြစ်လာစေပါတယ်။ ထိုမှတဆင့် စိတ်ဓာတ်ကျခြင်းကိုပါဖြစ်ပေါ်လာနိုင်ပါတယ်။
သင့်ရဲ့အချိန်တွေကို သင်စိတ်မပါတဲ့ လုပ်ဆောင်မှုတွေ၊ အစီအစဉ်တွေမှာ ကုန်ဆုံးစေသောအခါ စိတ်ပျက်လာတယ်၊ ခြေကုန်လက်ပန်းကျတာမျိုးတွေဖြစ်လာပါလိမ့်မယ်။ no လို့ပြောတတ်ပြီး ကျန်းမာတဲ့အလေ့အကျင့်ကောင်းတစ်ခုဖြစ်လာဖို့ သင်လိုက်နာသင့်တဲ့အချက်ငါးချက်ကို အောက်မှာဖော်ပြထားပါတယ်။

၁) သင့်ရဲ့ခန္ဓာကိုယ်ကို ပြန်ဆန်းစစ်ပါ။
တစ်စုံတစ်ယောက်အတွက် အကူအညီတောင်းခံရတာမျိုး၊ သင့်ကို အချိန်ပေးဖို့ ဖိတ်ခေါ်မှုလက်ခံရတာမျိုးတွေမှာ သင့်ခန္ဓာကိုယ်မှာ ဘယ်လိုခံစားလာရသလဲလို့ သင်သတိထားကြည့်ပါ။ အကြောင်းအရာမယ်မယ်ရရမရှိဘဲ ခေါင်းကိုက်တာမျိုးတွေနဲ့ အခြားသော ရုပ်ပိုင်းဆိုင်ရာ ပြဿနာတွေ ခံစားလာရသလား။
yes လို့အခြားသူတွေကို ပြောပါများလာတဲ့အခါ no လို့ပြောမိတဲ့အခါ သင့်မှာ စိတ်ဖိစီးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာတွေထိခိုက်နိုင်ပါတယ်။
၂) သင့်ကိုသင်ပြန်မေးသင့်ပါတယ်။
တစ်စုံတစ်ခုအကူအညီအတောင်းခံလာရတဲ့အခါဖြစ်ဖြစ် သင့်ရဲ့အချိန်ကိုအခြားသူတစ်ယောက်အတွက် ပေးဖို့ အကူအညီတောင်းတာဖြစ်ဖြစ် ကြုံလာရတဲ့အခါ သတိထားပြီး သင့်ကိုသင် ပြန်မေးကြည့်ပါ။ “ငါ…အမှန်တကယ် ကူညီနိုင်ရဲ့လား ဒါမှမဟုတ် အမှန်တကယ် ကူညီဖို့ဖြစ်နိုင်ရဲ့လား” လို့ပေ့ါ။ တကယ်လို့များ သင့်အဖြေက မရှင်းလင်းဘူးဆိုရင်တော့
အဖြေပေးနိုင်ဖို့ စဉ်းစားချိန်တော့ပေးသင့်ပါတယ်။ ဒါမှမဟုတ် သင်ယုံကြည်ရတဲ့တစ်ယောက်ယောက်နဲ့ စကားပြောကြည့်သင့်ပါတယ်။ မတွေးတောဘဲ yes လို့အလွယ်တကူပြောတဲ့အကျင့်တစ်ခု သင်ဖန်တီးလိုက်မယ်ဆိုရင်တော့ အဲဒါက သင့်ရဲ့အချိန်အချို့ကို အသုံးချသွားပါလိမ့်မယ်။ ပြီးတော့ သင့်ရဲ့အတွင်းစိတ်ထဲမှာ တကယ်ဖြစ်ချင်တာကဘာလဲဆိုတာကို သင်ပြန်ပြီး နားထောင်တတ်အောင် ပြန်သင်ယူရပါတော့မယ်။
၃) မဖြေခင် အချိန်ယူပြီးစဉ်းစားသင့်ပါတယ်။
ဘယ်တော့မဆို တောင်းဆိုမှုတိုင်းကို “စဉ်းစားပါရစေ…..” လို့ ပြောတာက ပိုကောင်းပါတယ်။ အဲဒါက သင့်ရဲ့စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းနဲ့ ဘာလုပ်ချင်တယ်ဆိုတာကို သိပြီးမှ အဖြေပေးနိုင်သွားမှာပါ။
၄) အသေးအဖွဲလေးတွေကစတင်ပြီး no လို့ပြောကြည့်ပါ။
ပထမဆုံး အသေးအဖွဲလေးတွေက စတင်ပြီး no လို့ပြောတတ်အောင် ကျင့်ပါ။ အဲဒါက သင့်အတွက် အလေ့အကျင့်တစ်ခုလို ဖြစ်သွားပါစေလိမ့်မယ်။
၅) အထူးတလည်ဆင်ခြေပေးတာမျိုးမလုပ်ပါနဲ့။
တစ်စုံတစ်ယောက်က သင့်ကို ညစာစားဖို့ လာဖိတ်တယ်ဆိုပါစို့။ သင့်မှာလည်း ညဘက်လုပ်စရာတခြားဘာအစီအစဉ်မှ မရှိဘူး။ ဒါပေမယ့် သင်ကိုယ်တိုင်က အဲဒီ့ညစာစားပွဲကိုလည်း လုံးဝမသွားချင်ဘူးဆိုရင် သူ့ကို အထူးတလည် ဆင်ခြေတွေပေးပြီး ညာစရာမလိုပါဘူး။ လူတိုင်းက သင့်ရဲ့ဆင်ခြေတွေကို မလိုအပ်ပါဘူး။ လူအများစုက no လို့ရိုးရိုးသားသားပြောဖြစ်ကြရင် ဝမ်းသာကြပါတယ်။
သင့်ရဲ့စိတ်ထဲမှာ မှတ်ထားရမှာက အဲလိုအခြေအနေမှာ သင့်ကိုသင်ရှာတွေ့ဖို့ပဲအရေးကြီးတာပါ။ အဲဒါက သူတို့အပေါ်မရိုးမသားလုပ်တာမဟုတ်ပါဘူး။ ကိုယ်မလုပ်ချင်တာကို yes လို့ပြောလိုက်မိတာကသာ နောက်ပိုင်းမှာ မလိုလားအပ်တဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။ no လို့ပြောတတ်အောင်သင်ယူခြင်းက သဘာဝရဲ့အရည်အချင်းတစ်ခုပါပဲ။ အချို့သောလူတွေအတွက်တော့ အဲဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ဖြစ်သွားပါလိမ့်မယ်။ အချို့သောလူတွေအတွက်ကတော့ အဲဒါကို အကျင့်လေးတစ်ခုလို လေ့ကျင့်ယူသွားလိုက်ရင် ရပါပြီ။ ပထမတော့ အဲဒီ့အကျင့်ကို မှန်ကန်တယ်လို့ ခံစားရမှာမဟုတ်ပေမယ့် ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာခံစားမှုတွေအဆင်ပြေစေဖို့ ပုံမှန်အသက်ရှင်နေထိုင်မှုပုံစံမှာ no လို့ပြောတတ်ဖို့က တကယ်လိုအပ်တာပါ။
#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။