မိန်းမကို အိမ်အလုပ်ကူခြင်း ခံစားရရှိနိုင်မည့် အကျိုးကျေးဇူးများ

သင်ကိုယ်တိုင်က ပျင်းရိနေလျှင် သင့်ကို သင့်မိန်းမက ဘဝတစ်ခုလုံးဦးဆောင်ခိုင်းဖို့ ဘယ်လိုများယုံကြည်မှုရှိနိုင်မှာလဲ။ တစ်ချို့တစ်လေ အရိုးစွဲနေတဲ့အတွေးအခေါ်တစ်ခုရှိပါတယ်။ အိမ်မှုကိစ္စဆိုတာ အိမ်ထောင်ရှင်မတွေပဲ လုပ်ကိုင်သင့်တဲ့အလုပ်ဆိုပြီးတော့ပါ။ တကယ်တော့ အဲဒီ့အယူအဆက အမှားကြီးမှားပါတယ်။ သင့်မှာသာ သမီးလေးတစ်ယောက်ရှိခဲ့ရင် အဲဒီလိုအယူအဆရှိတဲ့အိမ်မှာ ချွေးမဖြစ်စေချင်ပါ့မလား။ အဲဒီလိုပါပဲ သင့်မှာသာ သားလေးတစ်ယောက်ရှိခဲ့ရင် အိမ်မှုကိစ္စမှန်သမျှ မိန်းမကလုပ်ပါစေ၊ ဘာမှဝင်မလုပ်နဲ့လို့များ မသွန်သင်မိပါစေနဲ့နော်။ တကယ်တော့ အိမ်ထောင်ရှင်မတွေက အိမ်ထောင်ရှင်ယောကျ်ားတွေထက်တောင် ပိုပြီး ဖိအားတွေဒဏ်ကို ပိုခံရပါသေးတယ်။ အိမ်မှုကိစ္စဆိုတာ ခေါင်းစဉ်တပ်စရာမရှိဘဲ အလွန်များပြားတဲ့အလုပ်တွေပါ။ အဲဒါကို နားလည်ပြီး သင့်ရဲ့အားလပ်ရက်မှာ သင့်မိန်းမရဲ့အိမ်မှုကိစ္စတွေထဲက သင်လုပ်နိုင်မယ်ထင်တဲ့အလုပ်လေးတွေ ကူညီကြည့်လိုက်ပါလား။ သင့်အတွက် အများကြီး အကျိုးကျေးဇူးရစေနိုင်ပါတယ်။ ကဲ….အကျိုးကျေးဇူးတွေကို ဖတ်ကြည့်လိုက်ရအောင်။ ၁) သင့်မိန်းမမှ သင့်အပေါ်ပိုပြီး ချစ်ခင်လာနိုင်ခြင်း မိန်းမတွေရဲ့သဘောကိုက စိတ်သဘောထား အရမ်းပျော့ပျောင်းတာပါ။ သင့်မှာ ပြင်ပကဝင်ငွေရအောင် အလုပ်လုပ်ရသေးရဲ့သားနဲ့ အိမ်မှာ အလုပ်ရှုပ်နေတဲ့မိန်းမကို အကူအညီပေးဖော်ရပါသေးလား…..ဆိုတဲ့အတွေးက သင့်အပေါ်ကို သင့်မိန်းမက ပိုမိုချစ်ခင်လာစေပါတယ်။ ပိုပြီးလည်း အားနာမှုကို ဖြစ်စေပါတယ်။ သင့်အတွက်ပိုပြီး သူကအနစ်နာခံချင်စိတ်ကိုလည်း ဖြစ်ပေါ်လာစေပါတယ်။ အဲဒီ့တော့ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ပိုပြီး စိုပြေလာနိုင်တာပေါ့။ ၂) ပိုပြီး ယုံကြည်လာစေခြင်း အဲဒါအပြင် ပိုပြီးလည်း ယုံကြည်လာမှာပါ။ “ယောကျ်ားလုပ်သူက ချစ်ရှာသားပဲ….” ဆိုတဲ့အတွေးကို သူကစတွေးပြီဆိုတာနဲ့ သင့်အပေါ် သူ့ရဲ့ယုံကြည်မှုကလည်း အလိုလိုတိုးလာတော့တာပဲလေ။ သံသယနဲ့ရန်လိုခြင်းမရှိတော့တဲ့အခါ အကျိုးဆက်ကတော့ သင်တို့အိမ်ထောင်ရေးသာယာလာစေတာပေါ့။ ၃) စိတ်ဖိစီးမှု လျော့ပါးနိုင်ခြင်း သင့်ရဲ့အိမ်ထောင်ရေးသာယာမှုက သင့်ကိုပိုပြီး အလုပ်တွေအပေါ် အာရုံစိုက်နိုင်စေပါတယ်။ အလုပ်အပေါ်အာရုံစိုက်နိုင်လာတဲ့အခါ သင့်အတွက် အကောင်းဆုံးအခြေအနေတွေချည်းပဲဖြစ်လာနိုင်တယ်မဟုတ်လား။ အဲဒါအပြင် သင့်ရဲ့ အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုတွေ လျော့ပါးစေပါတယ်။ အိမ်ထောင်ရေးသာယာမှုကြောင့် အိမ်ထောင်ရေးကြောင့် ဖြစ်နိုင်တဲ့ စိတ်ဖိစီးမှုတွေ လျော့ပါးစေနိုင်ပါတယ်။ ၄) အာရုံစိုက်နိုင်စွမ်းပိုကောင်းလာနိုင်ခြင်း စိတ်ဖိစီးမှုလျော့နည်းတဲ့သူတစ်ယောက်က သူရဲ့တစ်နေ့တာ လုပ်စရာရှိသမျှကို ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။ အဲဒီ့အတွက် သင်ကပိုပြီးတော့ စိတ်ချမ်းသာနိုင်သလို သင့်ရဲ့အာရုံစိုက်နိုင်စွမ်းကလည်း တိုးသထက်တိုးလာစေပါတယ်။ ၅) မိသားစုကို အချိန်ပိုပေးနိုင်လာခြင်း သင့်ရဲ့အလုပ်ကိစ္စတွေ မြန်မြန်ပြီးနိုင်လာတဲ့နိုင်တော့ သင်အိမ်ပြန်ရောက်တာနဲ့ သင့်ရဲ့သားသမီးကိုကော သင့်ရဲ့အမျိုးသမီးကိုကော အချိန်ပိုပေးနိုင်လာမှာပါ။ အဲဒါမှ သင့်အတွက် မိသားစုက ပိုပြီးအဓိပါ္ပယ်ရှိလာမှာပေါ့။ ၆) ပိုပြီး ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်လာနိုင်ခြင်း သင့်မှာ အချိန်တွေပိုထွက်လာနိုင်သလို သင့်အတွက် မိသားစုကိုအချိန်ပေးနိုင်လာမှာပါ။ သင့်မိသားစုက သင့်အတွက် ပိုပြီး ပျော်စရာကောင်းတဲ့မိသားစုဘဝဖြစ်လာနိုင်ပါပြီ။ အဲဒီ့တော့ သင့်ဘဝက ပိုပြီး ပျော်စရာကောင်းလာနိုင်ပါတယ်။ ၇) ကျန်းမာရေး ပိုကောင်းလာနိုင်ခြင်း သင့်ရဲ့နေ့ရက်တွေက ပျော်စရာကောင်းနေမှတော့ သင့်ရဲ့ကျန်းမာရေးက ပိုကောင်းလာစေနိုင်တယ်ဆိုတာ ပြောဖို့တောင်လိုတော့မယ်မထင်ပါဘူးနော်။ မိန်းမကို ကူညီလုပ်ဆောင်ပေးခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူးတွေက ငွေနဲ့ဝယ်ယူလို့မရနိုင်တာတွေချည်းပဲမို့ ခုပဲ သင့်မိန်းမနဲ့အတူ အိမ်မှုကိစ္စတွေ ကူလုပ်ပေးလိုက်ပါတော့။ #BAWA101


အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။