မိဘတွေရဲ့ ကလေးကိုပြုစုပျိုးထောင်မှုအမှားများ

ကလေးဆိုတာက မိဘကိုရွေးချယ်ခွင့်မရှိပါဘူး။ မိဘတွေကသာ ကလေးကို ဘယ်အချိန်ယူမယ်၊ ဘယ်အချိန်တော့ မယူသေးဘူးရယ်လို့ ရွေးချယ်ပိုင်ခွင့်ရှိတာပါ။ ကလေးတွေမှာကျပြန်တော့ ချမ်းသာတဲ့မိဘဆီမှာမှ မွေးဖွားချင်တယ်၊ ဉာဏ်ပညာပြည့်စုံ၊ စီးပွားငွေကြေးပြည့်စုံတဲ့မိဘဆီမှာမှ သားသမီးဖြစ်ချင်တယ်ရယ်လို့ ရွေးချယ်ခွင့်မရကြရှာပါဘူး။ လူတိုင်းတော့ ဘယ်သူကမှ ပြည့်စုံတဲ့သူမရှိကြပေမယ့် သားသမီးမွေးဖွားခြင်းနဲ့ လူတော်လူကောင်းတစ်ယောက်ဖြစ်အောင် ပြုစုပျိုးထောင်ခြင်းဟာ အင်မတန်အရေးကြီးတဲ့တာဝန်တစ်ရပ်ရယ်လို့ အလေးအနက်ထားပြီး သားသမီးကိုမွေးဖွားပြုစုပျိုးထောင်တတ်တဲ့မိဘတွေထံမှာ သားသမီးဖြစ်လာရရင်တော့ ထိုသားသမီးက ကံအကောင်းဆုံးသားသမီးဖြစ်ပါတယ်။ အဲဒါအပြင် ကောင်းမွန်စွာပြုစုပျိုးထောင်ခြင်းခံရပြီး အရွယ်ရောက်ကြီးပြင်းလာတဲ့သားသမီးတွေကနေတဆင့် နောက်ထပ်သော သားသမီးမျိုးဆက်တွေကို အကောင်းဆုံးပြုစုပျိုးထောင်နိုင်တဲ့မိဘတွေ ပြန်ဖြစ်လာနိုင်တာပါ။ အဲဒီလို အကောင်းဆုံးဖြစ်အောင်ပြုစုပျိုးထောင်တဲ့နေရာမှာ မိဘတွေမှားယွင်းစွာ ပြုစုပျိုးထောင်မှုပုံစံတွေကို သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။


၁) ကလေးအငြိုငြင်မခံခြင်း
ကလေးသဘာဝအရ လိုချင်စိတ်များပါတယ်။ အားလုံးကအသစ်အဆန်းဖြစ်နေတဲ့အတွက် လိုချင်တာ၊ ပိုင်ဆိုင်ချင်တာ၊ စားကြည့်ချင်တာ စသဖြင့် ကလေးသဘာ၀ စူးစမ်းစိတ်နဲ့ အရာအားလုံးကို လိုချင်နေတတ်ပါတယ်။ လိုချင်တာကို အကျိုးကြောင်းနဲ့ ယူသင့်တာ၊ မယူသင့်တာ၊ လိုအပ်တာ ၊ မလိုအပ်တာ ခွဲခြားနားလည်အောင် မရှင်းပြဘဲ ကလေးစိတ်အငြိုငြင်မခံဘဲ ကလေးလိုချင်တာနဲ့ ချက်ချင်း ဝယ်ပေးတတ်တာမျိုးက ကလေးကို ဖျက်ဆီးခြင်းတစ်မျိုးပါပဲ။ ကလေးလိုချင်တာမှန်သမျှ အားလုံးရအောင် ဖန်တီးပေးခြင်းက ကလေးကို ချစ်ရာမရောက်ဘဲ နှစ်ရာရောက်တတ်ပါတယ်။ ထိုကဲ့သို့အမြဲတစေ လိုချင်တာရအောင် အလိုလိုက်ခံထားရတဲ့ကလေးတစ်ယောက်က မိဘရဲ့အခက်အခဲကိုနားမလည်တတ်တော့ပါဘူး။ အချိန်တန် မိဘကို ပူဆာလိုက်တာနဲ့ မရရအောင် ဖန်တီးပေးရမယ်လို့ တရားသေမှတ်ယူသွားတတ်ပါတယ်။ ဘဝရဲ့အခက်အခဲတွေကိုနားမလည်တဲ့ကလေးက ဘယ်အရာမဆို လွယ်လွယ်ရတတ်တယ်လို့ ထင်မှတ်သွားတတ်ကြပြီး ဘဝမှာကြုံလာနိုင်တဲ့ကြမ်းတမ်းမှုတွေကိုလည်း ရင်ဆိုင်ရဲတော့မှာမဟုတ်ပါဘူး။

၂) အပေးအယူလုပ်လွန်းခြင်း
ကလေးနဲ့အပေးအယူလုပ်ခြင်းက ကောင်းကျိုးရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ တကယ့်လိုအပ်လို့မဖြစ်မနေ အပေးအယူလုပ်ရမယ့်နေရာမှာတော့ ခြွင်းချက်အနေနဲ့လုပ်သင့်ပါတယ်။ ဒါပေမယ့် အမြဲတစေတော့ အပေးအယူလုပ်ပြီး ကလေးကို မဆွဲဆောင်သင့်ပါဘူး။ ဥပမာ။ စာလုပ်မယ်ဆိုရင် ကလေးကြိုက်တဲ့မုန့်ဝယ်ကျွေးမယ်ဆိုတာမျိုးအမြဲတမ်းလုပ်တဲ့အခါ ကလေးက စာလုပ်ရမယ်ဆိုရင် ကျောင်းသားတစ်ယောက်ရဲ့တာဝန်အနေနဲ့ မမှတ်ယူတော့ဘဲ စာလုပ်ရခြင်းက အဖေအမေအကြိုက်လုပ်ပေးတာလို့မှတ်ယူသွားတတ်ပါတယ်။ စာလုပ်တဲ့အခါ ကိုယ်လိုချင်တာမရရင် စာမလုပ်ဘူး၊ စာမလုပ်ချင်ဘူးဆိုတဲ့ စိတ်မျိုးဖြစ်သွားတတ်ပြီး မိဘကိုပြန်ပြီး ကလန်ကဆန်လုပ်တာမျိုးထိ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကလေးကို ဘာကြောင့်စာလုပ်သင့်တာလဲ၊ စာလုပ်ခြင်း၊ ပညာတတ်ခြင်းရဲ့အကျိုးတွေကို ကလေးနားလည်လောက်မယ့်စကားမျိုးနဲ့ရှင်းပြပေးသင့်ပြီး ဘယ်နေရာမှာမဆို အပေးအယူနဲ့ကလေးကိုဆွဲဆောင်လွန်းတာမျိုး မကောင်းပါဘူး။

၃) စည်းကမ်းမဲ့လွန်းခြင်း
ကလေးကို စည်းကမ်းလေးတွေနဲ့ထိန်းကျောင်းခြင်းက ကလေးအတွက် အထိန်းအကွပ်ဖြစ်စေပါတယ်။ ကလေးအရွယ်နဲ့လိုက်မယ့်စည်းကမ်းလေးတွေသတ်မှတ်ထားသင့်ပါတယ်။ ဒါပေမယ့် ကလေးကို မိဘတွေကပဲ စည်းကမ်းသတ်မှတ်ထားပြီး မိဘတွေကပဲ အဲဒီ့စည်းကမ်းတွေကို ဖောက်ဖျက်ပြီး ကလေးကိုအလိုလိုက်တာမျိုးလုပ်ခြင်းက ကလေးက စည်းကမ်းကိုအထူးတလည်လိုက်နာစရာမလိုဘူးလို့ အတွေးရောက်စေပါတယ်။ ငယ်စဉ်ကတည်းက မိဘသတ်မှတ်ထားတဲ့စည်းကမ်းက အထူးတလည်လိုက်နာစရာမလိုဘူးလို့အတွေးရောက်သွားတဲ့ကလေးက အရွယ်ရောက်လာတဲ့အခါလည်း စည်းကမ်းရှိမှာမဟုတ်တော့ပါဘူး။ အဲဒါကြောင့် ကလေးအရွယ်နဲ့လိုက်တဲ့ စည်းကမ်းလေးတွေလုပ်သင့်ပါတယ်။ ဥပမာ။ ဖိနပ်ကို ဖိနပ်စင်မှာ စနစ်တကျ စီထားတာမျိုး၊ ထမင်းစားချိန် ဆော့ကစားတာမျိုးမလုပ်ခိုင်းတာမျိုး၊ စာလုပ်နေချိန် တခြားကစားစရာတွေနဲ့ ဆော့တာမျိုးမလုပ်ခိုင်းတာ စသဖြင့်ပေါ့။

၄) ကလေးကိုယ်စားမိဘကလုပ်ပေးခြင်း
ကလေးအရွယ်နဲ့အလိုက် ကလေးတာဝန်ယူလို့ရတာကို ကလေးကို လုပ်ခိုင်းသင့်ပါတယ်။ အဲဒါမှ ကလေးက တာဝန်ယူရကောင်းမှန်းသိမှာပါ။ တချို့မိဘတွေက ကလေးက ငယ်သေးလို့….ဆိုတဲ့အတွေးနဲ့ အရာအားလုံးကို လိုက်လုပ်ပေးတတ်ပါတယ်။ အကျီ ၤဝတ်တာ၊ ဘောင်းဘီဝတ်တာ၊ လျှော်ရမယ့်အဝတ်တွေ အဝတ်ခြင်းထဲထည့်တာ။ ကိုယ်ထမင်းပန်းကန်ကိုယ့်ဟာကိုယ်ယူတာ၊ ကလေးသောက်မယ့်ရေကို ကလေးကကိုယ့်ဟာကိုယ်ယူတာ စသဖြင့် ကလေးလုပ်နိုင်တဲ့ ကလေးရဲ့တာဝန်အသေးလေးတွေကအစ မိဘက အကုန်လိုက်လုပ်ပေးခြင်းက ကလေးက သူ့တာဝန်သူယူရကောင်းမှန်းမသိတော့ပါဘူး။ ကိုယ့်အားကိုယ်မကိုးတော့ဘဲ မိဘကိုပဲ အားကိုးနေတတ်ပါတယ်။

၅) ကလေးကို အမြဲကာကွယ်ပေးခြင်း
ကလေးကို မိဘက ကာကွယ်ပေးသင့်သလောက်တော့ ကာကွယ်ပေးသင့်ပေမယ့် အမြဲလိုလို ကလေးရှေ့က ကာဆီးကာဆီးလုပ်ခြင်းကတော့ မကောင်းပါဘူး။ ကလေးက တခုခုအမှားလုပ်မိတဲ့အခါ မိဘကိုယ်တိုင်က ကလေးကို မဆုံးမဘဲ ကလေးကိုချစ်လွန်းတဲ့စိတ်နဲ့ ကလေးအပြစ်ကို ဖုံးကွယ်ခြင်း၊ ကလေးအပြစ်ကိုလျစ်လျူရှုထားခြင်း၊ မသိဟန်ဆောင်ပြီး ကလေးကို လွှတ်ထားခြင်း စတာတွေက ကလေးကို မကောင်းတဲ့အကျင့်တွေနဲ့ ယဉ်ပါးစေပါတယ်။ ကလေးက ဘာတွေမှားအောင်လုပ်နေပါစေ။ မိဘက အရှေ့ကကာကွယ်ပေးနေတဲ့အခါမှာတော့ ကလေးစိတ်ထဲမှာ “ငါဘာလုပ်လုပ် အပြစ်တင်မှာ ၊ အပြစ်ပေးခံရမှာမဟုတ်ဘူး….” ဆိုတဲ့စိတ်ဖြစ်လာသလို၊ အမှားကို အမှားမှန်းမသိတော့ပါဘူး။ အမှားကို အမှန်မပြင်ဘဲ ပြင်ရကောင်းမှန်းမသိတဲ့အတွက် အမှားတွေကိုချည်းဆက်လုပ်နေမိတတ်ပါတယ်။ ထင်ရာစိုင်းတတ်သလို၊ ရိုင်းစိုင်းတတ်တဲ့ကလေးတွေဖြစ်လာနိုင်ပါတယ်။

အထက်ကအချက်တွေက များသောအားဖြင့် ကလေးကိုချစ်ခင်လွန်းတဲ့စိတ်နဲ့မိဘတွေဖြစ်နေတတ်တဲ့အမှားလေးတွေဖြစ်ပါတယ်။ အထက်ပါအချက်ထဲက အမှားတွေကို သေချာဖတ်ရှုပြီး ပြုပြင်သင့်တာပြုပြင်နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။