နာကျင်မှုတွေခံစားရတဲ့အခါ သင်ပြန်ပြီးတွေးသင့်တဲ့အရာများ

ဘဝဆိုတာက အမြဲအဆင်ပြေချောမွေ့နေတာမဟုတ်ပါဘူး။ အဆင်မပြေမှု၊ အခက်အခဲ ၊ နာကျင်မှု၊ ကျရှုံးမှု၊ ပြိုလဲကြေကွဲမှု ပေါင်းစုံကို သင်ကြုံတွေ့ခံစားရမှာပါ။ ဘဝဆိုတာ တိုက်ပွဲတွေကို နိုင်အောင်တိုက်နေရတာပါပဲ။ တိုက်ပွဲတစ်ခုကို နိုင်အောင်တိုက်နိုင်သွားတဲ့အခါ သင်လည်း နောက်ထပ် level တစ်ခုကို တက်သွားသလိုပါပဲ။ တိုက်ပွဲတွေကတော့ ပြီးဆုံးမှာမဟုတ်ပါဘူး။ level တစ်ခုရောက်လာလေလေ ပိုခက်တာတွေကြုံလာနိုင်လေလေပါ။ ပိုခက်လာတာကို သင်ပိုပြီးကျော်ဖြတ်နိုင်လေလေ သင့်စွမ်းရည်ပိုတိုးတက်လာစေတာပေါ့။ ဥပမာ။ အလုပ်ပြုတ်တာ၊ ကိုယ်လိုချင်တဲ့အလုပ်ကို အင်တာဗျူးမှာတင် ပြုတ်သွားတာ၊ ကိုယ့်ချစ်သူက ထားခဲ့တာ၊ ကိုယ်ယုံကြည်မှုကို အလွဲသုံးစာလုပ်ခံရတာ၊ သင့်ကိုနှီမ်တာ၊ အနိုင်ကျင့်ခံရတာ စတာတွေပေါ့။ အဲဒါကြောင့် သင့်မှာ နာကျင်မှုတွေခံစားနေရပါလား….လို့ တွေးထင်နေချိန်မှာ သင်ပြန်တွေးသင့်တဲ့အရာတွေရှိပါတယ်။ အဲဒီ့အရာလေးတွေကို ပြန်တွေးကြည့်လိုက်တဲ့အခါ သင့်နာကျင်မှုတွေ လျော့နည်းလာပါလိမ့်မယ်။


၁) နာကျင်မှုရဲ့ဆန့်ကျင်ဘက် အကောင်းဘက်ကတွေးကြည့်ပါ။
နာကျင်မှုကိုသာတွေးရင် နာကျင်မှုကိုပဲခံစားနေရမှာပေါ့။ နာကျင်မှုကြုံရတာနဲ့အတူတူ တပြိုင်တည်း အကောင်းဘက်က တခုခုဖြစ်နိုင်ပါတယ်။ ဥပမာ။ သင့်ယောက္ခမက သင့်အပေါ်ဆိုးတယ်ဆိုပါတော့ ။ သင်မခံနိုင်တော့တဲ့အခါ သင်နဲ့စကားများရတယ်ဆိုရင် သင့်မှာ ငါ့ကိုသမီးလိုသဘောမထားလေခြင်းလို့ တွေးပြီး နာကျင်မဆုံးဖြစ်နေမှာပါ။ ဟုတ်ပြီ အဲဒါဆိုရင် အဲဒီ့နာကျင်မှုရဲ့တခြားမှာ အကောင်းဘက်ကတွေးမယ်ဆိုရင် ခုရှု့ပ်မှ နောင်ရှင်း၊ မကောင်းတဲ့ယောက္ခမနဲ့ ကိုယ်စာရင်းရှင်းသွားတော့ နောက်မပတ်သက်ရတော့ဘူးပေါ့။ နောက်မပတ်သက်ရတော့ သူတို့အနိုင်ကျင့်သမျှ ကိုယ်မခံရတော့ဘူးပေါ့၊ သူက ကိုယ့်ကို မတရားပြောချင်ရင်တောင်မှ ကိုယ်နဲ့သူမပတ်သက်တော့လို့ သင့်ကို တဲ့တိုးကြီး အပြစ်လာမတင်ရဲတော့ဘူးပေါ့။ မကောင်းဘူးလား။ တခါတည်း စာရင်းရှင်းသွားတာပေါ့။ (ရန်ဖြစ်ဖို့တိုက်တွန်းတာမဟုတ်ပါဘူးနော်..တခါတလေ စိတ်ရှု့ပ်ထွေးမှုတွေရဲ့ အကောင်းဘက်အခြမ်းကိုမမြင်တတ်လို့ထောက်ပြတာပါ) သင်အလုပ်ပြုတ်သွားတယ်ဆိုပါတော့ စိတ်ညစ်နေမှာပေါ့။ ဘာဖြစ်သေးလဲ….အလုပ်ပြုတ်ပြီးနောက်အလုပ်တစ်ခုမရခင်စပ်ကြားမှာ သင်အနားယူလို့ရသွားတာပေါ့။ စာမေးပွဲကျတယ်ဆိုပါတော့….နောက်တစ်ကြိမ်မှာ ဒီထက်အမှတ်ကောင်းအောင် ဖြေဖို့တောင် အခွင့်အရေးထပ်ရလာသေးတာပေါ့။ သင့်ချစ်သူထားသွားတယ်ဆိုပါတော့….ဘာဖြစ်သေးလဲ…..သင်နဲ့သူလက်ထပ်ပြီးမှ ကွာရှင်းရတာထက်စာရင် ချစ်သူဘဝမှာတင် လက်တွဲဖြုတ်သွားတာ ကိုယ့်ဘဝအတွက်ပိုမကောင်းဘူးလား စသဖြင့် နာကျင်မှုတွေရဲ့ အခြားတစ်ဖက်က အကောင်းကိုရှာတွေးကြည့်လိုက်ပါ။

၂) လူတိုင်းကကိုယ့်လိုမဟုတ်ဘူး။
နာကျင်မှုတော်တော်များများမှာ ကိုယ့်လိုဖြစ်စေချင်စိတ်၊ ကိုယ့်လိုမတွေးပါလား…ဆိုတဲ့စိတ်တွေကြောင့်လည်းဖြစ်တတ်ပါတယ်။ အဲဒါကြောင့် တချို့သောနာကျင်မှုတွေကို လူတိုင်းကကိုယ့်လိုမဟုတ်ဘူး…..လူတိုင်းနဲ့ ကိုယ့်စိတ်တစ်ထပ်တည်းမကျနိုင်ဘူး….လို့တွေးလိုက်ပါ။ တော်တော်လေး စိတ်သက်သာရာရသွားပါလိမ့်မယ်။

၃) ဘယ်အရာမှမတည်မြဲဘူး။
နောက်တခုကတော့ မတည်မြဲဘူးလို့တွေးပါ။ သင်ခုခံစားနေရတာတွေလည်း အချိန်တခုအရောက်မှာ ပြေလျော့သွားမှာပါ။ ခုနေသာ ပြင်းပြင်းထန်ထန် ခံစားနေရပေမယ့် နောက်တော့လည်း ပြေလျော့သွားမယ့်ခံစားချက်တွေပါ။ အဲဒါကြောင့် ခုလို ပြင်းထန်စွာခံစားနေရချိန်မျိုးမှာ ကိုယ့်ကိုကိုယ်ထိခိုက်စေမယ့် ကိစ္စမျိုးလုံးဝမလုပ်မိပါစေနဲ့လို့ သတိထားပါ။

၄) ကိုယ့်ကိုကိုယ်အားပေးတဲ့ ကောင်းသောစကားမျိုးပြောပါ။
လောကမှာ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေအတွက် ဘယ်သူကမှ သင့်ကိုလာပြီး မကယ်တင်နိုင်ပါဘူး။ သင့်ကိုသင်သာ ကယ်တင်နိုင်တာပါ။ သင့်ကိုသင်ပဲ အားပေးနိုင်တာပါ။ အခြားသူတွေက ဘယ်လိုပဲသင့်ကိုအားပေးပါစေ သင့်စိတ်ထဲမှာ သင့်ကိုသင် အောက်ဆုံးထိဆွဲချထားမိရင် ဘယ်သူကမှ ပြန်မဆွဲတင်ပေးနိုင်ပါဘူး။ သင့်ကိုသင်သာ သတ်မှတ်တာဖြစ်ပါတယ်။ အဲဒါကြောင့် သင့်ကိုသင်မကောင်းတဲ့စကားမျိုး အထူးသဖြင့် “မင်းက လူပိုတစ်ယောက်ပါပဲ၊ မင်းက အသုံးမကျတဲ့ကောင်ပါ၊ မင်းသေလိုက်တာပိုကောင်းပါတယ်။ တကယ်တော့မင်းကိုဘယ်သူကမှ မလိုချင်ဘူး၊ မင်းဒီလောကမှာရှိနေလို့လည်း ဘာမှမထူးဘူး၊ မရှိလို့လည်းဘာမှမထူးဘူး၊ မင်းကအလကားကောင်ပဲ” စတဲ့စကားနဲ့အလားတူစကားမျိုးတွေနဲ့ ကိုယ့်ကိုကိုယ်ဆွဲမချပါနဲ့။ ကိုယ့်ကိုကိုယ်သာအားပေးပါ။ “တကယ်တော့ ဒါတွေက အလကားပါပဲ။ လောကမှာ အခက်အခဲဆိုတာ မရှိဘဲမနေဘူး။ တခုမဟုတ် တခုတော့ ကြုံရမှာပါပဲ။ တကယ်တော့ ငါလုပ်နိုင်ပါတယ်။ ဒီအခိုက်အတန့်လေး ခဏပါပဲ၊ ပြီးတော့လည်း ပြီးသွားမှာပါ” စတဲ့စကားမျိုးတွေကိုယ့်ကိုကိုယ်ပြောပါ။ သတိပေးပါ။ အားပေးပါ။

၅) သင်တစ်ယောက်တည်းမဟုတ်ပါဘူး။
နာကျင်မှုကို ခံစားနေရတာ ဒီလောကကြီးမှာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သတိရပါ။ လူတိုင်းလိုလိုကတော့ နာကျင်မှုတခုမဟုတ် တခုခံစားနေကြတဲ့သူချည်းပါပဲ။ အဲဒါကြောင့် တချို့လူတွေဘယ်လိုမျိုး နာကျင်မှုကို မှန်ကန်စွာကျော်ဖြတ်ခဲ့သလဲဆိုတာ လေ့လာကြည့်ပါ။ နာကျင်မှုကိုခံစားရင်း အရှုံးပေးသွားတဲ့သူတွေကို အားမကျပါနဲ့။ သေဆုံးသွားခြင်းက သင့်ကိုနောက်တစ်ကြိမ်ပြန်လည်ကြိုးစားခွင့်ကိုပါ မရစေပါဘူး။ အသက်ရှင်နေသရွေ့ သင်နာကျင်မှုမှန်သမျှကို အောင်နိုင်ပါသေးတယ်။ အောင်မြင်အောင်၊ နာကျင်မှုနည်းအောင် ကြိုးစားနိုင်ပါသေးတယ်။ နာကျင်မှုကို တိုက်ဖျက်ကို အကောင်းဆုံးပါဝါကတော့ အသက်ရှင်နေခြင်းပါပဲ။
အထက်ကအချက်လေးတွေကိုတွေးပြီး သင့်ကိုယ်သင်ပြန်ဆန်းစစ်ကြည့်ပါ။ သင့်နာကျင်မှုတွေလျော့လာသလိုခံစားရပါလိမ့်မယ်။ လူတိုင်းဟာ နာကျင်မှုတစ်ခုမဟုတ်တစ်ခုခံစားနေတယ်ဆိုတာ မမေ့ပါနဲ့နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။