ငယ်စဉ်က နှုတ်အားဖြင့်ကြမ်းတမ်းစွာ အနိုင်ကျင့်ခံရသူတွေရဲ့ အပြုအမူများ

နှုတ်အားဖြင့် အနိုင်ကျင့်ခံရခြင်း(Verbal Abuse) ဆိုတာက ဘာမှမဟုတ်ဘူးလို့ထင်ရပေမယ့် တကယ့်တမ်းကျတော့ အခြားလူတစ်ယောက်ရဲ့ဖြစ်တည်မှုကို ထိခိုက်နစ်နာအောင် နှုတ်အားဖြင့်အနိုင်ကျင့်ခြင်းပါပဲ။ ထိုအပြုအမူက အထူးသဖြင့် ကလေးငယ်တွေအရွယ်မှာ လက်ခံရလေ့ရှိပါတယ်။ သူတို့ရဲ့မိသားစုဝင်နဲ့ အခြားဆွေမျိုးအသိုင်းအဝန်းတွေကြောင့် ဖြစ်ပေါ်တတ်တာမျိုးပါ။ ထိုအနိုင်ကျင့်ခံရမှုမျိုးက သူတို့အရွယ်ရောက်လာတဲ့အထိ အပြုအမူပိုင်းဆိုင်းရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာမှာ လိုအပ်ချက်တခုခုလိုမျိုး ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ အောက်ပါအပြုအမူပိုင်းဆိုင်ရာခံစားချက်တွေဖြစ်ပေါ်နိုင်ပါတယ်နော်။


၁) ကိုယ့်ကိုကိုယ်တန်ဖိုးထားမှုအားနည်းခြင်း
ကလေးဘဝမှာ သင့်ကို အနိုင်ကျင့်ပြီး ကြမ်းတမ်းတဲ့စကားမျိုးကိုကြားရတဲ့အခါ သင့်ရဲ့အတွင်းစိတ်ထဲမှာတင် စွဲနေတတ်ပါတယ်။ သင်က အသုံးမကျဘူး……၊ ဘယ်နေရာမှာမှ အသုံးမဝင်ဘူး…..စတဲ့သင့်ကိုနှောင့်ယှက်တဲ့စကားမျိုးတွေကို အမြဲတမ်းကြားနေရတဲ့အခါမှာ အဲဒီ့အရာတွေကို အမှန်တရားလို ထင်မြင်လာတတ်ပါတယ်။ တကယ်လည်း ယုံကြည်လာတတ်ပါတယ်။
အကောင်းဘက်ကမြင်တဲ့စကားတွေနဲ့ အကောင်းပြောတဲ့အကြောင်းအရာတွေကို ပြောပါများလာရင်၊ ကြားပါများလာရင်လည်း ထိုအကြောင်းအရာကို အစစ်အမှန်လိုထင်မြင်စိတ်ဖြစ်လာတတ်ပါတယ်။ ကလေးငယ်ဘဝမှာတော့ သင့်မိသားစုနဲ့ သင့်မိဘတွေရဲ့သင့်အပေါ် ပြောတတ်တဲ့စကားတွေပေါ်မူတည်ပြီး ထိုစကားတွေကိုသင့်အာရုံမှာ အမြဲစွဲထင်နေလာတတ်တာမျိုးပါ။ အဲဒါကြောင့် ငယ်စဉ်က အမြဲလိုကြမ်းတမ်းတဲ့စကားတွေနဲ့ မကောင်းမြင်တဲ့သဘောသက်ရောက်တဲ့စကားမျိုးတွေနဲ့ abuse လုပ်ခံရခဲ့ရင် သင့်ကိုသင်ယုံကြည်မှုဆုံးရှုံးမယ်၊ သင့်ကိုသင် သံသယအတွေးတွေများမယ်၊ သင့်ကိုသင်မချစ်မနှစ်သက်တာမျိုး၊ သဘောမကျတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်တန်ဖိုးထားစိတ်အားနည်းတဲ့လူတစ်ယောက်မှာ ဘယ်လိုခံစားချက်တွေခံစားရနိုင်သလဲဆိုတော့
- ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်များခြင်း
နှုတ်အားဖြင့် အမြဲအကြမ်းဖက်ခံရတဲ့သူတွေက အမြဲလိုအပြစ်တင်ခံနေရတဲ့သူတွေဖြစ်ပါတယ်။ အဲဒါကြောင့် အခြားသူကိုကော၊ လူတိုင်းလိုလိုကော အပြစ်တင်ချင်စိတ်များပါတယ်။ သူတို့ရဲ့အမှားတွေကိုကျတော့ တာဝန်မယူနိုင်သလို၊ အခြားသူရဲ့အပြစ်ကိုပဲ အပြစ်မြင်ပြီး အပြစ်တင်ဝေဖန်ပြောဆိုတတ်ပါတယ်။ အဲဒီလိုကြီးပြင်းလာခဲ့ရတဲ့အတွက် အရွယ်ရောက်လာတဲ့အခါမှာလည်း သူတို့ကိုယ်သူတို့ အလိုမကျနိုင်ဘဲ အမြဲလိုအပြစ်တင်နေတတ်ကြပါတယ်။ သူတို့လုပ်သမျှ အဆင်ပြေတယ်လို့မခံစားရဘူး၊ အမြဲလိုတခုခုမှားယွင်းနေတယ်လို့ခံစားနေတတ်ကြပါတယ်။
- ဆုံးဖြတ်ချက်ချရာမှာ ခက်ခဲ့ခြင်း•
ထိုလူမျိုးက အရွယ်ရောက်လာတဲ့အခါမှာ ကိုယ့်ကိုကိုယ်ဆုံးဖြတ်ချက်ချရာမှာ ခက်ခဲတတ်ပါတယ်။ သူတို့ရွေးချယ်ချင်တဲ့အရာတွေ၊ သူတို့လိုချင်တဲ့အရာတွေနဲ့ ကောင်းမွန်တဲ့အိုင်ဒီယာတွေအတွက် အမြဲလို စိတ်ရှုပ်ထွေးရတတ်ပါတယ်။ ဘာကိုရွေးချယ်လို့ရွေးချယ်ရမှန်းမသိတာမျိုးပေါ့။ အမြဲတမ်း ကြောက်လန့်တကြီးနဲ့ မိသားစုဝင်တွေနဲ့ မိဘတွေရဲ့ကြမ်းတမ်းစွာ ရွေးချယ်ပေးမှုကိုပဲခံလာရတဲ့အတွက် ကိုယ်တိုင်အရွယ်ရောက်လာတဲ့အခါ ကိုယ်တိုင်ဆုံးဖြတ်ရွေးချယ်နိုင်စွမ်းအားနည်းသွားတတ်ကြပါတယ်။
- ကိုယ့်ကိုကိုယ်မကောင်းတဲ့အမြင်နဲ့မြင်ခြင်း
ငယ်စဉ်ကတည်းက မကောင်းတဲ့အမြင်နဲ့ပြောဆိုခံနေကျဖြစ်တာမို့ သူတို့ကိုယ်သူတို့အမြဲတမ်းအဲဒီ့မကောင်းပြောတတ်တဲ့အကျင့်ကစွဲနေတတ်ပါတယ်။ သူတို့ရဲ့အတွင်းစိတ်ထဲမှာကိုက ကိုယ့်ကိုကိုယ်မကောင်းမြင်နေတတ်တာဖြစ်ပါတယ်။
- ကိုယ့်ကိုကိုယ်အရေးပါတယ်လို့မခံစားရခြင်း
နှုတ်အားဖြင့် ကြမ်းတမ်းစွာပြုမူခံရသူတွေ တခါတရံမှာလည်း လျစ်လျူရှုခံရတတ်သူတွေဖြစ်ပါတယ်။ သင့်ကလေးဘဝမှာ သင်လိုအပ်တာကို ပြောပြတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် သင်လိုချင်တာကိုပဲပြောပြတာဖြစ်ဖြစ် အမြဲလို လျစ်လျူရှုခံနေရခြင်းက သင်အရွယ်ရောက်လာတဲ့အခါမှာလည်း သင့်ကိုအခြားသူတွေက ဂရုမစိုက်ဘူး၊ သင်ကအခြားသူတွေအတွက်အရေးမပါဘူးလို့ ခံစားရစေပါတယ်။

၂) စိတ်ခံစားချက်ဆိုးရွားတတ်ခြင်း
စိတ်ခံစားချက်တွေပုံမှန်ဖြစ်ခြင်းက ကျန်းမာရေးတိုးတက်ဖွံ့ဖြိုးမှုနဲ့လည်း သက်ဆိုင်ပါတယ်။ နှုတ်အားဖြင့်အကြမ်းဖက်ခံထားရလေ့ရှိသူကတော့ သူ့ရဲ့မျှော်လင့်ချက်တွေ ဆုံးရှုံးနေတယ်လို့ ခံစားရလေ့ရှိပါတယ်။ အကြောက်တရားနဲ့ ဝမ်းနည်းမှုကိုပိုပြီးခံစားလွယ်ကြပါတယ်။ အဲဒါက စိတ်ပိုင်းဆိုင်ရာခံစားချက်ပိုပြီး ပြင်းထန်စေပါတယ်။အောက်ပါစိတ်ခံစားချက်ပိုင်းဆိုင်ရာတွေဖြစ်ပေါ်နိုင်ပါတယ်။
- ဖိနှိပ်ခံရခြင်း
ဖိနှိပ်မှုကိုခံစားရခြင်းက ငယ်စဉ်က တွန်းအားပေးခံရခြင်းနဲ့ နာကျင်မှုများ၊ အနိုင်ကျင့်ခံရမှုများနဲ့ဆက်စပ်နေပါတယ်။ သူတို့စိတ်ခံစားချက်တွေကို အတင်းချုပ်ထိန်းဖို့ကြိုးစားရာကနေ ပိုပြီးဆိုးရွားလာတာမျိုးပါ။ ဖိနှိပ်ခံရခြင်းကိုခံစားခဲ့ရတယ်ဆိုရင် အဲဒီ့အကျိုးဆက်က သင့်ဘဝတစ်ခုလုံးကို အများကြီးအကျိုးသက်ရောက်မှုရှိနေနိုင်ပါတယ်။
- အလွန်အကျွံ့ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်ခြင်း ဒါမှမဟုတ် လုံးဝကိုယ်ချင်းစာစိတ်မရှိခြင်း
နှုတ်အားဖြင့် ကြမ်းတမ်းစွာဆက်ဆံခံခဲ့ရသူတွေမှာ အခြားသူကို အလွန်အကျွံ့ လိုတာထက်ကို ကိုယ်ချင်းစာစိတ်ဖြစ်ပေါ်တာမျိုးဖြစ်ပေါ်တတ်ပါတယ်။ သူတို့ရဲ့ရင်ထဲက နဂိုရှိရင်းစွဲ ဒဏ်ရာကြောင့် အခြားသူများထက်ကို ပိုပြီခံစားလွယ်တာကြောင့်ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်လည်း ကိုယ်ချင်းစာစိတ်လုံးဝကိုမရှိတဲ့သူမျိုးလည်း ဖြစ်နေနိုင်ပြန်ပါတယ်။ ကြင်နာစိတ်ရှိတာ ကောင်းတဲ့အရာဖြစ်ပေမယ့် အရမ်းကိုအလွန်အကျွံ့ဖြစ်နေတယ်လို့ ခံစားရရင်တော့ ထိုသူမှာ စိတ်ပိုင်းဆိုင်ရာခံစားချက်တစုံတခုရှိနေလို့ဖြစ်နိုင်ပါတယ်။
- သနားကြင်နာမှုကိုမခံယူလိုခြင်း
ဒါကလည်း တမျိုးပါပဲ။ အကြမ်းဖက်ခံရပြီး ကြီးပြင်းလာရတဲ့ကလေးဟာ အခြားသူများက သူ့ကို သနားသလို၊ ကိုယ်ချင်းစာသလို၊ ကြင်နာမှုဖော်ပြတာမျိုးကို မနှစ်မြို့တတ်ပါဘူး။ ပြောချင်တာက သူတို့စိတ်ထဲမှာ သူတို့ကို အခြားသူတွေအတွက် သနားစရာကောင်းတဲ့သူတွေအဖြစ်မြင်တာကို မလိုလားကြပါဘူး။
- စိတ်အတက်အကျမြန်ခြင်း
စိတ်ခံစားချက်အပြောင်းအလဲဖြစ်မြန်ပါတယ်။ အထူးသဖြင့် စိတ်ဓာတ်ကျလွယ်ပါတယ်။ စိတ်ဓာတ်ကျရောဂါဖြစ်နိုင်ချေများပါတယ်။ ရုတ်တရက် ပျော်လွန်းလို့ထခုန်မတတ်ပျော်နေရာကနေ ချက်ချင်း ဝမ်းနည်းသွားတာမျိုးပေါ့။

၃) အာရုံစိုက်မှုလိုချင်ခြင်း
နှုတ်အားဖြင့်ကြမ်းတမ်းခံရသူတွေက လျစ်လျူရှုခံရတတ်သူတွေမို့ အခြားသူတွေရဲ့အာရုံစိုက်မှုကိုလည်း လိုချင်တတ်ကြပါတယ်။ ကောင်းတာပဲဖြစ်ဖြစ်၊ ဆိုးတာပဲဖြစ်ဖြစ် အားလုံးက သူ့ကိုအာရုံစိုက်ပြီး သူ့အပေါ်သတိထားမိနေတာမျိုးကိုပဲလိုချင်ကြတာဖြစ်ပါတယ်။ အဲဒီ့အကျင့်က လူကြီးဖြစ်လာတဲ့အထိ ပါလာနိုင်ပါတယ်။ ကောင်းတဲ့ဘက်က အာရုံစိုက်မှုမျိုးလိုချင်တာထက် မကောင်းတဲ့အပြုအမူတွေလုပ်ပြီး အာရုံစိုက်မှုလိုချင်တာမျိုးကျတော့ သတိထားစရာဖြစ်လာပါတယ်။

၄) စိုးရိမ်ပူပန်စိတ်များခြင်းနဲ့ မှားယွင်းသွားမှာကြောက်တတ်ခြင်း
နှုတ်အားဖြင့်အနိုင်ကျင့်ခံရသူတွေက အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာ စိုးရိမ်ပူပန်စိတ်များတတ်ပါတယ်။ အမြဲအပြစ်တင်ခံရခြင်း၊ အပြောအဆိုခံရခြင်း၊ အပြစ်ပေးခံရခြင်းစတာတွေကြောင့် တစုံတခုမှားယွင်းသွားမှာကိုလည်း ကြောက်လန့်တတ်ကြပါတယ်။ လွဲချော်သွားမှာ အမြဲကြောက်လန့်နေတတ်ပါတယ်။ အရမ်းဂရုတစိုက်နဲ့လုပ်နေတတ်ပြီး အမြဲပြည့်စုံအောင်ဖြစ်ချင်စိတ်ဖြစ်နေတတ်ပါတယ်။

၅) လူမှုဆက်ဆံရေးမှာလည်း ပြဿနာရှိတတ်ခြင်း
အဲဒီလိုငယ်စဉ်ကဆက်ဆံခံရသူတွေမှာ ချစ်သူချင်း၊ သမီးရည်းစားချင်းကြားမှာ ပြဿနာရှိသူတွေဖြစ်လာတတ်ပါတယ်။ နားလည်ပေးနိုင်မှုအားနည်းပါတယ်။ ဘယ်လိုဆက်ဆံရေးကောင်းတစ်ခုဖြစ်အောင် တည်ဆောက်ရမလဲနားမလည်တတ်ပါဘူး။

- ယုံကြည်အောင်လုပ်တတ်ကြပါတယ်။
စိတ်ခံစားချက်ပုံမှန်ရှိသူတွေက ဆက်ဆံရေးတစ်ခုနဲ့တစ်ခုကြားမှာ အတင်းကြီးယုံကြည်အောင် လုပ်ယူဖန်တီးတာမျိုးမရှိဘဲ သာမန်ကာလျှံကာစိတ်၊ ယုံကြည်အောင်နေထိုင်တယ်၊ ထိုယုံကြည်မှုကိုလည်း အရမ်းကြီးခံစားမှုဖြစ်မနေတတ်ပါဘူး။ ဒါပေမယ့်အမြဲတစေ ငယ်ဘဝမှာ ကြမ်းတမ်းစွာဆက်ဆံအနိုင်ကျင့်ခံရသူတွေမှာတော့ ထိုဆက်ဆံရေးကြားထဲမှာ ယုံကြည်အောင် အတင်းကိုလုပ်ဆောင်နေရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့စိတ်ထဲမှာ သူတို့လုပ်သမျှကို ယုံကြည်နေပါ့မလား….ဆိုတဲ့စိတ်အမြဲဖြစ်ပေါ်နေလို့ပါပဲ။ ငယ်စဉ်က မိဘက လျစ်လျူရှုထားတာမျိုး၊ ကလေးလုပ်သမျှကို ဟုတ်လို့လား….လိမ်နေတာလား….လို့ အမြဲတစေ မယုံသင်္ကစိတ်နဲ့အမေးခံနေရတာမျိုးတွေကြောင့် ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ငယ်စဉ်ကမိဘက ကတိပေးပြီး မကြာခဏချိုးဖျက်ခံခဲ့ရတာမျိုးကြောင့်ပါ။

- အရမ်းပေးဆပ်တတ်ကြပါတယ်။
ထိုသူမျိုးတွေက သူတို့စိတ်ထိခိုက်ခံစားမိတဲ့အခါတိုင်း သူတို့အနားမှာ ဘယ်သူကမှ အားပေးဖို့၊ ဒါမှမဟုတ် ကာကွယ်ပေးဖို့ရှိမနေတတ်ကြတဲ့အတွက် မလုံခြုံသလို အမြဲခံစားနေတတ်ကြပါတယ်။ စိတ်မလုံခြုံမှုကြောင့် သူတို့အနားမှာရှိတဲ့အပေါင်းအသင်း၊ သူငယ်ချင်းမိတ်ဆွေတွေကို သူတို့ဘက်တော်သားဖြစ်စေချင်တဲ့စိတ်မျိုးရှိနေတတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်မှာ ပေးလို့ရတာ၊ ကိုယ့်ပိုင်ဆိုင်တာ၊ ကိုယ်ရရှိထားတာတွေအကုန်လုံးပေးပြီး အခြားလူတစ်ယောက်ကို ဆွဲဆောင်တတ်ကြပါတယ်။ သူတို့ရဲ့စိတ်ထဲမှာ အခြားသူတစ်ယောက်လိုချင်တာပေးလိုက်ခြင်းက သူ့ဘက်တော်သားဖြစ်လာနိုင်တယ်ဆိုတဲ့ သူတို့စိတ်ကိုလုံခြုံချင်တဲ့စိတ်ခံစားချက်ကြောင့်ပါပဲ။ အဲဒါကြောင့် တခါတလေမှာ သူတို့က အရမ်းအနိုင်ကျင့်ခံရတတ်ပါတယ်။ သူတို့ရဲ့ရရှိထားသမျှကို လိုချင်တပ်မက်စိတ်နဲ့အနားကပ်လာတဲ့သူမျိုးတွေကိုသာ သူတို့ကြုံရတတ်ပါတယ။်

- အခြားသူများကို အရမ်းအားကိုးတတ်ပါတယ်။
လူမှုဆက်ဆံရေးမှာ ကိုယ့်ဟာကိုယ်ထက် အခြားသူများကို အမြဲအားကိုးချင်စိတ်ဖြစ်နေတတ်ပါတယ်။ အဲဒါ အမြဲကြောက်လန့်နေပြီး စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုခံစားရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အခြားသူတစ်ယောက်ယောက်က သူ့ကိုကူညီပေးမှ နေသာထိုင်သာရှိတာမျိုး၊ ကိုယ့်ဟာကိုယ်ဆို ဘယ်အရာကိုမှ ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ဘူးဆိုတဲ့စိတ်မျိုးပေါ့။ ကိုယ့်ကိုနားလည်ပေးတဲ့ဆက်ဆံရေးမျိုးမှာ ပြဿနာမရှိနိုင်ပေမယ့် အမြဲတစေ သူများကိုအားကိုးမိနေတတ်တာကြောင့် ထပ်ပြီးအနိုင်ကျင့်ခံရတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။

နှုတ်အားဖြင့် ကလေးဘဝမှာ အနိုင်ကျင့်အကြမ်းဖက်ခံရခြင်းက ကလေးရဲ့အရွယ်ရောက်လာတဲ့ဘဝအထိ လွှမ်းမိုးနေနိုင်သလို စိတ်ပိုင်းဆိုင်ရာအားနည်းတဲ့ခံစားချက်တွေဖြစ်ပေါ်လာစေပါတယ်။ ကလေးရဲ့တစ်ဘဝလုံးကို သက်ရောက်စေနိုင်ပါတယ်။ အဲဒါက စိတ်အားငယ်ခြင်း၊ ကိုယ့်ကိုကိုယ်အားမကိုးနိုင်ခြင်း၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုအားနည်းခြင်း ၊ ကိုယ့်ကိုကိုယ်ချစ်ခင်စိတ်နည်းပါးခြင်းတို့ကြောင့် ကလေးရဲ့ဘဝအောင်မြင်မှုနဲ့လည်း တိုက်ရိုက်ဆက်စပ်မှုရှိနေပြီး ကလေးရဲ့ကိုယ်ရည်ကိုယ်သွေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။
https://www.powerofpositivity.com/adult-behaviors-someone…/… လင့်မှာဘာသာပြန်ဖော်ပြခြင်းဖြစ်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။