မကောင်းတဲ့စိတ်ခံစားချက်တွေ ဝင်လာတဲ့အခါ ပြုလုပ်သင့်တဲ့အချက်များ

မကောင်းတဲ့စိတ်ခံစားချက်တွေက လူတိုင်းမှာ ဝင်လာတတ်ကြပါတယ်။ မကောင်းတဲ့စိတ်ခံစားချက်ကို ဘယ်လိုတုံံပြန်သလဲဆိုတဲ့ပေါ်မူတည်ပြီး ကိုယ့်ရဲ့ဘဝအပေါ်သက်ရောက်တာမို့ ကိုယ့်စိတ်ကိုကိုယ်တိုင်အမြဲမပြတ်ဆန်းစစ်နေဖို့လိုပါတယ်။ ကိုယ့်အတွေးထဲမကောင်းတဲ့စိတ်ခံစားချက်နဲ့ပတ်သက်တဲ့အတွေးတွေဝင်လာရင် ဆက်မတွေးမိအောင်သတိထားပါ။


“ဒါတွေတွေးမိနေရင် စိတ်အဆင်မပြေဖြစ်လာမယ်၊ ကောင်းတာပဲတွေးမယ်” ဆိုတဲ့စိတ်မျိုးပေါ့။ တကယ်လို့ ကိုယ့်စိတ်ထဲမှာ ဖယ်ထုတ်လို့မရလောက်အောင် မကောင်းတဲ့စိတ်
ခံစားချက်တွေဖြစ်နေတယ်ဆိုရင်တော့ အောက်ပါအချက်‌လေးတွေကို စိတ်ပြေလက်ပျောက်ဖြစ်အောင် လုပ်ကြည့်ပြီး စိတ်ပြောင်းလိုက်ပါ။

၁) အားကုန်ထုတ်ပြီး ပြေးလိုက်ပါ။
အားသွန်ခွန်စိုက် အားကုန်ထုတ်ပြီး အပြေးလေ့ကျင့်တာမျိုး၊ အဝေးကြီးပြေးလို့အဆင်ပြေရင် ပြေးလိုက်တာမျိုးလုပ်ကြည့်ပါ။ မောသွားတဲ့အခါ အာရုံထဲ တင်းကြပ်ပြီး လျှောက်တွေးနေမိတာတွေပြေလျော့စေပါတယ်။

၂) အကောင်းဘက်တွေးတတ်အောင်အကျင့်လုပ်ပါ။
ကိုယ့်အတွေးထဲ အထက်ကပြောသလို ဆိုးတဲ့အတွေးတွေဝင်လာပြီဆိုရင်တော့ အဲဒီ့အတွေးတွေကို ဆက်မတွေးမိအောင် ကိုယ့်ကိုယ်ကိုယ်သတိပေးပါ။ ဒါမှမဟုတ် ကိုယ်တွေးနေတဲ့အတွေးရဲ့ဆန့်ကျင်ဘက်ကို လှည့်တွေးကြည့်လိုက်ပါ။ အဲဒီလိုအကောင်းဘက်ကလှည့်တွေးတဲ့အကျင့်လေးဖြစ်သွားတဲ့အခါ နောက်ပိုင်းမှာ ကိုယ့်အတွေးထဲအဆိုးတွေဝင်လာရင်ကို အလိုလိုအကောင်းဘက်ကလှည့်တွေးတတ်တဲ့အကျင့်စွဲသွားတတ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အတွေးဆိုးတွေဝင်လာတာနဲ့တပြိုင်တည်း “ဆက်မတွေးဘူး၊ ဆက်တွေးရင် ဒေါသထွက်တာ၊ နာကျင်တာ၊ ဝမ်းနည်းတာတွေဆက်ဖြစ်လာရင် ကိုယ်ပဲအဆင်မပြေဖြစ်မှာ” ဆိုပြီး ကိုယ့်အတွေးတွေကို ပြုပြင်ဖို့ကြိုးစားကြည့်ပါ။

၃)အနာဂတ်မှာပိုကောင်းလာဖို့မျှော်လင့်ပါ။
အခုလက်ရှိ ဆိုးဝါးတဲ့ခံစားချက်ကိုပဲ လက်ခံနေမိရင် အဲဒီ့အဆိုးက အနာဂတ်ထဲ သင်နဲ့အတူလိုက်ပါနေအုံးမှာပါ။ အဲဒါကြောင့် “ခုလက်ရှိဆိုးနေပေမယ့် နောက်ထပ်မဆိုးအောင် အခုချိန်ကိုအကောင်းဆုံးအသုံးချမယ်” လို့ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးပါ။ ခုကြိုးစားနေတဲ့အတွက် အနာဂတ်မှာ ပိုကောင်းတာတွေဖြစ်လာမှာပါဆိုတဲ့အတွေးလေး ပြောင်းတွေးကြည့်ပါ။ ချက်ချင်း စိတ်ထဲပျော်ရွှင်လာပြီး မျှော်လင့်ချက်အလင်းရောင်လေး ရလာပါလိမ့်မယ်။

၄)အသက်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ပါ။
အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ။ခပ်ပြင်းပြင်းရှုသွင်းရှုထုတ်လုပ်ကြည့်လိုက်ပါ။

၅) တရေးတမောအိပ်လိုက်ပါ။
ဘာမှမတွေးဘဲ ခဏလောက်အိပ်ပစ်လိုက်ပါ။

၆) ကိုယ့်အတွက်ကို ဆုချပါ။
ကိုယ့်ကိုယ်ကိုယ်ရေချိုးသန့်စင်လိုက်တာမျိုး၊ အဝတ်အစားအသစ်တွေဝတ်လိုက်တာမျိုး၊ အလှပြင်ပန်းအိုးတွေပြင်ကြည့်တာမျိုး၊ ကိုယ်လိုချင်တာလေး ထွက်ဝယ်လိုက်တာမျိုး တခုခုလုပ်ပြီး ကိုယ့်စိတ်ပျော်အောင် ကိုယ့်ကိုယ်ကိုယ်ဆုချလိုက်ပါ။

၇) သီချင်းနားထောင်လိုက်ပါ။
တက်ကြွပြီး မြူးကြွတဲ့ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့သီချင်းမျိုး နားထောင်ပြီး လိုက်ဆိုကြည့်လိုက်ပါ။ ပြီးရင် ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။