အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။

မိဘများ သားသမီးနဲ့ပတ်သက်ပြီး နောင်တချိန် နောင်တရမိနေမယ့်အချက်များ

ကိုယ်တိုင်မိဘဖြစ်လာတဲ့တစ်နေ့မှာ မိဘနဲ့ကိုယ်တုန်းက ခံစားချက်တွေကို ကိုယ်ချင်းစာတတ်လာသလို ကိုယ့်မိဘတုန်းက ကိုယ့်ကိုထိန်းကျောင်းမှုအလွဲတွေကိုလည်း မြင်လာတတ်ပါတယ်။ ကိုယ့်သားသမီးအတွက် ကောင်းစေချင်တဲ့စိတ်နဲ့ စာပေဗဟုသုတတွေ တိုးပွားအောင်လုပ်ရင်းနဲ့ပဲ အရင်ကိုယ့်မိဘလက်ထပ်ကတည်းမှားခဲ့တဲ့အမှားတွေကို ကိုယ့်သားသမီးလက်ထပ်မှာ မမှားယွင်းတော့အောင် ပြုပြင်နိုင်သလို၊ ကိုယ့်သားသမီးဖြစ်ခဲ့တုန်းက အမှားမျိုးကိုလည်း ကိုယ့်သားသမီးအလှည့်ကျ မမှားရအောင် စသဖြင့် အတွေ့အကြုံ၂မျိုး၂စားနဲ့ ပြန်လည်ပြီး ကိုယ့်ကိုကိုယ်သုံးသပ်လို့ သားသမီးကို သေချာပြုစုပျိုးထောင်ရမှာဖြစ်ပါတယ။်


သားသမီးတစ်ယောက်ရဲ့ အနာဂတ်ကောင်းခြင်းမကောင်းခြင်း၊ တော်ခြင်းမတော်ခြင်းနဲ့ လူကောင်းဖြစ်ခြင်းမဖြစ်ခြင်းတွေဟာ မိဘရဲ့ပြုစုပျိုးထောင်မှုအောက်မှာ မူတည်နေတာဖြစ်ပါတယ်။ မိဘရဲ့ပြုစုပျိုးထောင်မှု မှန်ကန်ရင်မှန်ကန်သလို သားသမီးတွေကလည်း လူတော်လူကောင်းလေးတွေဖြစ်လာမှာဖြစ်သလို မိဘရဲ့ပြုစုပျိုးထောင်မှုမှားယွင်းနေရင်လည်း သားသမီးတွေက လူဆိုးလူမိုက်ကလေးတွေအဖြစ်ကြီးပြင်းလာမှာဖြစ်ပါတယ်။ ထိုအခါမှာ အရွယ်ရောက်ကြီးပြင်းလာချိန်မှ သားသမီးကို မိဘအနေနဲ့ပြုပြင်ပြောင်းလဲယူလို့ မဖြစ်နိုင်တော့ပါဘူး။ ငယ်စဉ်က ဖောင်ဒေးရှင်းချထားခဲ့သလိုမျိုး မကောင်းတဲ့အကျင့်တွေက အမြစ်တွယ်နေပြီဖြစ်ပါတယ်။ အဲဒါကြောင့် မိဘများ သားသမီးနဲ့ပတ်သက်ပြီး နောင်တချိန်နောင်တရမိနေနိုင်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) အခြားသူများအပေါ် ရိုင်းစိုင်းသောအပြုအမူများကို အားပေးမိခြင်း
အချို့မိဘများက အခြားသူများကိုအပေါ် ရိုင်းစိုင်းတဲ့အပြုအမူများ ပြုမူတုံ့ပြန်ခြင်းကို “ကိုယ့်ကိုပြုမူတာမှမဟုတ်တာ….” ဆိုတဲ့အတွေးနဲ့ မပြုပြင်ပေးတတ်ကြပါဘူး။ ကလေးကို အခြားမိသားစုဝင်တစ်ယောက်ယောက်က ဆိုဆုံးမနေရင်တောင် “သတိထားလို့ပြန်ပြောလိုက်….” “ပြန်ချပစ်လိုက်လေ……” “မခံနဲ့သိလား…..” ဆိုတာမျိုးတွေက ကလေးဘဝမှာ မသိသာပေမယ့် လူကြီးဘဝရောက်တဲ့အခါမှာတော့ အကြီးအကျယ်ခိုက်ရန်ဖြစ်ပွားတဲ့အထိ ဆိုးရွားသွားနိုင်ပါတယ်။ မိဘတော်တော်များများက အဲဒီ့အချက်ကို မေ့နေတတ်ကြပါတယ်။ မိဘတွေရဲ့စိတ်ထဲမှာက တခုခုဆိုရင် ကိုယ့်ကလေးကို ချစ်တဲ့စိတ်နဲ့ ခံလိုက်ရမှာစိုးတဲ့စိတ်ပေါင်းပြီး ကိုယ့်ကလေးကို ပြန်လုပ်ခိုင်းတတ်ခြင်းက တဖက်မှာတော့ ကလေးကို ရိုင်းစိုင်းတဲ့အပြုအမူကို သွယ်ဝိုက်စွာ သင်ကြားပေးနေခြင်းပဲဖြစ်ပါတယ်။
အချို့မိဘတွေက အဲဒီ့လိုပြုမူခိုင်းခြင်းက အခြားသူများကို ပြုမူခိုင်းခြင်းပဲဖြစ်ပြီး မိဘတွေကိုတော့ အဲဒီလိုပြန်လည်ပြုမူမှာမဟုတ်ဘူးလို့ထင်မှတ်နေတတ်ပါတယ်။ ဒါပေမယ့် ကလေးဆိုတာမျိုးက မိဘရဲ့စကားနဲ့အပြုအမူကို စံနမူနာမှတ်ယူတတ်သူမို့ ထိုအတိုင်းကျင့်သုံးရင်းကနေ လူကြီးအရွယ်ရောက်တဲ့အခါ မိဘကို တစ်ခွန်းမကျန် ပြန်ခံပြောတတ်သူမျိုးဖြစ်လာပါတော့တယ်။ အဲဒါကြောင့်ကလေးငယ်ဘဝထဲက ရိုင်းစိုင်းစွာပြုမူခြင်းကို သွန်သင်ပေးပါ။ ပြုပြင်ပေးပါ။ အခြားသူများကို ရိုသေစွာပြုမူတတ်အောင် သင်ပေးခြင်းက သင်တို့မိဘတွေအပေါ်မှာလည်း ကလေးက ရိုသေတတ်စေပါတယ်။

၂) ပညာကိုတန်ဖိုးထားတတ်အောင် မသွန်သင်မိခြင်း
မိဘအချို့ကကျတော့ “ငယ်သေးလို့ ပညာဆိုတာ ဘာညာ နားလည်သေးတာမဟုတ်ဘူး။ ပြောပြလည်း ဘာမှနားလည်တာမဟုတ်ဘူး” လို့ထင်မှတ်နေတတ်ကြပါတယ်။ အဲဒါနဲ့ပဲ ကလေးကို ငယ်စဉ်ကတည်းက ပညာကိုတန်ဖိုးထားတတ်အောင်၊ ပညာရှိဖို့ဘယ်လောက်အရေးကြီးသလဲ၊ ပညာဆိုတာ ဘာလဲ….ဆိုတာမျိုးတွေ နားဝင်အောင် မဆုံးမထားတတ်ပါဘူး။ အဲဒီ့ပြဿနာက ကလေးမူကြိုတက်ချိန်ကနေစပြီး ပြဿနာတက်တော့တာပါပဲ။ မိဘနဲ့စတင်ခွဲခွာရတဲ့အချိန်မို့ ကလေးတိုင်းက မူကြိုတက်စမှာ ငိုတာထုံးစံဖြစ်ပေမယ့် ကျောင်းတက်သင့်တဲ့အရွယ်ထိ မိဘနားမှာပဲနေပြီး ကျောင်းသွားရမှာကို ကြောက်လန့်နေတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ မဖြစ်မနေကျောင်းတက်နေရပြန်တော့လည်း “ဘာကြောင့် ဒီစာတွေကိုသင်နေရတာလဲ၊ ဘာကြောင့် ဒီကျောင်းကြီးနေ့တိုင်းတက်ပြီး ဒီစာမေးပွဲတွေကို အောင်အောင်ဖြေနေရတာလဲ” ဆိုတဲ့ အဓိပါ္ပယ်ကို သေချာနားမလည်တဲ့အတွက် စာကိုသေချာကြိုးစားရကောင်းမှန်းမသိတော့ပါဘူး။ ကိုယ်တိုင်က ပညာရဲ့တန်ဖိုးကို လေးစားလို့ကျောင်းတက်တာထက် မိဘကိုမရှောင်လွဲနိုင်လို့ကျောင်းတတ်ရတဲ့အခါ ပညာဘက်မှာထူးချွန်တဲ့ကလေးတွေမဖြစ်နိုင်တော့ပါဘူး။ ပညာဆိုတဲ့နေရာမှာ အတန်းထဲက ပညာလည်း လိုအပ်သလို၊ ပြင်ပဗဟုသုတ ပညာပေး၊ အသိဉာဏ်ဗဟုသုတတိုးစေတဲ့ စာအုပ်တွေလည်း ဖတ်ချင်စိတ်ရှိဖို့လိုပါတယ်။ အဲဒါတွေအားလုံးရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့စိတ်ကိုလည်း မိဘကသာ သားသမီးတွေရဲ့စိတ်ထဲထည့်ပေးနိုင်တာဖြစ်ပါတယ်။ မိဘက အဲဒီ့လိုအုတ်မြစ်သာမချထားခဲ့ရင် နောင်တစ်ချိန်မှာ ဒုက္ခရောက်ရမှာ သားသမီးဖြစ်တဲ့အပြင် မိဘများကလည်း သူတို့ဘဝရဲ့နေဝင်ချိန်မှာ သားသမီးတွေအတွက် နောင်ရေးရတက်မအေဖြစ်ရပါလိမ့်မယ်။

၃) ငွေကို စနစ်တကျ သုံးစွဲတတ်အောင် မသင်ခဲ့ခြင်း
ပညာဉာဏ်နည်းပါးတတ်တဲ့မိဘအချို့ရဲ့အကျင့်က သားသမီးရဲ့ ပူဆာသမျှ၊ ဂျီကျသမျှကို မခံနိုင်ဘဲ အလိုရှိသမျှ ချက်ချင်းလက်ငင်း ဖြည့်ဆည်းပေးတတ်တာပါပဲ။ အဲဒီ့အကျင့်ဆိုးဟာ ကလေးရဲ့ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်နိုင်ပါတယ်။ ကလေးလိုချင်သမျှ ဘာမဆို မပူပန်ရဘဲ အေးဆေးသက်သာစွာ ချက်ချင်းဆိုသလို ဖြည့်ဆည်းပေးခြင်းကြောင့် ကလေးက ငွေကိုဘယ်လို ပင်ပန်းကြီးစွာရှာဖွေရသလဲဆိုတာကို နားမလည်နိုင်တော့ပါဘူး။ လိုချင်ရင် မိဘကိုတောင်းရင် အချိန်မရွေးရနိုင်တယ်ဆိုတဲ့အတွေး စိတ်ထဲ စွဲသွားတတ်ပါတယ်။ အဲဒီ့အခါ မိဘအဆင်ပြေသည်ဖြစ်စေ အဆင်မပြေသည်ဖြစ်စေ ကိုယ်ရလိုခြင်းတစ်ခုထဲသာ သိတဲ့သူဖြစ်လာနိုင်ပါတယ်။ မိဘတွေအရွယ်ရှိတုန်း ၊ သန်စွမ်းတုန်း ဖြည့်ဆည်းပေးနိုင်ချိန်က ကိစ္စမရှိပေမယ့် မိဘတွေ ရှာဖွေနိုင်တဲ့အားမရှိတဲ့အချိန်မှာတော့ ငယ်စဉ်က ငွေကိုဘယ်လိုရှာ၊ ဘယ်လိုသုံးဆိုပြီး စနစ်တကျမသွန်သင်ခဲ့မိတာကို နောင်တရမိပါလိမ့်မယ်။ အဲဒါကြောင့် ကလေးကို မိဘတွေ စီးပွားရေး ဘယ်လောက်ပဲအဆင်ပြေ၊ ချောင်လည်နေပါစေ။ ငွေကိုရိုးသားစွာရှာဖွေတတ်ဖို့သင်ပေးပါ။ ရိုးသားစွာရှာဖွေရသောငွေက ပိုတန်ဖိုးရှိကြောင်းနဲ့ စနစ်တကျသုံးစွဲတတ်ဖို့သင်ပေးသင့်ပါတယ်။ ငယ်စဉ်ကတည်းက ထိုအကျင့်ကောင်းကိုသင်ပေးခဲ့ရင် အချိန်တန်လို့ မိဘများ နေဝင်ချိန်ရောက်ခဲ့ရင်တောင် သားသမီးအတွက် ပူပန်စရာလိုတော့မှာမဟုတ်ပါဘူး။

၅) ကိုယ်ကျင့်တရားကောင်းဖို့ မသွန်သင်ခဲ့မိခြင်း
ကိုယ်ကျင့်တရားကောင်းခြင်းက ဘယ်လောက်တန်ဖိုးရှိကြောင်း၊ ဘယ်လောက်အရေးတကြီးလိုက်နာသင့်ကြောင့် ငယ်စဉ်ကလေးဘဝထဲက ကလေးကို လိုက်နာတတ်ဖို့ သင်ထားသင့်ပါတယ်။ လူတစ်ယောက်ရဲ့တန်ဖိုးက ကိုယ်ကျင့်တရားကောင်းခြင်းပဲဖြစ်တယ်ဆိုတာ ကလေးနားလည်အောင် လေးနက်စွာသင်ထားသင့်တာပါ။ တချို့မိဘများကတော့ ထိုအရာက ကြီးပြင်းလာမှသင်ယူရမယ့်အရာလို့ အထင်မှားနေတတ်ပါတယ်။ ငယ်စဉ်ကတည်းက အုတ်မြစ်ချသင်ကြားထားမှသာ ကြီးပြင်းလာတဲ့အခါ အမှားအမှန်ခွဲခြားပြီး လုပ်သင့်မလုပ်သင့်စဉ်းစားတတ်မှာဖြစ်ပါတယ်။ ငယ်စဉ်က ကိုယ့်ကျင့်တရားကိုတန်ဖိုးမထားခဲ့ရင် ကြီးပြင်းလာတဲ့အခါ ဘယ်လိုမှ ကိုယ်ကျင့်တရားကိုတန်ဖိုးထားမှမဟုတ်လို့ လူဆိုးလူမိုက်တစ်ယောက်တောင်ဖြစ်လာနိုင်ပါသေးတယ်။ ကိုယ်ကျင့်တရားတန်ဖိုးမထားတဲ့သူတစ်ယောက်က အရင်ဆုံး မိဘနဲ့မိသားစုကို ဒုက္ခပေးမှာဖြစ်ပြီး ထိုမှတဆင့် ပတ်ဝန်းကျင်ကိုပါထိခိုက်လာစေနိုင်မှာဖြစ်ပါတယ်။ အဲဒါကြောင့် မိဘများ နောင်တချိန်ကျမှနောင်တမရစေဖို့ ကလေးကို ငယ်စဉ်ကတည်းက ကိုယ်ကျင့်တရားကိုတန်ဖိုးထားဖို့ သင်ပြသွန်သင်သင့်ပါတယ်။

၆) ကိုယ်စွမ်းကိုယ်စရှိရှိ ကိုယ်ဒူးကိုယ်ချွန်ကြိုးစားတတ်အောင် မသင်ကြားခဲ့ခြင်း
ကလေးဘဝမှာတော့ မိဘက “ကလေးမှမလုပ်တတ်တာဘဲ…..” ဆိုတဲ့အတွေးနဲ့ အစစအရာရာ အသေးစိတ်အကုန်လိုက်လုပ်ပေးနေခြင်းက ဘာမှမသိသာပါဘူး။ ဒါပေမယ့် အချိန်တန် အရွယ်ရောက်လာလို့ မိဘကချည်းအကုန်လိုက်လုပ်ပေးနေရခြင်းက ထိုသားသမီးရဲ့နောင်ရေးကို မိဘကိုယ်တိုင်ဖျက်ဆီးလိုက်တာနဲ့အတူတူပါပဲ။ ငယ်စဉ်ကတည်းက ဘာမှမလုပ်တတ်တဲ့ကလေးတစ်ယောက်က အရွယ်ရောက်ကြီးပြင်းလာတဲ့အခါမှာလည်း တချို့အရာတွေမှာ သူကိုယ်တိုင်လုပ်ရကောင်းမှန်း နားလည်တော့မှာမဟုတ်ပါဘူး။ အောက်သက်မကြေသလို ကိုယ့်အားကိုယ်ကိုးချင်စိတ်အားနည်းတတ်ပြီး မိဘကိုသာ အားကိုးချင်စိတ်ဖြစ်နေတတ်ပါတယ်။ မိဘဆိုတာမျိုးကလည်း တစ်သက်လုံး မအိုမမင်းဘဲ နေသွားမယ့်လူမျိုးမဟုတ်လို့ မိဘတွေမလုပ်နိုင်မကိုင်နိုင်တဲ့အချိန်မှာ သားသမီးက သူ့ဘဝကို သူကိုယ်တိုင်ရပ်တည်ရှင်သန်ဖို့ကြိုးစားရမှာပါ။ အဲဒီ့အချိန်မှာ အရင်ကတည်း ကိုယ့်ကိုကိုယ်အားမကိုးတတ်တဲ့သားသမီးတွေမှာ ဒုက္ခရောက်ရပြီး ဘယ်အလုပ်မဆို အောက်သက်ကြေကြေ၊ အောင်မြင်အောင် ၊ ထွန်းပေါက်အောင် လုပ်ချင်စိတ်အားနည်းသွားပါတော့တယ်။ အဲဒါကြောင့် ကလေးတစ်ယောက်ကို ငယ်စဉ်ကတည်းက သူ့အသက်အရွယ်နဲ့တန်ရာတန်ရာကို နားလည်အောင် ခိုင်းပေးသင့်ပါတယ်။ အဲဒါမှ ကလေးက သူ့တာဝန်သူယူတတ်သူအဖြစ်ကြီးပြင်းလာမှာဖြစ်ပါတယ်။ အဲဒီ့လို ကိုယ့်တာဝန်ကိုယ်ယူတတ်သူက အချိန်တန်အရွယ်ရောက်လာတဲ့အခါမှာလည်း မိဘရှိသည်ဖြစ်စေ ၊ မိဘတွေမရှိတော့သည်ဖြစ်စေ သူခြေထောက်ပေါ်သူရပ်တည်ပြီး သူ့ဘဝကို သူအကောင်းဆုံးဖြစ်အောင် ရှင်သန်နိုင်မှာပါ။ ငယ်စဉ်ကတည်းက သားသမီးကိုချစ်လွန်းတဲ့စိတ်နဲ့ အရာရာလိုက်လုပ်ပေးနေပြီး သားသမီးက ဘာမှမလုပ်တတ်မကိုင်တတ်ဖြစ်နေခြင်းက သားသမီးရဲ့လက်တွေခြေထောက်တွေကို ရိုက်ချိုးလိုက်တာနဲ့တူပါတယ်။ နောက်ဆုံးမှာ မိဘက ဘဝရဲ့နေဝင်ချိန်ရောက်မှ သားသမီးကို စိတ်မချခြင်းများစွာနဲ့ထားခဲ့ရသည်အထိ နောင်တရရပါလိမ့်မယ်။
ကိုယ်တိုင်လည်း မိဘတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင်ထိုအချက်လေးတွေထဲက ကိုယ်တိုင်ဆန်းစစ်ကြည့်ပြီး မှားယွင်းနေတဲ့အချက်လေးတွေကို အချိန်မီပြုပြင်နိုင်ရန်ဖော်ပြပေးလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။