နောင်တစ်ချိန်အသီးအပွင့်လိုချင်ရင် ဒီနေ့အပင်စိုက်ပါ။

ဒီစာသားလေးက အဓိပ္ပါယ်တွေအများကြီးပါပါတယ်။ ဒီစကားမျိုးပြောလိုက်တာနဲ့ ဘာပြောချင်တယ်ဆိုတာ တန်းသိကြပါလိမ့်မယ်။ ဒါပေမယ့် ဒီစာသားအတိုင်း ကျင့်သုံးမိတဲ့သူကတော့ နည်းပါတယ်။ အဲဒါကြောင့်လည်း လူအများကြားမှာ အောင်မြင်တဲ့သူဟာ လူနည်းစုဖြစ်နေတာပါပဲ။ အောင်မြင်တယ်ဆိုတဲ့နေရာမှာ ကျိကျိတက်ချမ်းသာပြီး ငွေတွေအပုံလိုက်ရှိနေမှ အောင်မြင်တာမဟုတ်ပါဘူးနော်။ ကိုယ်စတင်လိုက်တဲ့အလုပ်လေးတစ်ခုကို အကောင်းဆုံးဖြစ်အောင်ကြိုးစားရင်း ရလဒ်လေးတွေရလာတာသည်လည်း အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။


တနည်းအားဖြင့်တော့ အောင်မြင်တယ်ဆိုတာ သူ့အတိုင်းအတာနဲ့သူ ကြိုးစားနေတဲ့အရာတွေဖြစ်မြောက်လာတာမျိုးပါပဲ။
ဥပမာ။ မွေးကင်းစကလေးတစ်ယောက်ကို အသက် ၅နှစ်မတိုင်မီမှာ နည်းမှန်လမ်းလမ်းမှန် ပြုစုပျိုးထောင်ခဲ့ခြင်းကြောင့် ကလေးငယ်ဟာ လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်လာခဲ့ရင်လည်း ဒါသည် အောင်မြင်တဲ့ကလေးထိန်းကျောင်းခြင်းပါပဲ။

အဲဒီလိုပါပဲ…..လုပ်ငန်းအကြီးအကျယ်မလုပ်နိုင်ပေမယ့် ကိုယ့်ရဲ့ချွေးနှဲစာငွေလေးနဲ့ အွန်လိုင်းကနေဈေးရောင်းကြည့်လို့ ကိုယ်ရင်းထားတဲ့ငွေထက် ပိုများတဲ့ပမာဏပြန်ရခဲ့ရင်လည်း ဒါသည် သူ့အတိုင်းအတာနဲ့သူရတဲ့ အောင်မြင်မှုပါပဲ။ သင်က သင့်ကိုသင် ဒီတစ်လလုံး အရက်လုံးဝမသောက်မိအောင်နေမယ်လို့ ဆုံးဖြတ်ထားခဲ့ပြီး တစ်လလုံး တကယ်အရက်မသောက်ဖြစ်တော့ဘူးဆိုရင်လည်း ဒါသည် သင့်ရဲ့အောင်မြင်မှုပါပဲ။ ဒါပေမယ့် အဲဒီလို အသေးအဖွဲကစပြီး ကြီးမားတဲ့အောင်မြင်မှုတွေထိ အောင်မြင်နိုင်ဖို့ဆိုတာက ခုထလုပ်၊ ခုထပြီး အောင်မြင်တာမျိုး ဘယ်မှာမှ မရှိပါဘူး။ ဘယ်နေရာမဆို အသီးသီးလာဖို့အတွက် စတင်ပြီးတော့ အပင်စိုက်ထားရတာချည်းပါပဲ။ အပင်တော့မစိုက်ချင်ဘူး….ဆိုရင် အသီးသီးလာဖို့လည်း မျှော်လင့်နေလို့မရပါဘူး။
တနည်းအားဖြင့် အစပြု ကြိုးစားထားခြင်းမရှိဘဲ အောင်မြင်လာလိမ့်မယ်လို့ မျှော်လင့်နေတာက လေထဲတိုက်အိမ်ဆောက်နေတာနဲ့တူပါတယ်။ ခိုင်မာမှုမရှိသလို၊ လက်ဆုပ်လက်ကိုင်လည်းမရှိတာမို့ မျှော်လင့်နေလည်း အလကားပါပဲ။ အဲဒါကြောင့် အသီးလိုချင် အပင်စိုက်ပါ….ဆိုတဲ့စကားက ကိုယ့်ကိုသတိပေးသောစကားဖြစ်ပါတယ်။ တစ်နေ့မှာ အသီးအပွင့်ရဲ့အကျိုးကိုခံစားချင်သလား။ အဲဒါဆိုရင် အခုကတည်းက ကြိုးစားထားမှ တန်ရာကျမှာပါ။ “ခုရေတွင်းတူး….ခုရေကြည်သောက်ချင်” လို့မရပါဘူးနော်။

သာမန်လူအများစုက အောင်မြင်သွားတဲ့လူနည်းစုကို ကြည့်ပြီးသာ အားကျတတ်ကြပါတယ်။ ထိုအောင်မြင်သွားတဲ့လူနည်းစုက ဘယ်လိုမျိုး အပင်စိုက်ခဲ့သလဲဆိုတာ စိတ်မဝင်စားတတ်ကြပါဘူး။ အောင်မြင်သွားတဲ့အခါမှသာ “ဟယ်….သူက ကံကောင်းလိုက်တာ၊ ဟယ်….သူက လစာများများရတာကိုး ၊ ဟယ်…..သူ…အလုပ်ရတာ ကံကောင်းတယ်။” စတဲ့အတွေးမျိုးတွေတွေးတတ်ကြပါတယ်။
တကယ်တော့ ဘယ်သူမှ အလကားရလာတဲ့ကံကောင်းခြင်းဆိုတာမရှိပါဘူး။ ကိုယ်တွေတော့ ပင်ပန်းလာတိုင်း တွေးတတ်တဲ့ စကားရှိပါတယ်။ “ကံသည်အလုပ်….အလုပ်သည်ကံ” တဲ့။ ထိုစကားကိုတွေးမိတိုင်း ကံကောင်းချင်လား….အလုပ်ပိုလုပ်၊ အလုပ်ပိုကြိုးစားပေါ့….ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်ပြောရပါတယ်။ ကိုယ်ကြိုးစားသမျှ မဖြစ်လာသေးပါလား….ဆိုတဲ့အတွေးမျိုးဝင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြန်အားပေးရပါတယ်။ “ကိုယ်ကြိုးစားတာလိုနေသေးလို့……ထပ်ကြိုးစားဖို့လိုသေးတယ်” ဆိုတာမျိုးပေါ့။
ဘာဖြစ်လို့လဲဆိုတော့…..ကံမကောင်းသေးဘူးဆိုတာ အလုပ်မကြိုးစားသေးလို့ပါ။ အသီးအပွင့်တွေရဲ့အကျိုးကို မခံစားရသေးဘူးဆိုတာက ကိုယ့်စိုက်တဲ့အပင်က အသီးအပွင့်မရနိုင်သေးအောင် ငယ်နေသေးလို့ဖြစ်မှာပေါ့ဆိုတဲ့အတွေးမျိုးပါ။
လူတစ်ချို့က သူ့နေရာနဲ့သူအဆင်ပြေအောင်မြင်နေတယ်ဆိုတာသာ မြင်တတ်ကြပြီး သူတို့ရဲ့အစွမ်းကုန်သော ကြိုးစားမှုတွေကျ မမြင်တတ်တာ သဘာဝပါ။ အားကျနေတဲ့လူတွေရဲ့ နောက်ကွယ်မှာ ညဆို အိပ်ရေးပျက်ခံခဲ့ရတဲ့ညပေါင်း ဘယ်နှစ်ညရှိမလဲဆိုတာမျိုး၊ ပုံမှန်ဝင်ငွေတစ်ခုတည်းမဟုတ်ဘဲ အလုပ်ပေါင်းမြောက်များစွာကနေ ဝင်ငွေပေါင်းဘယ်နှစ်ခုရအောင် ကြိုးစားနေသလဲဆိုတာမျိုး၊ သူများတွေအပေါင်းအသင်းနဲ့ ဘားတက်နေတဲ့ညတွေမှာ အောင်မြင်နေတယ်ဆိုတဲ့လူတွေက သူတို့အောင်မြင်ဖို့ အချိန်ကို အကျိုးရှိရှိဘယ်လိုအသုံးချနေသလဲဆိုတာမျိုးတွေ၊ လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အာပေါင်အားရင်းသန်သန် အငြင်းထူနေချိန်မှာ အောင်မြင်နေတဲ့လူတွေဟာ လူအားကျခံရဖို့အတွက် အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ဗဟုသုတတိုးပွားဖို့ စာဖတ်နေတာမျိုးတွေပေါ့။ တကယ်တော့ ဘယ်နေရာမှမဆို ကိုယ်တိုင်စတင်မကြိုးစားထားဘဲ ဖြစ်တည်လာတဲ့အောင်မြင်မှုဆိုတာမရှိပါဘူး။ အဲဒါအပြင် ခုမှ ထပြီး ကြိုးစားလို့ ခုပဲချက်ချင်းအောင်မြင်လာတယ်ဆိုတာလည်း မရှိပါဘူး။ နေရာတစ်ခုမှာ အောင်မြင်နေတဲ့လူတိုင်းဟာ အချိန်တစ်ခုအတွင်းမှာတော့ အသီးအပွင့်ရဖို့ရာအတွက် အသည်းအသန် ကြိုးစားပြီး အချိန်ကို ကောင်းကောင်းအသုံးချနေတာကြောင့်သာ ဖြစ်ပါတယ်။ သာမန်လူတွေမလုပ်နိုင်တဲ့အလုပ်မျိုးတွေလည်း လုပ်ဖူးခဲ့ကြပါတယ်။ သာမန်လူတွေရနေတဲ့ လွတ်လပ်ခြင်းကိုလည်း အဆုံးရှုံးခဲ့ဖူးကြပါတယ်။ နာမည်ကြီးမင်းသား Jonny Dep ဟာဆိုရင် မအောင်မြင်ခင်မှာ ဘောပင်ရောင်းခဲ့ဖူးတယ်တဲ့။ Tom Cruise ဟာဆိုရင်လည်း လေဆိပ်မှာ ပစ္စည်းသယ်ပေးတဲ့သူအဖြစ်အလုပ်လုပ်ခဲ့ဖူးပါတယ်တဲ့။ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်တဲ့ Kanye West ဆိုရင်လည်း မအောင်မြင်ခင်မှာ ဈေးရောင်းခဲ့တာပါပဲ။

ဒါက အောင်မြင်ချင်တယ်ဆိုရင် နောင်တစ်ချိန်အသီးအပွင့်ခံစားဖို့ရာအတွက် မအောင်မြင်ခင်မှာ ကြိုတင်အပင်စိုက်ခဲ့တယ်ဆိုတဲ့သဘောတရားပါပဲ။ တနည်းအားဖြင့်တော့ ကိုယ့်မှာရှိတာနဲ့စတင်ကြိုးစားမယ်၊ ချက်ချင်းလက်ငင်းရလဒ်မလိုချင်ဘဲ တစိုက်မတ်မတ်ဆက်လက်ကြိုးစားသွားခြင်းဟာ အချိန်တန် အသီးအပွင့်ရလဒ်ကို ရမှာအသေချာပါပဲ။ အဲဒါကြောင့် သင်လည်း ရလဒ်ကိုချည်းမျှော်လင့်စိတ်ကူးယဉ်မနေဘဲ ခုလက်ရှိ ရှိတာလေးနဲ့စတင်အကောင်အထည်ဖော်ပါ။ အချိန်တစ်ခုစောင့်ရပါတယ်။ (ထိုအချိန်တွင်းမှာ ဇွဲရှိရှိ ဆက်လက်ကြိုးစားနေဖို့လိုပါတယ်၊ ကြိုးစားမှုကို မလျှော့ပါနဲ့။) သင်သာ တကယ်အပင်စိုက်ထားရိုးမှန်ရင် အသီးအပွင့်ကို ခံစားရမှာအမှန်ပါပဲလို့ အားပေးလိုက်ပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။