နိုင်ငံတကာ စာအုပ်များတွင် ဖော်ပြထားသော Moral သင်ခန်းစာများပေးသည့် ဇာတ်လမ်းများ (သူငယ်ချင်းကောင်းရှိခြင်း)

သူငယ်ချင်းနှစ်ယောက်က သဲကန္တရတစ်ခုမှာ အတူတူလမ်းလျှောက်လာကြတယ်။ တစ်နေရာအရောက်မှာ သူတို့တစ်ခုခုကို ငြင်းခုံကြပြီး စကားများကြပါလေရော။ အဲဒီ့မှာ သူငယ်ချင်းတစ်ယောက်က အခြားတစ်ယောက်ရဲ့မျက်နှာကို လက်ဝါးနဲ့ရိုက်ထည့်လိုက်ပါတယ်။ အရိုက်ခံလိုက်ရတဲ့သူငယ်ချင်းက နာကျင်သွားပေမယ့် ဘာမှတော့ ပြန်မပြောခဲ့ပါဘူး။


သဲတွေထဲမှာ “ဒီနေ့မှာ ငါ့အချစ်ဆုံးသူငယ်ချင်းက ငါ့မျက်နှာကိုရိုက်လိုက်တယ်” ဆိုပြီး ရေးခဲ့လိုက်တယ်။
အဲလိုနဲ့ ဆက်လျှောက်လာရင်း အိုအေစစ်တစ်ခုကို ရောက်လာကြပြန်တယ်။ ထိုနေရာမှာ သူတို့ရေချိုးကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ပါးရိုက်လိုက်တဲ့ပထမသူငယ်ချင်းက ရေထဲကို အရင်ဆင်းလိုက်တဲ့အခါမှာ ရွံ့နွံတောထဲ ပြုတ်ကျပြီး နစ်သွားလေတော့တယ်။ ပါးရိုက်ခြင်းခံလိုက်ရတဲ့သူငယ်ချင်းက အဲဒါကို တွေ့တဲ့အခါ ပထမသူငယ်ချင်းကို ကယ်ဆယ်ပေးလိုက်ပါတယ်။
ပထမသူငယ်ချင်းကို ကယ်ဆယ်ပေးခဲ့ပြီးနောက်မှာတော့ ဒုတိယသူငယ်ချင်းက ကျောက်တုံးတစ်ခုမှာ “ဒီနေ့မှာ ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းက ငါ့အသက်ကို ကယ်ပေးခဲ့တယ်” လို့ချရေးလိုက်တယ်။ အဲဒီ့အခါမှာ ပထမသူငယ်ချင်းက ဒုတိယသူငယ်ချင်းကိုမေးလိုက်တယ်။ “ပထမတစ်ခေါက်မှာ မင်းရဲ့ပါးကို ငါရိုက်ခဲ့တုန်းက သဲတွေထဲမှာ မင်းက စာရေးတယ်။ ခုတစ်ခေါက်ကျတော့ မင်းက
ကျောက်တုံးပေါ်မှာ စာရေးတယ်။ ဘာလို့လဲ သူငယ်ချင်း” လို့မေးလိုက်ပါတယ်။
အဲဒီ့အခါမှာ ဒုတိယသူငယ်ချင်းက “ငါတို့တွေက နေ့စဉ်ဘဝမှာ ငါတို့ကို အခြားသူတွေ နာကျင်အောင်လုပ်တဲ့အခါ ငါတို့က သဲထဲမှာစာရေးသလိုပဲပေါ့။ သဲတွေက လေတိုက်လိုက်တဲ့အခါ စာတွေပျက်သွားသလိုမျိုး၊ ငါတို့နာကျင်ခဲ့သမျှကိုလည်း ခွင့်လွှတ်ခြင်းနဲ့ ချေဖျက်ပစ်လိုက်ဖို့လိုတယ်။
ငါတို့အပေါ် ကောင်းတာတွေဖြစ်စေတဲ့အခြားသူတွေကိုကျတော့ ကျောက်တုံးပေါ်မှာစာရေးသလိုမျိုး။ ဘယ်တော့မှ မပျောက်မပျက်ဘဲ အမှတ်ရနေသင့်တယ်လေ” လို့ ပြန်ဖြေလိုက်ပါတယ်။
ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာလည်း လူအမျိုးမျိုး စိတ်အထွေထွေနဲ့ကြုံဆုံရမှာပါပဲ။ အဲဒီ့အခါ ကျွန်တော်တို့အပေါ်မကောင်းခဲ့တဲ့သူတွေကို ခွင့်လွှတ်ခြင်းနဲ့ အရာရာကိုမေ့ပျောက်လိုက်ခြင်းက ကျွန်တော်တို့ကို ပေါ့ပါးစေခြင်းပါပဲ။ ဘဝအတွက်တန်ဖိုးရှိတာတွေ ယူပြီး တန်ဖိုးမရှိတာတွေကို မေ့ပစ်လိုက်ဖို့ပေါ့။
မကောင်းတာတွေကို မေ့ပစ်လိုက်တာက ကိုယ့်အတွက်လည်း ပေါ့ပါးစေသလို၊ ကောင်းတာတွေကိုပဲ အမြဲသတိရနေခြင်းက ကိုယ့်အတွက်ပိုပြီး ကြည်နူးစရာကောင်းသလို၊ ကျေးဇူးလည်းတင်ဖြစ်နေပါတယ်။ အဲဒါကြောင့် ဒီသင်ခန်းစာလေးကို မှတ်ထားပြီး နာကျင်စရာတွေဆို မြန်မြန်မေ့ပစ်ဖို့ ကြိုးစားပါ။ ကျေးဇူးတင်စရာတွေကိုတော့ အမြဲသတိရနေလိုက်ပါ။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။