မတော်သောဖိနပ်ကိုမစီးပါနှင့်။

စာဖတ်သူတို့ မတော်သော ဖိနပ်ကို စီးဖူးပါသလား။ အက်မင်ကတော့ စီးဖူးပါတယ်၊ အမြင်အာရုံအရ အရမ်းကြိုက်လို့ “နည်းနည်းလေးမတော်လဲ ဘာဖြစ်သလဲ…..စီးလို့ရလောက်ပါတယ်….” လို့တွေးပြီး အတင်းမရမက စီးဖူးပါတယ်။ အစပိုင်းမှာတော့ ကိုယ်လိုချင်တာလေးရလို့ ကျေနပ်ပျော်ရွှင်ရသလောက်၊ ကြာလေလေ….ဖိနပ်ပေါက်တဲ့ဒဏ်ကို ဖိနပ်စီးတိုင်း နာကျင်ခံစားရပါများလာတော့ ထိုဖိနပ်ကိုလည်း စိတ်ကုန်လာပါတယ်။ အဲဒီတော့ ဘာလုပ်ပစ်မယ်ထင်ပါသလဲ။ ဆက်ပြီး နာကျင်မှုကို တစိမ့်စိမ့်ခံစားလို့ ရှေ့ဆက်စီးသွားမလား….။ ဒါမှမဟုတ် ချက်ချင်းအသစ်လဲလို့ ကိုယ်နဲ့အဆင်ပြေတဲ့ဖိနပ်ကို ပြောင်းလဲစီးမလား။


ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး နာကျင်မှုကို ခံစားတာခြင်းကွဲပြားသွားသလို၊ လူတစ်ယောက်စီရဲ့ဘဝတွေလည်း ကွဲပြားသွားနိုင်ပါတယ်။
လူတိုင်းရဲ့ဘဝမှာ ထိုအဖြစ်မျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ်တော့ ထိုအဖြစ်အပျက်ကနေ ဘဝအတွက် သင်ခန်းစာယူတတ်မယ်ဆို ယူလို့ရပါတယ်။ (ဘဝမှာ ယူတတ်ရင် အားလုံးကသင်ခန်းစာတွေချည်းပါပဲနော်)
လူတိုင်းဟာ ဘဝမှာ ကိုယ်နဲ့အဆင်မပြေတဲ့ relationship ၊ အိမ်ထောင်ရေး၊ မိတ်ဆွေအပေါင်းအသင်း၊ ကိုယ်မနှစ်သက်တဲ့အလုပ်အကိုင် စသဖြင့် အများကြီးကြုံရမှာပါပဲ။ ဒါပေမယ့် ထိုကဲ့သို့ ကြုံလာတဲ့ပေါ်မှာ ဘယ်လိုခံယူပြီး ဘယ်လိုပြန်လည်ပြင်ဆင်သလဲဆိုတဲ့ပေါ်မူတည်ပြီး လူတွေက ပျော်ရွှင်သူနဲ့ မပျော်ရွှင်သူဆိုပြီး နှစ်မျိုးကွဲသွားတော့တာပါပဲ။ ကိုယ်မပျော်ရွှင်တဲ့အလုပ်မှာ လုပ်နေရတာ ကိုယ့်အတွက် စက်ရုပ်တစ်ရုပ်လိုပါပဲ၊ “အရမ်းစိတ်ညစ်ရတယ်….” လို့ပဲ ညည်းနေမိသလား။ အဲဒါဆို အဲဒီ့လိုစိတ်ညစ်ရတဲ့နေရာကနေ ပြောင်းရွေ့ဖို့ကို ဘယ်သူက လုပ်နိုင်ပါ့မလဲ။ ကိုယ်တိုင်ပဲ လုပ်နိုင်မှာပါ။ ထိုင်ညည်းနေရုံနဲ့တော့ ဒီစိတ်ညစ်မှုတွေကပျောက်သွားပါ့မလား။ ဥပမာ။ ကိုယ်အရမ်းစိတ်ညစ်တဲ့အလုပ်ခွင်ကနေ ကိုယ်က လွတ်မြောက်ဖို့ ကြိုးစားမှပဲ ကိုယ်စိတ်ညစ်နေရခြင်းတွေကနေ လွတ်မှာပေါ့၊ အဲဒီ့တော့ ကိုယ်စိတ်ညစ်ပါတယ်ဆိုတဲ့အလုပ်ကနေ နောက်အလုပ်တခုပြောင်းဖို့စဉ်းစားရတော့ပါမယ်။ စဉ်းစားတဲ့အခါ နောက်ထပ်အလားတူအလုပ်မှာလည်း ခုအလုပ်လို စိတ်မညစ်ရအောင် ဘာကြောင့်စိတ်ညစ်ရသလဲ….ဆိုတဲ့အချက်ကို အရင်စဉ်းစားရပါတော့မယ်။ ဒီအလုပ်မျိုးကို လုံးဝကို စိတ်မပါတာလား၊ ဝါသနာမပါတာလား၊ ပါရဲ့သားနဲ့ လုပ်ငန်းခွင်က အပေါင်းအသင်းမျိုးကြောင့်လား။ (တခါတလေ သူများတွေက ဝင်ငွေကောင်းတယ်ဆိုလို့ ကိုယ်က ထိုအလုပ်နဲ့ပတ်သက်တဲ့သင်တန်းတွေတက်၊ လက်မှတ်တွေရအောင်ယူလည်းပြီးရော၊ အလုပ်ခွင်ဝင်ကာမှ ငါးပါးမှောက်တော့တာပါပဲ။ ထိုအလုပ်က ကိုယ်လုံးဝစိတ်မဝင်စားဘဲ ကိုယ့်အတွက် အရမ်းစိတ်ရှုပ်စေတဲ့အလုပ်ဖြစ်နေပါလေရော) ထိုကဲ့သို့အလားတူကိစ္စမျိုးဖြစ်နေလား။ စသည်ဖြင့် ကာယကံရှင်က ကိုယ့်ကိုကိုယ်သိဖို့လိုပါတယ်။ ပြဿနာအကြောင်းရင်းကို သိသွားတဲ့အခါ ဖြေရှင်းနိုင်တာလည်း ကိုယ်တိုင်ပါပဲ။ ကိုယ်က ဒီနွံထဲကနေလွတ်ချင်ရင် လွတ်အောင်ရုန်းပေါ့။ (မရဘူး….လို့ ထိုင်ညည်းနေရုံနဲ့ တကယ်မလုပ်ရင်တော့ ဘာမှမဖြစ်လာမှာမဟုတ်ပါဘူး။ ဘဝကဒီတိုင်းပဲဆက်သွားနေမှာပါပဲနော်)
ဥပမာ။ ကိုယ့်အပေါ် လုံး၀ မကောင်းတဲ့ ချစ်သူရည်းစားတစ်ယောက်ကို မပြတ်နိုင်ဘူးဆိုပါတော့။ သူ့ကို ကိုယ့်ရဲ့စိတ်အလိုလိုက်ပြီး မပြတ်နိုင်လို့သာ ရှေ့ဆက်တွဲနေပေမယ့် ထိုချစ်သူက ကိုယ့်အပေါ်လုံးဝမကောင်းတာလဲ ကိုယ်သိနေတယ်၊ ဒါပေမယ့် လုံး၀ မပြတ်နိုင်ပါဘူးဆိုရင် ဘာဆက်ဖြစ်မလဲ။ “သူနဲ့တွဲရတာ အရမ်းစိတ်ညစ်ဖို့ကောင်းတာပဲ….” လို့ ပြောပြောပြီး ငိုနေလို့ မရပါဘူး။ ကိုယ့်ဘဝအတွက် ရှေ့ဆက်လို့မရတဲ့ချစ်သူကို စိတ်ပိုင်းဖြတ်လိုက်ပြီး ဖြတ်နိုင်တာလည်း ကိုယ်ပါပဲ။ (ချစ်လွန်းလို့ မပြတ်နိုင်သေးပါဘူးဆိုရင် အဲဒါသင့်ကိုသင် ထင်နေတဲ့အထင်ပါပဲ) ခံစားရ တစ်နှစ်လား၊ နှစ်နှစ်လား၊ ခံစားပစ်လိုက်ပါ။ ကိုယ့်ဘဝတစ်ခုလုံး မတော်တဲ့ဖိနပ်ကိုစီးပြီး စီးတိုင်းနာကျင်မှုကို ခံစားနေရမယ့်အတူတူတော့ တစ်နှစ်လောက် နာကျင်မှုကို တစ်ဘဝလုံးကောင်းစားဖို့နဲ့ လဲပစ်လိုက်ပါ၊ တန်ပါတယ်နော်။ မယုံရင်ခုပဲ စိတ်ခိုင်ခိုင်ထားပြီး လုပ်ကြည့်လိုက်ပါ။ သင့်ဘဝခုထက်ပိုပြီး ပေါ့ပါးသွားသလို၊ ခုထက်လည်း ပိုပြီးတိုးတက်မယ့်ကိစ္စတွေမှာ အာရုံစိုက်နိုင်လာပါလိမ့်မယ်။ သင့်အပေါ်မကောင်းတဲ့သူကို ကောင်းစေချင်တဲ့စိတ်ကလွှမ်းမိုးနေတဲ့အခါ သင့်ဘဝမှာ သူ့အတွက်ချည်းအချိန်ကုန်နေလို့ သင့်ဘဝက မှိုင်းမိနေသလို၊ လေးလံနေရမှာပါ။ သူကို စိတ်ပိုင်းဖြတ်ပြီး မရရအောင် ဖြတ်ကြည့်ပြီး ဦးနှောက်ထဲက ဖြေးဖြေးချင်းထုတ်ကြည့်လိုက်တဲ့အခါ ထင်တာထက် သင့်ဘဝက ပိုပြီးပေါ့ပါးလာပါလိမ့်မယ်။ အချိန်တခုတော့ လိုတာပေါ့။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။
သင့်အပေါ်မကောင်းတဲ့အပေါင်းအသင်းတွေအပေါ်လည်း ထိုကဲ့သို့ပါပဲ။ “သူတို့သာမရှိရင် ငါ့ဘဝက ပိုပြီး ပျင်းစရာကောင်းနေမှာ….” လို့များတွေးမိနေရင် တကယ်တော့ အဲဒါက သင့်အတွေးသက်သက်ပါ။ တကယ်ပဲ သူတို့ကိုဖြတ်ချပစ်ကြည့်လိုက်ပါ။ တခြားတခုကို အာရုံပြောင်းစိုက်လိုက်ပါ။ သင်ဘဝကိုတိုးတက်စေမယ့်အရာဖြစ်ဖြစ်…..သင်နှစ်သက်ရာတခုခုကိုဖြစ်ဖြစ်ပေါ့။ မကြာပါဘူး။ အချိန်တခုရောက်တဲ့အခါ သူတို့နဲ့ပတ်သက်တဲ့အတွေးတွေအလိုလို သင်မတွေးမိတော့ဘဲ တဖြေးဖြေးပျောက်သွားပါလိမ့်မယ်။ (တိုက်ဆိုင်လို့ တခါတခါ သတိရတာမျိုးက လွဲရင်ပေါ့။ဒါလည်း သိပ်ကိစ္စမရှိပါဘူး။ တစ်ဘဝလုံး မကောင်းနိုင်တာထက်စာရင်တော့ တချက်တချက်မှ သတိရတာ မနာကျင်ရတော့ပါဘူး။ အသားကျသွားပါလိမ့်မယ်။)
တစ်ချို့တွေက ပြောပါတယ်…. “သံယောဇဉ်ကြီးတတ်လို့ ဖြတ်ချပစ်လို့ကို မရပါဘူး။ ဖြတ်ချပစ်ဖို့ စဉ်းစားတိုင်း ကိုယ်ပဲနာကျင်ရပါတယ်…” ဆိုတာမျိုးတွေပေါ့။ အဲဒါက တကယ်တော့ သင့်ကိုသင်ထင်မြင်နေတဲ့ထင်မြင်ချက်တွေပါ။ သင့်စိတ်အလိုကိုလိုက်ပြီးနေလေ….သင့်ဘဝက သူတို့အတွက်နဲ့ ဆုတ်ယုတ်သွားလေလေဖြစ်ရင် တန်ရဲ့လား။ တန်ပါတယ်လို့….ထင်ရင်လည်း သင့်သဘောပါပဲ။ မတန်ပါဘူး….ခုချက်ချင်း ရအောင်ဖြတ်မယ်လို့ ထင်ရင်လည်း သင့်သဘောပါပဲ။ တခုရှိတာက တကယ်လုပ်ကြည့်မှ သိလာမှာပါ။ သင်ရဲ့ဖြတ်ရခက်တဲ့ ချစ်သူကို ဖြတ်ကြည့်လိုက်တဲ့အခါ…..အချိန်တခုရောက်လာတဲ့အခါ သင့်ဟာသင်နေတတ်သွားတာကို သင်တွေ့ရမှာပါ။ ဘဝပင်လယ်ပြင်ကို ဖြတ်ကူးတဲ့အခါ သင်နဲ့လက်တွဲမယ့်သူက ရှေ့ကနေလည်း အားသွန်ခွန်စိုက် လှေမလှော်၊ သင်လှော်နေတာကိုလည်း အမျိုးမျိုး နှောင့်ယှက်မယ့်သူဆိုရင် အဲဒီလူနဲ့ သင်ပင်လယ်ပြင်မှာ လှေဆက်လှော်သွားလို့ဖြစ်ပါ့မလား။ သင်အလိုရှိတဲ့နေရာကိုလည်း မရောက်နိုင်သလို၊ သင်ကောသူကော ပင်လယ်ပြင်မှာတောင် အသက်မဲ့သွားနိုင်ပါသေးတယ်။ အဲဒီ့တော့ ကိုယ်နဲ့ဘယ်လိုမှ ရှေ့ဆက်မဖြစ်တဲ့သူ၊ ချစ်သူပဲဖြစ်ပါစေ၊ အပေါင်းအသင်းပဲဖြစ်ပါစေ၊ အလုပ်အကိုင်ပဲဖြစ်ပါစေ၊ ပတ်ဝန်းကျင်ပဲဖြစ်ပါစေ …..ကိုယ့်အတွက်မကောင်းတဲ့သူကို ဖယ်ထုတ်ပစ်ရမှာ ကိုယ့်တာဝန်ပါပဲ။ ပြတ်သားသင့်တဲ့နေရာမှာ နာကျင်မှုတွေကို ရဲရဲခံစားပြီး ပြတ်သားပစ်သင့်ပါတယ်။ အဲဒါမှ သင့်ဘဝကို ရှေ့ဆက်ဖို့ လွယ်ကူသွားမှာပါ။ အဲဒီလို မပြတ်သားနိုင်ရင်တော့ သင့်ဘဝတစ်လျှောက်လုံး မတော်တဲ့ဖိနပ်ကို တစ်ဘဝလုံးစီးသွားရသလို၊ စီးတိုင်းနာကျင်နေရမှာဖြစ်ပါတယ်။ နာကျင်လွန်းလို့ ချွတ်ထားလိုက်မယ်လို့ တွေးပြန်တော့လည်း နောက်မဆုတ်နိုင်တော့တဲ့အခြေအနေမျိုး မရောက်ခင် ခုချက်ချင်း ပြတ်သားသင့်တာပြတ်သားလိုက်ပါ။ အချိန်တစ်ခုရောက်တဲ့အခါ သင့်ဘ၀ ပိုပြီးလည်း တိုးတက်သွားပါလိမ့်မယ်။ ပိုပြီးလည်း ရှေ့ဆက်လို့ လွယ်ကူသွားပါလိမ့်မယ်။ အသားမကျဘူးဆိုတာ သင်ရဲ့အခုလတ်တလောအထင်ပါ။ ထိုအထင်လေးကို သင့်ရဲ့ဒိုင်ယာရီထဲမှာရေးမှတ်ထားပြီး သင်ပြောင်းလဲပစ်ပြီးလို့ နောက် ၁နှစ်၊ ၂နှစ်အကြာမှာ ပြန်ဖတ်ကြည့်လိုက်ပါ။ ဘာတွေ ကွာခြားသွားမလဲ….ဆိုတာ သင်သိလာပါလိမ့်မယ်နော်။
အဲဒါကြောင့် ခုလက်ရှိ မစွန့်လွှတ်နိုင်ဘူးထင်နေတာတွေ၊ မပြတ်သားနိုင်ဘူးထင်နေတာတွေ၊ မပြောင်းလဲနိုင်ဘူးထင်နေတာတွေ၊ အားလုံးကို ခုချက်ချင်း သင့်ဘဝထဲကထုတ်ပစ်လိုက်ပါတော့။ သင့်ဘဝရဲ့နေ့သစ်တွေ ပြန်ရောက်လာပါလိမ့်မယ်။ #Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။