မိန်းမလိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော မကောင်းသည့်အကျိုုးဆက်များ

မိန်းမလိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်တွေကတော့ အများကြီးဖြစ်နိုင်ပါတယ်။ အဲဒီ့အထဲကမှ အဓိက ထိခိုက်မှာက ကာယကံရှင်ကိုယ်တိုင်နဲ့ သူရဲ့မိသားစုက အဓိကပါပဲ။


အိမ်ထောင်သည်ယောကျာ်းတစ်ယောက်က မိန်းမလိုက်စားခြင်းကြောင့် သူ့ရဲ့အမျိုးသမီးနဲ့ သူ့ရဲ့မိသားစုက ထိုဆိုးကျိုးကယက်တွေကို အဓိက ခံစားရမှာပါ။ ကိုယ်ကအိမ်ထောင်သည်မဟုတ်လို့ မိန်းမလိုက်စားခြင်းကြောင့် ဘေးထွက်ဆိုးကျိုးမရှိနိုင်ဘူးလို့ မထင်လိုက်ပါနဲ့နော်။ ကျန်းမာရေးအရကော၊ လူမှုရေးအရကော၊ စီးပွားရေးအရကော ဆိုးကျိုးတွေက အများကြီးပါ။
ကျန်းမာရေးအရဆိုရင် သင်က အိမ်ထောင်ဦးစီးတစ်ယောက်ဆိုရင် သင့်ရဲ့ကူးစက်လာသမျှ ရောဂါတွေကို တဆင့်ပြန်လည်ခံယူရမှာ သင့်ရဲ့အမျိုးသမီးပါပဲ။ အဲဒီ့ကနေမှ သင့်ရဲ့သားသမီးတွေ၊ မိသားစုတွေထိ ကူးစက်လာနိုင်ပါသေးတယ်။ သင်ကိုယ်တိုင်အနေအထိုင်မဆင်ခြင်ပြန်ရင် သင်နဲ့ပတ်သက်သမျှ လူတိုင်းကို ကူးစက်နိုင်တဲ့ရောဂါတွေ မျိုးစုံရနိုင်ပါတယ်။ ဥပမာ။ ဘီပိုး၊ စီပိုး၊ HIV AIDS၊ လိင်နဲ့ပတ်သက်သောရောဂါများ ၊ (AIDS အဆင့်ထိရောက်ပြီဆိုရင်လည်း နောက်ဆက်တွဲရောဂါတွေ ဝင်ရောက်လာသမျှ ခံစားရအုံးမှာပါ)
သင်ကတော့ အိမ်ထောင်ဦးစီးမဟုတ်ဘဲ လွတ်လပ်သူတစ်ယောက်ဖြစ်နေရင်လည်း အထက်က ဖော်ပြတဲ့ရောဂါမျိုးမခံစားရဘူးမထင်ပါနဲ့။ ရောဂါပေါင်းစုံကူးစက်နိုင်ပါတယ်။ ကျန်းမာရေးအသိပညာရှိပြီး ကျန်းမာရေးနဲ့စိတ်ချရတဲ့အကာအကွယ်တွေသုံးပါတယ်ဆိုရင်တောင် ဘယ်လောက်ထိ စိတ်ချရပါ့မလဲ။ ကံကောင်းတယ်ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ အဲဒီ့တော့ အဓိက ပြောချင်တာက မိန်းမလိုက်စားခြင်းက ကျန်းမာရေးကို အဓိက ထိခိုက်လာစေနိုင်ပါတယ်ဆိုတာပါပဲ။ နောက်ထပ် ထိခိုက်လာမှာကတော့
အိမ်ထောင်ဦးစီးအမျိုးသားဆိုရင်တော့ ကွယ်ရာမှာ အငယ်အနှောင်းထားတဲ့အဆင့်မျိုးဆိုရင် သင့်မိသားစုကို သင်အာရုံစိုက်နိုင်မှာမဟုတ်တော့ပါဘူး။ အချိန်ပြည့် သင့်ရဲ့အငယ်အနှောင်းဆီအာရုံရောက်နေမှာပါ။ သင့်ရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကို သင့်ဇနီးမယားသိသွားခဲ့ရင် အိမ်ထောင်ရေးအဆင်မပြေဖြစ်လာမယ်၊ အိမ်တွင်းရေး ပူလောင်လာပါလိမ့်မယ်။ သားသမီးတွေရှိခဲ့ရင် သင်တို့ရဲ့ ပူဆွေးမှုတွေက ကလေးတွေကို တဆင့် သက်ရောက်စေနိုင်ပြန်ပါတယ်။ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ၊ကိုယ်ကျန်းမာရေး ၂ခုလုံးကို ထိခိုက်လာနိုင်ပါသေးတယ်။
စီးပွားရေးကိုလည်း သေချာအာရုံစိုက်နိုင်မှာ မဟုတ်တဲ့အပြင် ရှာမလောက်ဖြစ်လာမှာပါ။ ဒါပေမယ့် ရှာမလောက်ဖြစ်ရခြင်းကို သင်ပူပန်နေမိမှာမဟုတ်ပါဘူး။ ပူပန်မိနေမှာ အိမ်က သင့်ရဲ့ဇနီးပါ။ သားသမီးတွေရဲ့စားဝတ်နေရေးတာဝန်ကို ကင်းမဲ့လာမယ့် အိမ်ထောင်ဦးစီးအတွက် အိမ်ရဲ့စားဝတ်နေရေးကို ဘယ်လိုဖြေရှင်းမလဲတွေးပြီး ဇနီးမယားက ပူပန်နေတော့မှာပါ။ သားသမီးတွေကို အပူကူးစက်အုံးမှာပါ။ စီးပွားရေးကို ထိခိုက်တာက ပြန်ရှာနိုင်ပေမယ့် မိသားစုကို အပူမီးတွေလောင်ကျွမ်းစေတာကတော့ ဘယ်အရာနဲ့မှ မအေးချမ်းနိုင်ပါဘူး။
တစ်ကိုယ်တည်းသမားဆိုရင်လည်း သင့်အတွက်ငွေထွက်ပေါက်တွေ တိုးသထက်တိုးလာမှာပါ။ ကျန်းမာရေးထိခိုက်လာနိုင်ရုံမက ၊ စီးပွားရေးပါထိခိုက်လာနိုင်ပါတယ်။
လူမှုရေးအရဆိုရင်လည်း သင့်လို အိမ်ကိုငွေတပြားမှမအပ်တော့ဘဲ အငယ်အနှောင်းနောက်လိုက်နေတဲ့သူမျိုးကို လူမှုအသိုင်းအဝိုင်းက နှာခေါင်းရှုံ့ကြမှာပါ။ ဘယ်နေရာမှာမှ လူတောတိုးမှာမဟုတ်တော့ပါဘူး။ ဘယ်လောက်ပဲအထင်ကြီးအောင်နေပြပါစေ…… အကြောင်းသိသူတိုင်းက လေးစားတော့မှာမဟုတ်ပါဘူး။ အဲဒါအပြင် သင့်ရဲ့သားသမီးတွေလည်း လူအများကြားမှာ မျက်နှာငယ်ရပါလိမ့်မယ်။ ကလေးတွေရဲ့ စိတ်ထိခိုက်ခြင်းက ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါသေးတယ်။
သင့်ကို ချစ်ခင်အားကိုးနေရတဲ့ သင်ရဲ့တစ်မိသားစုလုံးအတွက် ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အားလုံးလိုလို တမြေ့မြေ့ထိခိုက်တိုက်စားလာမှာပါနော်။
#Bawa101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။