မပျော်ရွှင်တဲ့လူတွေရဲ့အကျင့်(၇)မျိုး

အမြဲလိုမပျော်မရွှင်ဖြစ်နေတတ်တဲ့လူတွေကို မြင်ဖူးလား။ တခုခုကို အမြဲစိတ်အလိုမကျဖြစ်နေတတ်သူတွေဟာ လောကကြီးကို အမြဲစိတ်ညစ်နေတတ်ပါတယ်။ အဲဒီလိုလူတွေရဲ့အကျင့်လေးတွေကို သိထားအောင်ဖော်ပြပေးလိုက်ပါတယ်။ တခါတလေမှာလည်း ကိုယ့်မှာ အဲဒီလူတွေရဲ့အကျင့်တစ်ချို့ရှိနေတတ်ပါတယ်။ အဲဒီ့အကျင့်လေးတွေကို တိုက်ဆိုက်စစ်ဆေးကြည့်ရင်း ကိုယ့်မှာ မပျော်ရွှင်ရတဲ့အကြောင်းရင်းများဖြစ်နေမလားရယ်လို့ တွေးကြည့်လိုက်ပါနော်။ အဲဒါမှသာ ပြုပြင်သင့်တာပြုပြင်လို့ရမှာပေါ့။


၁) ပြီးပြည့်စုံဖို့မျှော်လင့်နေခြင်း
ဘယ်အရာမှပြီးပြည့်စုံတယ်ဆိုတာ မရှိနိုင်ပါဘူး။ အားနည်းချက်၊ ဟာကွက်တော့ရှိကြတာချည်းပါပဲ။ အမြဲလို အကောင်းဆုံးဖြစ်ချင်တာ၊ အမှားမပါချင်တာ၊ အားနည်းချက်မရှိချင်တာမျိုးတော့ လုံးဝမဖြစ်နိုင်ပါဘူး။ အဲဒီလိုမဖြစ်နိုင်တာချည်းကိုလိုချင်နေလို့ မပျော်ရွှင်ရတာပါပဲ။ အဲဒါကြောင့် ဘယ်လိုနေရာ၊ ဘယ်လိုအခြေအနေမျိုးမှာမှ အရမ်းကြီးပြီးပြည့်စုံနေဖို့ မျှော်လင့်နေလို့ ပျော်ရွှင်ရမှာမဟုတ်တော့ပါဘူး။ သာမန်အမှားအယွင်းနဲ့ ချို့ယွင်းချက်တွေကိုတော့ လက်ခံသင့်လက်ခံ၊ ပြုပြင်သင့်ပြုပြင်၊ နားလည်ပေးသင့်နားလည်ပေးရမှာပါပဲ။

၂) အထိခိုက်မခံနိုင်ခြင်း
အထိခိုက်မခံနိုင်ခြင်းဆိုတာက ကိုယ့်အပေါ် အဆိုးပြောတာ၊ အဆိုးကြုံတာ၊ ဝေဖန်ခံရတာ(အပြုသဘော) စတဲ့ သာမန်ကိစ္စရပ်လောက်ကို အပြောအဆိုမခံနိုင်တာ၊ တနည်းအားဖြင့် ကိုယ့်အပေါ် အမြဲအကောင်းချည်း၊ စင်းလုံးချောချင်တဲ့လူမျိုးက ကိုယ့်ကိုနည်းနည်းလေး အဆိုးဖြစ်လာရင် မခံနိုင်တော့ပါဘူး။ အသေးအဖွဲလေးကအစ အများကြီးခံစားလိုက်တာမျိုးပေါ့။ အဲဒါဆို လောကမှာဘယ်လိုမှပျော်ရွှင်ဖို့ရာမလွယ်ကူပါဘူး။ ဘာလို့လဲဆိုတော့ ဘဝဆိုတာက တိုက်ပွဲတစ်ခုလိုပဲ နိုင်တဲ့အချိန်ရှိသလို၊ ရှုံးတဲ့အချိန်ရှိမှာပါပဲ၊ ပတ်ဝန်းကျင်အသိုင်းအဝန်းနဲ့နေတာမို့ ချစ်တဲ့လူရှိသလို မုန်းတဲ့လူရှိမှာပါပဲ ။အကောင်းပြောတဲ့လူရှိသလို အဆိုးပြောတဲ့လူလည်းရှိမှာပါနော်။

၃) အတိတ်နဲ့အနာဂတ်ကိုအများကြီးကြိုတွေးနေခြင်း
နောက်တစ်ခုကတော့ အတိတ်နဲ့အနာဂတ်ကို အများကြီးကြိုတွေးခြင်းဟာ ခုလက်ရှိအချိန်ကုန်စေသလို ဖြစ်ပြီးတာကိုလည်း ပြန်တွေးဝမ်းနည်းမယ်၊ မဖြစ်လာသေးတာကိုလည်း ကြိုတွေးကြောက်မယ် စတဲ့ အခါ ကိုယ့်ရဲ့အချိန်တွေဟာ အကောင်းမြင်စိတ်ပျောက်ဆုံးပြီး အလကားဖြစ်သွားနိုင်သလို ဘဝမှာ မပျော်ရွှင်နိုင်တော့ပါဘူး။

၄) ကိုယ့်ဘဝနဲ့အခြားဘဝကိုနှိုင်းယှဉ်နေမိခြင်း
နောက်တစ်ခုကတော့ ကိုယ့်ဘဝက ဘယ်အဆင့်ပဲရှိသေးတယ်။အခြားလူတွေက ဘယ်လိုအောင်မြင်နေတာ၊ အဆင်ပြေနေတာ၊ ပျော်ရွှင်နေတာ စတဲ့အတွေးတွေပါ။ အချိန်လည်းကုန်သလို၊ ကိုယ့်လက်ရှိမှာ ပျော်စရာတွေကိုတောင် မမြင်နိုင်တော့ဘဲ အဆိုးမြင်ပြီး စိတ်ညစ်လာစေပါတယ်။ လူတိုင်းက တာထွက်ချိန်ခြင်းမတူကြလို့ ပန်းတိုင်ဝင်ချိန်လည်းမတူနိုင်ပါဘူး။ သင်လက်ရှိအခြေအနေမှာ သင်အကောင်းဆုံးဖြတ်သန်းနိုင်ပြီး ပြဿနာတွေကို အဆင်ပြေဆုံးဖြေရှင်းနိုင်နေရင် ပျော်ရွှင်သင့်နေပါပြီ။ ဘယ်သူကမှ perfect ဖြစ်နေတဲ့ဘဝကိုပိုင်ဆိုင်ထားတာမရှိဘူးဆိုတာမမေ့ပါနဲ့နော်။

၅) ဘဝထဲကအသေးအဖွဲလေးတွေကအစ အပြစ်မြင်နေခြင်း
ဘတ်စ်ကားကလည်း ကြပ်လိုက်တာ၊ မီးကလည်းပျက်လိုက်တာ၊ အဲကွန်းကလည်းမအေးဘူး၊ ကိုယ်နေတဲ့တိုက်က ဟောင်းနေပြီ။ စီးနေတဲ့ကားက မော်ဒန်အောက်နေပြီ။ တစ်လကို ဆယ်သိန်းက သုံးမလောက်ဘူး စတဲ့အတွေးတွေက ကိုယ့်ကိုယ်မပျော်ရွှင်စေပါဘူး။ တကယ်တမ်းပြန်တွေးကြည့်လိုက်ရင် ကိုယ့်လို ဘတ်စ်ကားမစီးနိုင်တဲ့လူတွေရှိသေးတယ်၊ မီးမရှိဘဲ နေရတဲ့လူတွေရှိသေးတယ်၊ အဲကွန်းမအေးလို့စိတ်ညစ်နေချိန်မှာ အဲကွန်းမပြောနဲ့ပန်ကာနဲ့တောင်မနေနိုင်တဲ့လူတွေရှိသေးတယ်၊ ကိုယ်နေတဲ့တိုက်ဟောင်းလို့ စိတ်ညစ်နေချိန်မှာ လမ်းဘေးအဖီမှာ ထီးလေးမိုးပြီးအိပ်နေတဲ့လူတွေရှိသေးတယ်၊ ကိုယ့်ကားကမော်ဒန်အောက်လို့စိတ်ညစ်နေချိန်မှာ ဘတ်စ်ကားတိုးစီးနေတဲ့လူတွေရှိသေးတယ်၊ တစ်လကို ဆယ်သိန်းသုံးမလောက်လို့စိတ်ညစ်နေချိန်မှာ တစ်လတစ်သိန်းခွဲနဲ့လောက်အောင်သုံးနေတဲ့လူတွေရှိသေးတယ် ဆိုတဲ့အတွေးမျိုးတွေမတွေးမိလို့ပါ။ တကယ်တမ်း လူတွေက ကိုယ့်ဘဝမှာ ကိုယ်ရရှိပိုင်ဆိုင်ထားတဲ့အရာတွေကို တန်ဖိုးမထားလို့ အသေးအဖွဲလေးတွေကို အစ အပြစ်မြင်နေမိတာပါ။ အဲလိုသာ တွေးမြင်နေရင် ပျော်ရွှင်စရာအကြောင်းမရှိတော့ပါဘူး။

၆) အသစ်တစ်ခုခုနဲ့စွန့်စားရမှာကိုကြောက်နေခြင်း
ကိုယ့်အတွက် တိုးတက်မှုရှိနိုင်မယ့်အရာတစ်ခုခုကို risk ယူရမှာကို ကြောက်တာမျိုးပါ။ ဒီပညာတစ်ခုက ခက်ခဲပေမယ့် တတ်သွားရင် ကိုယ့်အတွက် အခွင့်အလမ်းကောင်းတွေအများကြီးရနိုင်တာမျိုးကို ခက်ခဲမှုကိုအကြောင်းပြပြီး စွန့်စားရမှာကြောက်နေတာမျိုးပေါ့။ အချိန်တစ်ခုအရောက်မှာ ဒီနေရာကနေ မတိုးတက်နိုင်တော့တဲ့အတွက် ဘယ်လိုမှ မပျော်ရွှင်နိုင်ပါဘူး။ စွန့်စားမှုရှိရင် ခက်ခဲမှု၊ စွန့်စားမှုရဲ့တစ်ဖက်မှာ လုပ်ဆောင်နိုင်တဲ့အခါ ပျော်ရွှင်မှုဆိုတာဖြစ်လာနိုင်တာပါပဲ။ အဲဒီလို စွန့်စားရမှာကို ကြောက်နေတဲ့လူအတွက် ပျော်ရွှင်မှုမရှိနိုင်ပါဘူး။

၇) ဆင်ခြေများခြင်း
တခုခုကို ဘာမှမလုပ်ကြည့်နိုင်ဘဲ ဆင်ခြေအမျိုးမျိုးပေးတတ်တဲ့လူလည်း အထက်ကအတိုင်းပါပဲ။ သက်တောင့်သက်သာတော့ရှိပါလိမ့်မယ်။ အချိန်တစ်ခုအရောက်မှာ ရွယ်တူတွေဘ၀ တိုးတက်နေတာ၊ ပျော်ရွှင်နေတာကို ထိုင်ငေးနေရပါလိမ့်မယ်။ ခက်ခဲမှုကို ကျော်လွှားနိုင်တဲ့အခါ ပျော်ရွှင်မှုဆိုတာဖြစ်လာနိုင်တာမျိုးပေါ့။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။