ငွေထက်အချိန်ကိုပိုပြီးတန်ဖိုးထားတဲ့သူတွေက ဘာကြောင့်ပိုပျော်ရွှင်ရသလဲ။

ငွေနဲ့ အချိန်ဘယ်အရာက ပိုတန်ဖိုးရှိသလဲဆိုတဲ့ဆောင်းပါးမှာဖော်ပြခဲ့ဖူးသလိုပါပဲ။ ငွေပေါသူဟာ အချိန်ပေါသူရဲ့အချိန်ကိုဝယ်၊ လုပ်အားကိုဝယ်လို့ရသလိုပါပဲ ငွေကြေးချို့တဲ့သူဟာလည်း ကိုယ့်ရဲ့အရည်အချင်းပိုတော်ထက်လာအောင်ကြိုးစားရင်းအချိန်ကိုအကျိုးရှိရှိအသုံးချရင်း ငွေပိုရှာနိုင်ပါတယ်။ ဒါပေမယ့် ငွေကိုအရမ်းထည့်တွက်သူအတွက်တော့ နေရာတိုင်းမှာ ငွေမှငွေဖြစ်နေတဲ့အခါ ငွေနောက်ကိုလိုက်ရင်းနဲ့ ငွေက ကိုယ့်ကိုပြန်အသုံးချသွားတာမျိုးဖြစ်လာနိုင်ပါတယ်။


ဥပမာ။ သင့်ရဲ့အချိန်တိုင်းလိုလိုမှာ ငွေရဖို့အတွက်ချည်း အလုပ်လုပ်မယ်၊ တွေးတောမယ်၊ စဉ်းစားနေမယ်၊ ငွေအတွက်ချည်းအလုပ်လုပ်နေမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဘဝက ဖိစီးမှုတွေများလာပြန်ပါတယ်။ လွတ်လပ်ပေါ့ပါးမှုမရှိတော့သလို ခံစားလာနိုင်ပါတယ်။ ငွေက ခိုင်းတတ်ရင် အကောင်းဆုံးကျွန်ဖြစ်ပြီးတော့ ငွေကိုမခိုင်းတတ်ရင် ငွေက သင့်ရဲ့သခင်တောင် ပြန်ဖြစ်သွားနိုင်ပါသေးတယ်တဲ့။ “Money is a great servant but a bad master.”
Francis Bacon ပြောထားသလိုပေါ့ ငွေဆိုတာ အကောင်းဆုံး အခိုင်းစေပဲ ဒါပေမယ့် အဆိုးဆုံးသခင်လည်းဖြစ်တယ်တဲ့။ ငွေကလွဲရင် ဘာမှ မတွေးတော့တဲ့အခါ လူအချင်းချင်းကြားမှာလည်း ငွေရဖို့ကလွဲပြီး စေတနာ၊ မေတ္တာ၊ အကြင်နာ၊ လူသားချင်းစာနာထောက်ထားမှု မဲ့လာတဲ့အပြင် ငွေမှငွေတွေးနေတဲ့အတွက်ကြောင့်ကိုပဲ အတောမသတ်နိုင်တဲ့လောဘကြောင့် အမြဲ ပူလောင်နေတတ်ပါတယ်။ အလွယ်ဆုံးဥပမာတစ်ခုပြရမယ်ဆိုရင် တစ်လမှာ ဝင်ငွေဘယ်လောက်ဝင်ရမယ်လို့ သင့်ကိုသင်သတ်မှတ်ပြီး ထိုပမာဏရအောင်ရှာဖို့ အချိန် ၂၄နာရီမှာ အိပ်ချိန်သာဖယ်ပြီး အလုပ်လုပ်ကြည့်လိုက်ပါ။ အလုပ်တွေလုပ်နိုင်လေလေ ငွေပေါလာလေလေဖြစ်မှာမို့ အလုပ်ကို ဖိပြီး အချိန်တိုင်းအလုပ်လုပ်တဲ့အခါ သင့်မှာ ငွေတော့ပေါလာပေမယ့် အားလပ်ချိန်၊ အပန်းဖြေချိန်မရှိသလိုခံစားရလာတဲ့အတွက် စိတ်ဖိစီးမှုအနည်းနဲ့အများတော့ သင်ခံစားလာရပါလိမ့်မယ်။ ဒါက အလွယ်ဆုံး သာဓကပဲရှိပါသေးတယ်။ ငွေရရင်ပျော်တယ်ဆိုရင်တောင် အချိန်ကာလတစ်ခုအရောက်မှာတော့ သင့်ဘဝကြီးက ပျင်းစရာကောင်းလာသလိုခံစားလာရမှာပါပဲ။ အဲဒါဆိုရင် အချိန်ကိုကောင်းကောင်းအသုံးချ၊ ငွေတိုးပွားလာအောင် အလုပ်လုပ်ကြိုးစားလုပ်ဖို့ မလိုတော့ဘူးလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူးနော်။ ဘဝမှာ ငွေရှိဖို့ကလည်း တစ်ခန်းတစ်ကဏ္ဍတော့ အရေးပါတာပါပဲ။

အဲဒီလိုပါပဲ…..သင့်ကိုယ်သင်အတွက်အချိန်ပေးဖို့ကလည်း အရေးပါပြန်ပါတယ်။ သင့်မိသားစုကိုအချိန်ပေးဖို့ကလည်း အရေးပါနေပြန်ရော။ အဲဒီ့တော့သ င့်ဘဝကိုလည်း ဟင်းလျာတစ်ခွက်ချက်သလိုမျိုးပဲ…အရသာကို အစပ်အဟပ်တည့်အောင် ထည့်ပြီးချက်ထားမှ အရသာပြည့်ဝတဲ့ဟင်းဖြစ်လာသလိုမျိုးပေါ့။ သင့်ဘဝကိုလည်း အချို၊ အစိမ့်၊ အအီ၊ အခါး၊ အပေါ့၊ အငန် မျှတအောင် ချင့်ချိန်တတ်ဖို့လိုပါတယ်။ အဲဒီ့အတွက် ငွေနောက်ချည်းပဲလိုက်နေဖို့မလိုသလို၊ အချိန်တိုင်းကိုချည်း အလုပ်လုပ်နေဖို့လည်း မလိုပြန်ပါဘူး။ တနည်းအားဖြင့် ဘဝကို balance မျှအောင် ထားတတ်ဖို့ အချိန်ကို ကောင်းကောင်းစီမံခန့်ခွဲတတ်ဖို့လိုပါတယ်။
အဲဒီ့အတွက် ဘဝမှာ ငွေထက် အချိန်ကို ပိုတန်ဖိုးထားတတ်တဲ့သူတွေဟာ ပိုပြီးပျော်ရွှင်ကြရတယ်လို့ ဆိုကြတာပါ။ ငွေရှာဖို့အလုပ်လုပ်တဲ့အချိန်မှာ အလုပ်ကိုအာရုံစိုက်ပြီး အကျိုးရလဒ်ကောင်းကောင်းရအာင် လုပ်ဖို့လိုသလို ထိုအချိန်ပြီးနောက်မှာတော့ ကိုယ့်အတွက် တကယ်အရေးပါတဲ့သူတွေကို အချိန်ဖဲ့ပေးဖို့လိုပြန်ပါတယ်။ အဲဒါအပြင် ကိုယ့်အတွက်လည်း ကိုယ်အချိန်ပေးဖို့လိုပြန်ပါတယ်။ တကယ်တမ်း အောင်မြင်နေတဲ့သူတွေကိုကြည့်လိုက်ရင် အချိန်ကိုသေချာစီမံခန့်ခွဲနိုင်ပြီး အလုပ်ကိုလည်း တစ်ခုထက်မက ပိုလုပ်နေတဲ့သူတွေဖြစ်ပြီး မိသားစုကိုလည်း အချိန်ပြန်ပေးနိုင်တဲ့သူတွေဖြစ်နေပါတယ်။ တစ်လမှာ ဘယ်အချိန်ခရီးသွားမယ်၊ ဘယ်အချိန်မှာ အလုပ်တွေအကုန်ပြီးဆုံးအောင် လုပ်ဆောင်ထားပြီးဘယ်အချိန်မှာ အနားယူအပန်းဖြေမယ့်အချိန်၊ မိသားစုနဲ့ ညစာစားမယ့်အချိန်၊ စာကြည့်ချိန်၊ ကလေးတွေနဲ့ ဆော့ကစားမယ့်အချိန် စသဖြင့် သေချာအသေးစိတ်သတ်မှတ်ထားတဲ့သူတွေချည်းပဲဖြစ်ပါတယ်။

Albert Einstine ပြောထားသလိုပါပဲ “life is like riding a bicycle. To keep your balance, you must keep moving” တဲ့ ဘဝဆိုတာ စက်ဘီးလိုပဲ ဟန်ချက်ညီအောင် ထိန်းရင်းနဲ့ ရှေ့ဆက်စီးသွားရမှာပဲပေါ့။ ငွေက သင့်ဘဝတစ်ခုလုံးမဟုတ်ဘူးဆိုတာကိုလည်း သတိရပါ။ သင့်ဘဝမှာ ငွေက သင့်အလိုရှိရာတွေအတွက်လိုအပ်ပေမယ့် အချိန်တန် သင့်အနားမှာ မညည်းမညူရှိနေပေးမယ့်အရာတွေကတော့ ချစ်ခြင်းမေတ္တာအပြည့်နဲ့သင့်မိသားစု၊ သင့်ရဲ့အရေးပါသူတွေပါပဲ။ သင့်နှစ်သက်ဝါသနာပါရာလေးတွေလုပ်ဖို့ အချိန်ပေးခြင်း၊ သင့်ပတ်ဝန်းကျင်ကလူတွေကို အကျိုးပြုဖို့အချိန်ပေးခြင်း၊ ဘဝအသက်ရှင်ရပ်တည်မှုအတွက် ငွေရှုာဖို့အချိန်ပေးခြင်း ၊ သင့်အနားမှာ မညည်းမညူရှိနေပေးမယ့် မိသားစုကို အချိန်ပေးခြင်း စတာတွေအတွက် မျှတအောင် အချိန်ကိုစီမံနိုင်ဖို့လိုပါတယ်။ အဲဒီလိုစီမံနိုင်လေ သင့်ဘဝပျော်ရွှင်စရာပိုကောင်းလာလေဖြစ်မှာပါ။ အဲဒါကြောင့်ပဲ ငွေထက် အချိန်ကို သေချာစီမံခန့်ခွဲနိုင်ပြီး အချိန်ကိုပိုတန်ဖိုးထားတတ်တဲ့သူတွေဟာ ဘဝမှာ ပိုပျော်ရွှင်ပြီး ပိုအောင်မြင်ကြတာဖြစ်ပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။