မိမိကိုယ်ကို လက်ခံနိုင်ပါစေ။

မိမိကိုယ်ကို လက်ခံနိုင်ဖို့ ဆိုတာ ပြောတာသာလွယ်တာပါ။ လုပ်ရတာတော့ ခက်ပါတယ်။ ဘာလို့လဲဆိုတော့ လူတော်တော်များများက အခြားသူတွေ လက်ခံဖို့လောက်သာ အာရုံရှိတာပါ။ ကိုယ့်ကိုကိုယ်လေးစားနိုင်အောင်၊ ကိုယ့်ကိုကိုယ် လက်ခံနိုင်အောင် ကြိုးစားဖို့ကျတော့ မတွေးမိတတ်ကြပါဘူး။ အခြားသူလက်ခံလာအောင်၊ အခြားသူတွေ နေရာပေးအောင်၊ အခြားသူလေးစားအောင် စသည်ဖြင့် အမျိုးမျိုးလုပ်ယူလို့ရနိုင်ပါတယ်။ အဲဒါဆိုရင် အခြားသူတွေ လက်ခံနိုင်အောင် လုပ်နိုင်တာပဲ တော်လှပြီလို့ ပြောစရာရှိပါတယ်။ တကယ်တော့ ကိုယ့်ကိုကိုယ်လက်ခံနိုင်မှ အခြားသူများကလည်း လက်ခံနိုင်မှာပါ၊ အဲဒါကမှသာ အစစ်အမှန်လက်ခံနိုင်ခြင်းပါ။


ကိုယ့်ကိုကိုယ် လက်ခံနိုင်ခြင်းဆိုတာက ဘာလဲ
ကိုယ်တိုင်မကြိုက်တဲ့အပြုအမူတစ်ခုကို သူများကို လုပ်လိုက်မိတာမျိုး၊ ကိုယ်တိုင်မလေးစားတဲ့အပြုအမူတစ်ခုကို အခြားသူများကို ကိုယ်ကလုပ်လိုက်မိတာမျိုးပေါ့။ အဲလိုမျိုးလုပ်လိုက်မိတဲ့အခါ အခြားသူက သင့်စိတ်ထဲကို ဝင်မကြည့်နိုင်ပေမယ့် သင်ကတော့ သင့်ကိုယ်သင်သိနေမှာပါ။ “ဒါကြီးက လုံးဝမဖြစ်နိုင်ဘူးဆိုတာကို သိသိကြီးနဲ့ ၊ ဟုတ်ပါတယ်..လို့ပြောလိုက်ရတယ်” ဆိုပြီး သင့်စိတ်ထဲမှာ ပြန်တွေးတိုင်း အမှန်မပြောလိုက်မိတာကို တနုံနုံဖြစ်နေတတ်တာမျိုးပေါ့။
အဲဒါက သင့်ကိုသင် မလေးစားနိုင်တော့ပါဘူး။ သင့်ကိုသင်မလေးစားနိုင်တဲ့အခါ သင့်ရဲ့အတွင်းစိတ်ထဲမှာနဲ့ သင့်ရဲ့အပြင်အမူအယာက ရန်ဖြစ်နေရပါလိမ့်မယ်။ အဲဒါကြောင့် သင့်စိတ်ထဲမှာ တကယ်ဖြစ်စေချင်တာကို သင်လုပ်လိုက်ခြင်းက သင့်ကိုသင်လေးစားခြင်းပါပဲ။ သင့်ကိုသင်လေးစားလာတဲ့အခါ သင့်ရဲ့လုပ်ဆောင်ချက်တွေကလည်း ပိုပြီး ပြောင်မြောက်လာနိုင်သလို၊ သင်လည်း ပိုပြီးနေပျော်လာနိုင်ပါတယ်။
သင့်ရဲ့အလုပ်တွေလည်း ပိုပြီး ပြီးမြောက်လာနိုင်ပါတယ်။
အဲလိုမှမဟုတ်ရင်တော့ သင်က ဖြစ်မြောက်အောင်လုပ်ချင်တဲ့အလုပ်တစ်ခုကို မလုပ်နိုင်ရင်
“ ငါကအသုံးမကျတဲ့သူပါလား။ ဒါလေးတောင် မလုပ်နိုင်ပါလား…။ ငါဘာမှမလုပ်တတ်တော့ဘူးလား” စသဖြင့် သင့်ကိုသင်ယုံကြည်မှုမရှိနိုင်တော့ပါဘူး။ အဲဒီ့အခါ သင့်အလုပ်တွေကို လုပ်နိုင်မယ့်စွမ်းဆောင်ရည်ကျလာပါလိမ့်မယ်။
ကိုယ့်ကိုကိုယ် တန်ဖိုးထားမှ အခြားသူများက သင့်ကိုတန်ဖိုးထားမယ်….ဆိုတဲ့စကား သင်ကြားဖူးမှာပါ။ သင်က အလုပ်ခွင်မှာ ခေါင်းဆောင်ကောင်းဖြစ်အောင် ကြိုးစားတယ်ဆိုရင်လည်း အဲဒါက သင့်တန်ဖိုးပါပဲ။ အလုပ်ခွင်မှာ အချောင်ခိုမယ်ဆိုရင်လည်း အဲဒါက သင့်ကိုသင်တန်ဖိုးမထားတာပါပဲ။ သင့်ကိုယ်သင်တန်ဖိုးမထားရင် ဘယ်သူကကော သင့်ကိုတန်ဖိုးထားပါ့မလဲ။ အဲဒီ့တော့ သင်တန်ဖိုးမထားတဲ့အလုပ်ခွင်မှာ သင်ဘယ်နေရာကိုမှ ရောက်မှာမဟုတ်ပါဘူးနော်။ အဲဒါက သင့်ကိုသင်သတ်မှတ်လိုက်တာပါ။
အဲလိုပဲပေါ့….သင့်ဘဝအတွက် သင့်ကိုသင်သတ်မှတ်ထားတဲ့စည်းမျဉ်းတွေ ရှိရမှာပါ။ ဥပမာ။ သူများ သားမယားကို မဖျက်ဆီးဘူး ဆိုတာမျိုး၊ ငတ်ရင်ငတ်ပါစေ ဘယ်တော့မှ မသမာတဲ့အလုပ်နဲ့ငွေမရှာဘူး ဆိုတာမျိုး၊ ဒီသင်တန်းမှာ အထူးချွန်ဆုံးဖြစ်ရမယ်ဆိုတာမျိုးပေါ့။ ထိုကဲ့သို့သတ်မှတ်ထားတဲ့စည်းမျဉ်းတွေကို သင်က ထိမိအောင် လုပ်ဆောင်နိုင်တဲ့အခါဖြစ်ဖြစ်၊ သင့်ဘဝတစ်ခုလုံးမှာ လုံးဝမလုပ်ဘူးလို့ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို သေတဲ့အချိန်ထိ စောင့်ထိန်းနိုင်တာမျိုးပဲဖြစ်ဖြစ် အဲဒီ့အခါ သင့်ကိုသင် လေးစားမှုဖြစ်မှာပါ။ သင့်ကိုသင်လည်း လက်ခံနိုင်လာမှာပါ။ အဲလိုမှမဟုတ်ရင်တော့ သင့်ကိုသင်လက်မခံနိုင်ခြင်းတွေနဲ့ သင်စိတ်နဲ့သင် ရန်ဖြစ်နေရင်း သင့်ဘဝလည်း ရှေ့တိုးမရ နောက်ဆုတ်မနိုင်ဖြစ်နေရပါလိမ့်မယ်။ သင်ကိုယ်သင်လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်းက သင်ပဲသိတဲ့ကိစ္စဖြစ်ပြီး ဒီပြင်လူတွေက မဆန်းစစ်နိုင်ပါဘူး။ ဒါပေမယ့် အချိန်တခုရောက်လာတဲ့အခါမှာတော့ ကိုယ့်လုပ်ရပ်တွေကို ကိုယ်တိုင်လက်ခံနိုင်တဲ့သူက ၊ တဖြေးဖြေးတိုးတက်လာမှာပါပဲ။ အဲဒါက သင့်ကိုသင်လက်ခံဖို့ကြိုးစားခြင်းရဲ့ ရလဒ်ပါ။ သင်တိုးတက်လာတာ ဒါမှမဟုတ် သင်ဆုတ်ယုတ်လာတာကိုသာ ဒီပြင်လူတွေက မြင်နိုင်တာပါ။ အဲဒီ့အခါမှာသာ သင့်ကိုသူတို့ လက်ခံနိုင်ခြင်း ၊ လက်မခံနိုင်ခြင်းဆိုတာ ဖြစ်ပေါ်လာရတာပါ။
အဲဒါကြောင့် ကိုယ့်ကိုကိုယ် လေးစားမှုရှိဖို့၊ ကိုယ့်ကိုကိုယ် လက်ခံမှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ သင့်ဘဝမှာ သင်ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို သင်ကိုယ်တိုင်တောင် မစောင့်ထိန်းနိုင်ဘူးဆိုရင် သင့်ဘဝကြီးတစ်ခုလုံးကို သင်ဘယ်လိုတိုးတက်အောင် ကြိုးစားနိုင်ပါ့မလဲ။ သင့်ဘဝတိုးတက်ချင်တယ်ဆိုရင် သင့်ကိုသင်အရင်လက်ခံနိုင်အောင်လုပ်ပါ။ သင့်ကိုသင်အရင်လေးစားအောင်လုပ်ပါလို့ပြောချင်ပါတယ်။
မကောင်းမှန်းသိရက်နဲ့ သင်မဖြတ်နိုင်နေတဲ့အကျင့်ဆိုးတွေ၊ သင်လက်မခံနိုင်ပေမယ့် သင်ကိုယ်တိုင်တောင် လုပ်မိနေတဲ့အချက်တွေကို ခုကစပြီး ဖြတ်ချပစ်လိုက်ပါတော့။ လူတစ်ဦးတစ်ယောက်အဖြစ် ကျင့်သုံးသင့်တဲ့ကျင့်ဝတ်သိက္ခာတွေထဲမှာ သင်မကျင့်သုံးနိုင်သေးဘူးလို့ ထင်ပြီး သင့်ကိုသင်အထင်သေးနေတဲ့အချက်တွေရှိရင်လည်း ပြင်လိုက်ပါလို့။ သင့်ကိုသင်လက်ခံနိုင်ခြင်းကနေ သင့်ကိုသင်ချစ်ခင်လာမယ်၊ သင့်ကိုသင်လေးစားလာပြီး သင့်ဘဝတိုးတက်လာပါလိမ့်မယ်လို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။