မေ့တတ်သူတွေအတွက် မှတ်ထားသင့်သောနည်းလမ်းကောင်းများ

လူတိုင်းနီးပါး မေ့တတ်ကြမယ်ထင်ပါတယ်။ အက်မင်ကတော့ မကြာခဏမေ့တတ်ပါတယ်။ တစ်ခုခုဆို လက်ထဲမှာလေးတင် မေ့ပြီး ဘယ်နားထားမိမှန်းမသိတော့တာမျိုး၊ ခုလေးတင်ထားပြီးလိုက်တာကို လိုက်ရှာနေတတ်တာမျိုး စသည်ဖြင့် မေ့တတ်တာတော့အမှန်ပါပဲ။ အဲဒါကြောင့် မေ့တတ်တဲ့အခါ အထူးသတိထားပြီး မှတ်ထားလို့ ရမယ့် အချက်လေးတွေ ဖော်ပြပေးလိုက်ပါတယ်။


၁) မှတ်စုစာအုပ်လေးနဲ့ မှတ်ထားပါ။
ခုနေသတိရနေပေမယ့် ခဏနေမေ့ချင်မေ့သွားမယ့် ကိုယ့်အကြောင်းကိုယ်သိသူများအဖို့ မှတ်စုစာအုပ်လေးတစ်အုပ်လောက်ဆောင်ထားတာအကောင်းဆုံးပါ။ ခဏနေမေ့တော့မယ့် အကြောင်းအရာမှတ်စရာမျိုးကို မှတ်စုစာအုပ်လေးထဲမှာ ချရေးပြီး နေ့စွဲနဲ့တကွ မှတ်ထားလိုက်ပါ။ ပြီးရင်တော့ မှတ်စုစာအုပ်ကို သင်လွယ်နေကျ အိတ်ထဲသာ အမြဲတစေထည့်ယူသွားလိုက်ပါ။ ပြန်သတိရဖို့လိုလာပြီဆိုရင် မှတ်စုစာအုပ်ကိုဖွင့်ပြီး ဖတ်ကြည့်လိုက်ရုံပါပဲ။ တခုရှိတာကတော့ မှတ်စုစာအုပ်ကိုအမြဲထားနေကျ နေရာတစ်နေရာထဲမှာပဲ ထားဖို့ပါ။ ခုအိတ်ထဲထည့်တယ်၊ နောက်နေ့ကျတော့ စာအုပ်စင်မှာတင်ထားတယ်။ စသည်ဖြင့် နေရာပြောင်းထားလိုက်တာမျိုးဆိုရင်တော့ အဲဒီ့စာအုပ်ကိုပြန်လိုက်ရှာနေရတာနဲ့တင် ကျန်တာတွေစဉ်းစားဖို့တောင်အချိန်ရှိမှာမဟုတ်တော့ပါဘူး။
၂) ကိုယ်မှတ်မိချင်တဲ့ အကြောင်းအရာကို ကိုယ်ကြားနိုင်လောက်အောင် ထပ်ခါထပ်ခါ ရွတ်ပါ။
ပြောချင်တာက ကိုယ်လုပ်ခဲ့ပြီးကြောင်းသိချင်တဲ့နေရာမျိုးမှာပေါ့….ဥပမာ။ အပြင်သွားမယ်…..အိမ်မှာ မိန်းချခဲ့လားမချခဲ့လား….ဇဝေဇဝါပြန်တွေးနေတတ်တာမျိုးဖြစ်လေ့ရှိတယ်ဆိုရင်၊ အပြင်မသွားခင် အိမ်သော့မခတ်မီ မိန်းခလုတ်ကိုချတဲ့အချိန်မှာ မိန်းကိုလည်း ချရင်း ကိုယ့်ကိုကိုယ် ပြန်ကြားနိုင်တဲ့လေသံမျိုးနဲ့ “မိန်းချပြီးပြီနော်…..” ဆိုပြီး ကိုယ့်ကိုကိုယ် သတိပြန်ပေးသလို ထပ်ခါထပ်ခါရွတ်ပါ။ အဲဒါက သင့်ကိုမှတ်မှတ်ရရရှိသွားစေနိုင်ပါတယ်။ အဲဒါအပြင် တခုခုလုပ်စရာရှိတယ်…ဆိုရင်လည်း သင်မမေ့ခင် အရင်ဆုံး ကိုယ့်ကိုကိုယ် သတိပေးသလို ထပ်ခါထပ်ခါရေရွတ်လိုက်ပါ။ “ဒီနေ့ ဘာဝယ်ရအုံးမယ်….” ဆိုပြီး ကိုယ့်ကိုကိုယ်သတိပေးသလိုမျိုး ရွတ်တာမျိုးပေါ့။
၃) ပုံသေ ထားနေကျနေရာမျိုးကို သတ်မှတ်ထားပါ။
အမြဲ လိုလို ပစ္စည်းတစ်ခုဆို ထိုပစ္စည်းတစ်ခုထားနေကျ ပုံသေနေရာသတ်မှတ်ပြီးပဲ ထားပါ။ ဥပမာ။ ဈေးက ပြန်လာတာနဲ့ ပိုက်ဆံအိတ်ကို ဗီရိုထဲထည့်သိမ်းနေကျဆိုရင် ပုံမှန်အရင်ဆုံးအဲဒါကို အရင်လုပ်ပါ။ ပြီးမှ ကျန်တဲ့ကိစ္စဆက်လုပ်ပါ။ အိမ်ရဲ့ ဘယ်နေရာမှ ဘာပစ္စည်းထားမယ်ဆိုပြီး ပုံသေအမြဲသတ်မှတ်ထားတော့ တခုခုဆို တစ်အိမ်လုံးကို လိုက်ရှာနေစရာမလိုတော့ဘူးပေါ့။ ထိုပစ္စည်းဆို ထိုနေရာမှာတင် ရှာရမယ်လို့ သတ်မှတ်ပြီးသားဖြစ်သွားပါတယ်။ တခုရှိတာက သတ်မှတ်ထားတဲ့နေရာကို ရောက်အောင် ပြန်သွားထားဖြစ်အောင် ထားဖို့ကတော့ ကိုယ့်တာဝန်ပါပဲ။
၄) လက်ရှိသတိရနေတာကို အရင်ဆုံး ထလုပ်လိုက်ပါ။
ခုလက်ရှိလုပ်ရမှာက တစ်ခု….ဒါပေမယ့် မလုပ်သေးလဲ ရတယ်။ ခုသတိရလာတာက အခြားတစ်ခုဆိုရင် ခုသတိရလာတာကို အရင်ဆုံး မြန်မြန်လေးလုပ်လိုက်ပါ။ အဲဒါက မမေ့တော့ဘူးပေါ့။ ချက်ချင်းသတိရလာတာကို လုပ်ပြီး အေးဆေးလုပ်လို့လို့ရတဲ့အလုပ်ကို ပြန်ဆက်လုပ်ပေါ့။ အဲလိုမှမဟုတ်ဘဲ ဒီတစ်ခုလုပ်နေတုန်း နောက်တစ်ခုကိုမေ့သွားပြန်တယ်ဆိုရင်တော့ ပုံမှန်မေ့လေ့မေ့ထ ရှိတာထက်ကို ပိုပြီး ဆိုးရွားတဲ့အခြေအနေမျိုးလို့ပြောလို့ရနေပါပြီနော်။
၅) လုပ်စရာရှိသမျှကို စာရင်းရေးထားပါ။
လုပ်စရာရှိသမျှကို အရေးကြီးသည့်အလိုက် အစဉ်လိုက် စာရင်းလေးလုပ်ထားပါ။ အဲဒါဆိုရင် ဒါပြီးဘာလုပ်ရမလဲဆိုတာမျိုး တန်းပြီး သတိပေးပြီးသားလည်းဖြစ်သွားပါသေးတယ်။ တစ်ခုပြီး တစ်ခုလည်း မျက်လုံးထဲမြင်သွားပါတယ်။ အလုပ်လည်း မြန်မြန်ပြီးသလို ခံစားရပါလိမ့်မယ်။
အလုပ်ကိစ္စရှိမှမဟုတ်ဘဲ အိမ်မှာနေရင်းလည်း အဲလိုစာရင်းလေးတွေနဲ့ မှတ်သားထားတာမျိုးက သင့်ရဲ့မေ့တတ်ခြင်းကို ကူညီပေးနိုင်ပါတယ်။ မေ့တတ်တာမို့ ပိုပြီး မှတ်သားတဲ့အလေ့အထကို လုပ်သင့်ပါတယ်။ အဲဒါမှ မေ့တတ်တဲ့အကျင့်က တဖြေးဖြေးချင်းပျောက်သွားမှာပါ။
အထက်ပါအချက်လေးတွေက ယေဘုယျလုပ်ကြည့်နိုင်တဲ့အချက်လေးတွေပါ။ စာဖတ်သူတို့လည်း မေ့တတ်ရင် လုပ်တတ်တဲ့အချက်လေးတွေ မန့်သွားခဲ့ပါအုံး။ အချင်းချင်း ပြန်ပြီး ဝေမျှလိုက်ပါအုံး။#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။