မိသားစုဘဝတည်ထောင်တော့မယ့်ဆိုသူတွေ စဉ်းစားသင့်တဲ့အချက်များ

သီတင်းကျွတ်မှာ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးတည်ဆောက်ကြမယ်လို့ စိတ်ကူးယဉ်ထားတဲ့သူတွေရှိမယ်ထင်ပါတယ်။ မိသားစုဘဝဆိုတာက တကယ်တော့ အရမ်းအရေးကြီးတဲ့ဂဏ္ဍဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျော်စရာကောင်းတဲ့မိသားစုဘဝတစ်ခုကနေမှ ပျော်ရွှင်နေတဲ့ဖေဖေ၊ မေမေဖြစ်နိုင်ပြီး ပျော်ရွှင်နေတဲ့သားသမီးလေးဖြစ်အောင် ပြုစုစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။ ငယ်ဘဝမှာ ပျော်ရွှင်နေတဲ့သားသမီးလေးတွေကမှသာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး၊ လူတော်လူကောင်းလေးတွေအဖြစ် ကြီးပြင်းလာမှာဖြစ်ပါတယ်။ သင်လွယ်တတ်လွယ်ပြီး အတုမြင်အတတ်သင်တတ်တဲ့ သားသမီးလေးတွေအတွက် အသိပညာဉာဏ်ပညာနဲ့ပြည့်ဝတဲ့ ရှေ့ဆောင်လမ်းပြ ဖေဖေမေမေတွေဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အသိပညာဗဟုသုတနဲ့ပြည့်ဝတဲ့ဖေဖေနဲ့မေမေတွေက မွေးထုတ်ပေးလိုက်တဲ့ သားသမီးလေးကလည်း လူတော်လူကောင်းဖြစ်လာမှဖြစ်ပြီး သူတို့ကြီးပြင်းအရွယ်ရောက်လာတဲ့အခါမှာလည်း သာယာပျော်ရွှင်နိုင်တဲ့မိသားစုဘဝကို တည်ထောင်နိုင်သူတွေဖြစ်လာနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် လူသားတာဝန်ကျေဖို့အတွက် ကောင်းမွန်ပြည့်စုံတဲ့မိသားစုဘဝဖြစ်မှသာ နောင်အနာဂတ်မျိုးဆက်တွေအတွက် ကောင်းနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် မိသားစုဘဝတည်ထောင်တော့မယ်ဆိုတဲ့သူတွေ ထည့်စဉ်းစားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) မိသားစုလိုက်နေထိုင်နိုင်မယ့်အိမ်
မိသားစုဘဝတည်ထောင်ပြီးရင် မိဘတွေနဲ့အတူနေတာထက် ကိုယ့်မိသားစုချည်း တစ်အိုးတစ်အိမ်ထူထောင်တာက အကောင်းဆုံးပါပဲ။ မိဘတွေရင်ကိုစုံကန်ဖို့ပြောချင်တာမဟုတ်ပါဘူးနော်။ ကိုယ်ပိုင်အိမ်နဲ့နေတဲ့အခါ ကိုယ့်တာဝန်ကိုယ်ပိုပြီး သိတတ်လာပါတယ်။ အချင်းချင်းလည်း စာနာနားလည်လာပါတယ်။ အပေးအယူပိုမျှတလာသလို ပိုပြီးလည်း သံယောဇဉ်တွယ်စေပါတယ်။ အဲဒါကြောင့် မိသားစုမတည်ထောင်ခင် ဘယ်မှာနေကြမလဲဆိုတာ ကြိုတင်စဉ်းစားသင့်တဲ့အချက်ပဲဖြစ်ပါတယ်။ အဲဒီ့တော့ ရေရှည်အတွက်ကို ကြိုတင်စဉ်းစားတဲ့အနေနဲ့ အိမ်ပိုင်ဝယ်ဖို့ အခြေအနေဆိုရင် ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်ယူဖို့တိုင်ပင်သင့်ပါတယ်။ အိမ်ပိုင်မဝယ်နိုင်ရင်လည်း အိမ်ငှားနေထိုင်ဖို့ ဘယ်လိုနေရာမျိုးက ကိုယ်တွေရဲ့အလုပ်၊ ရုံး စတာတွေနဲ့ ပိုနီးမလဲ၊ ရေ၊ မီး အဆင်ပြေလောက်တဲ့နေရာမျိုးလား၊ ဈေးနဲ့နီးမလား စသဖြင့် တိုင်ပင်ပြီး ကြိုတင်စဉ်းစားသင့်ပါတယ်။

၂) အိမ်ထောင်ပရိဘောဂ
အိမ်ထောင်ပရိဘောဂတွေကိုကော မိသားစုဘဝမစတင်ခင် ဖြေးဖြေးချင်းစုဆောင်းကြမလား၊ ဒါမှမဟုတ် တခါတည်း တစုတစည်းထဲ ဝယ်ကြမလား။ ဒါမှမဟုတ် ဈေးသက်သာပြီး တန်တဲ့ပစ္စည်းလေးတွေ တွေ့တာနဲ့ ကြိုပြီး ဝယ်ထာမလားစသဖြင့် တိုင်ပင်တွေးတောပါ။ ဘာပဲပြောပြော ကိုယ်ပိုင်အိမ်လေးနဲ့ဖြစ်လာတဲ့အခါ မိသားစုအိမ်ထောင်ပရိဘောဂဆိုတာ မရှိမဖြစ်လိုအပ်တာပါပဲ။

၃) လုံလောက်မယ့်ငွေကြေးပမာဏ
မိသားစုဘဝတည်ထောင်မယ်ဆိုကတည်းက ငွေကြေးပမာဏတခုတော့ လုံလောက်စွာရှိနေရမှာဖြစ်ပါတယ်။ အစစအရာရာ ဝယ်စရာရှိတာဝယ်ဖို့၊ စီစဉ်စရာရှိတာစီစဉ်ဖို့က ငွေအလုံအလောက်ရှိဖို့လိုပါတယ်။ အရင်တုန်းကတော့ တစ်ယောက်တည်းဖြစ်နေတဲ့အတွက် ငွေမလုံလောက်ရင်လည်း သိပ်ပူစရာမလိုသလို၊ မိဘမောင်နှမတွေဆီက လှည့်လို့ရနိုင်ပါတယ်။ နှစ်ယောက်တစ်အိမ်ထောင်ထူထောင်တဲ့အခါမှာတော့ အိမ်ရဲ့ ကိုယ်တိုင်ဆပ်ပြာအစ ထမင်းစားဖို့အဆုံး ၊ ကိုယ်တိုင်စီမံရမှာမို့ တစ်လလုံးနှစ်ယောက်ပေါင်းရဲ့ဝင်ငွေက ဘယ်လောက်ရှိပြီး တစ်နေ့အသုံးစရိတ်က ပျမ်းမျှဘယ်လောက်ရှိနိုင်သလဲ၊ တစ်လစာအသုံးစရိတ်ကဘယ်လောက်ကုန်နိုင်သလဲ၊ ဆေးဝါးကုန်ကျစရိတ်အတွက်ဖယ်ထားငွေ၊ အရေးပေါ်အသုံးစရိတ် စတာတွေအများကြီးအတွက် ကိုယ်တိုင်သာ စီစဉ်ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ငွေကို ဘယ်လိုစီမံမလဲ၊ လုံလောက်တဲ့ငွေကြေးပမာဏ ဟုတ်မဟုတ်၊ သိဖို့လိုပါတယ်။ စီစဉ်ထားဖို့လည် လိုပါတယ်။

၄) နှစ်ဖက်မိဘ
နှစ်ဖက်မိဘနဲ့အဆင်ပြေမပြေကလည်း အရေးကြီးထည့်စဉ်းစားသင့်ပါတယ်။ လက်ထပ်လိုက်တဲ့အခါ လူနှစ်ယောက်တည်းပေါင်းရတာမဟုတ်ဘဲ မိသားစုနှစ်ခုပေါင်းရတာဖြစ်ပါတယ်။ ကိုယ်ရဲ့လက်တွဲဖော်က ကိုယ့်အတွက်အဆင်ပြေပေမယ့် နှစ်ဖက်မိသားစုချင်းအဆင်ပြေအောင် နေထိုင်ဖို့လည်းလိုပါသေးတယ်။ အကောင်းဆုံးကတော့ နှစ်ဦးသားအိမ်ခွဲနေပြီး အချိန်တန်နှစ်ဖက်မိဘကို အပြန်အလှန်ကြည့်ရှုစောင့်ရှောက်ဖို့ ညှိုနှိုှုင်းသင့်ပါတယ်။ ဥပမာ။ နှစ်ဖက်မိဘအရေးပေါ်အသုံးငွေအတွက် ဘုံစုငွေထားတာမျိုးပေါ့။ အဲဒါမှ သူ့ဘက်ကိုယ့်ဘက်ရယ် မျှမျှတတဖြစ်ပြီး အငြင်းပွားစရာမဖြစ်မှာဖြစ်ပါတယ်။

၅) စုငွေ
မိသားစုတစ်ခုတည်ထောင်ကြမယ့်အခါ ကိုယ့်တစ်ယောက်တည်းရဲ့ဝင်ငွေလည်းမဟုတ်တော့သလို သုံးငွေလည်း တစ်ယောက်စာမကတော့ပါဘူး။ အဲဒါကြောင့် ဝင်ငွေတိုးလာသလို ထွက်ငွေလည်း တိုးလာမှာပါ။ အဲဒါအပြင် စုငွေလည်း သီးခြားသတ်မှတ်ထားသင့်ပါတယ်။ ပုံမှန်မဖြစ်မနေ တစ်လဘယ်လောက်စုမလဲဆိုတာမျိုး နှစ်ဦးသဘောတူ သတ်မှတ်ထားသင့်ပါတယ်။ သားသမီး ဘယ်နှစ်ယောက်ယူမလဲ ကြိုတင်စဉ်းစားပြီး ငွေစုဆောင်းထားတာမျိုး စသဖြင့် တိုင်ပင်ထားသင့်ပါတယ်။ သားသမီးဆိုတာ အနာဂတ်အတွက် ကြယ်ပွင့်လေးတွေဖြစ်လာအောင် ပျိုးထောင်ရမှာမို့ သားသမီးအတွက်လည်း ကြိုတင်စဉ်းစားထားသင့်ပါတယ်။ အဲဒါကြောင့် စုငွေမဖြစ်မနေကို ထားသင့်ပါတယ်။

၆) သားသမီး Plan
မိသားစုဘဝမှာ အဓိက အရေးကြီးတဲ့အချက်တစ်ချက်က မျိုးဆက်ပဲဖြစ်ပါတယ်။ မိသားစုဘဝကအရေးကြီးသလို နောင်အနာဂတ်လူသားတွေအတွက်လည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကနေ ပျော်ရွှင်တက်ကြွဉာဏ်ရည်ပြည့်ဝတဲ့သားသမီးတွေကို မွေးထုတ်ပေးနိုင်မှာမို့ပါ။ စိတ်ဆင်းရဲငိုကြွေးခြင်းနဲ့ပြည့်နေတဲ့ မိသားစုဘဝမှာ ကြီးပြင်းလာရတဲ့သားသမီးလေးတွေမှာ စိတ်နှလုံးနာကျင်ခြင်းနဲ့အတူ ပျော်ရွှင်တက်ကြွမှုနည်းပါးပါလိမ့်မယ်။ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခံရတဲ့သားသမီးလေးတွေဟာ နောင်အနာဂတ်မှာလည်း သူတို့ရဲ့သားသမီးကို လူတော်လူကောင်းဖြစ်အောင် ပြန်လည်ပြုစုပျိုးထောင်နိုင်မှာဖြစ်ပါတယ်။ ကောင်းမွန်စွာပြုစုပျိုးထောင်ခြင်းမခံရတဲ့ ကလေးငယ်တွေဟာ နောင်အနာဂတ်မှာ လူတော်လူကောင်းဖြစ်ဖို့အခွင့်အလမ်းနည်းပါးပါတယ်။ အနာဂတ်ကောင်းမွန်ဖို့က ခုလက်ရှိကလေးငယ်တွေကို ကောင်းစွာပြုစုပျိုးထောင်ဖို့လိုပါတယ်။ အဲဒါကြောင့် ခုလက်ရှိသားသမီးတွေကို လူတော်လူကောင်းဖြစ်အောင်ပြုစုပျိုးထောင်ဖို့ မိဘတွေက အရေးကြီးပါတယ်။ သားသမီးဆိုတာ အနာဂတ်အတွက်ကြယ်ပွင့်ဖြစ်အောင်ပျိုးထောင်မလား၊ အနာဂတ်ကိုစုတ်ပြတ်သတ်အောင်ဖျက်ဆီးမယ့်သူဖြစ်မလားဆိုတဲ့အဓိက အချက်ကို ခုလက်ရှိမိဘတွေက နားလည်ဖို့လိုပါတယ်။ အဲဒါကြောင့် အိမ်ထောင်တစ်ခုတည်ထောင်မယ်ဆိုရင်….မိသားစုဘဝတည်ဆောက်တော့မယ်ဆိုရင် ထည့်စဉ်းစားရမှာက သားသမီးကို ကိုယ်ပြည့်စုံတဲ့အချိန်ယူမလား၊ သားသမီးကို လူတော်လူကောင်းဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ၊ သားသမီးဘယ်နှစ်ယောက်ကို ကိုယ်တာဝန်ယူပြုစုနိုင်မလဲ၊ သားသမီးရဲ့ပညာရေးကို ဘယ်လိုလမ်းကြောင်းပေးမလဲ၊ သားသမီးကို အနာဂတ်မှာ လူတော်လူကောင်းဖြစ်ဖို့ အကျင့်စာရိတ္တ၊ ကိုယ်ကျင့်တရားကို ဘယ်လိုသင်ပေးသင့်သလဲ စတဲ့အချက်တွေကို ကြိုတင်စဉ်းစား စီစဉ်ထားရမှာဖြစ်ပါတယ်။အိမ်ထောင်တစ်ခုတည်ထောင်တဲ့အခါ အစစအရာရာအတွက် ကြိုတင်ပြင်ဆင်ထားတာတောင်မှ လိုအပ်ချက်တွေရှိနေတတ်ပါသေးတယ်။ မတူညီနိုင်တဲ့ သူစိမ်းနှစ်ယောက် အပြန်အလှန် ညှိုသင့်တာညှို၊ နားလည်ပေးသင့်တာနားလည်လို့ တိုင်ပင်ဆွေးနွေးပြီး ဘဝကို ရှေ့ဆက်ရမှာမို့ ဘယ်အရာမဆို ကြိုတင်စဉ်းစားပြီး တိုင်ပင်ထားသင့်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။