မိန်းမကောင်းဆိုတာ

မိန်းမကောင်းဆိုတာ ဘာလဲလို့ တွေးမိကြရဲ့လား။ အရင်ခေတ်တွေတုန်းကတော့ လုံချည်ခြေမျက်စိဖုံးအောင်ဝတ် ၊ ခြေတစ်လှမ်းကုဋေတစ်သန်းနဲ့ လျှောက် ဆံပင်အရှည်ကြီးထားပြီး လင်ဖြစ်သူကို ဘုရား၊ သားကိုသခင် လို့သတ်မှတ်ပြီး ဗိုင်းကောင်းကျောက်ဖိနေတတ်တဲ့အမျိုးသမီးမျိုးကို မိန်းမကောင်းလို့သတ်မှတ်ကြတာ ကြားဖူးပါတယ်။ ဈေးသုံးလည်းမကြွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့ဆိုသလိုပါပဲ ရှေးခေတ်က စကားတွေပေမယ့် လက်ခံသင့်တာကို လက်ခံပြီး ကျင့်သုံးကြသလို အသစ်အသစ်သော လူနေမှုစနစ်အရ အသစ်သောနည်းတွေကို ပြောင်းလဲသင့်တာကိုလည်း ပြောင်းလဲရပါတယ်။ မိန်းမကောင်းဆိုတာကို ဒီနေ့ခေတ်မှာ ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့ ရဲရဲတောက်အမျိုးသမီးတွေအဖြစ် ပြောင်းလဲကုန်ကြပြီမို့ ခြေတစ်လှမ်းကုဋေတစ်သန်းနဲ့ လုံချည်ခြေမျက်စိထိဖုံးအောင် ဝတ်လို့ လမ်းလျှောက်နေရင် အကုန်လုံး ခလုတ်တိုက်လဲကုန်ကြမှာပါနော်။ မိန်းမတစ်ယောက်မှာ အဓိက လိုအပ်ချက်က ရိုးသားဖြောင့်မတ်သော အကျင့်စာရိတ္တရှိခြင်း၊ ကိုယ်ကျင့်တရားအလေးထားခြင်း၊ အရည်အချင်းပြည့်ဝအောင်ကြိုးစားခြင်း၊ တာဝန်သိတတ်ခြင်း၊ အနေအထိုင်တည်ကြည်ခြင်း၊ မိမိကိုယ်ကိုတန်ဖိုးထားခြင်း စသည့် အချက် ၆ ချက်ရှိရန်လို့ အက်မင်က ပြောချင်ပါတယ်။


၁) ကိုယ့်ကျင့်တရား နှင့် အကျင့်စာရိတ္တ
မိန်းမကောင်းတစ်ယောက်မှာ ကိုယ့်ကျင့်တရားကောင်းဖို့က အရေးအကြီးဆုံးလို့ထင်ပါတယ်။ ကိုယ့်ကျင့်တရားမကောင်းတဲ့မိန်းမတစ်ယောက်ဟာ မိန်းမပျက်တစ်ယောက်နဲ့ မခြားနားတော့ပါဘူး။ လူလွတ်အမျိုးသမီးဆိုရင်လည်း မိမိရဲ့ကိုယ်ကျင့်တရားအတွက် အသက်ပင်သေသေ ငွေနဲ့မလဲနိုင်တဲ့ မိန်းမတစ်ယောက်ဖြစ်နေသင့်ပါတယ်။ ခြွင်းချက်အနေနဲ့ မနှစ်မြို့ပေမယ့် စားဝတ်နေရေးကြောင့် မကောင်းသောမိန်းမဘဝကိုခံယူပြီး ရှာစားနေရတဲ့မိန်းမမျိုးကို မိန်းမကောင်းမဟုတ်ဘူးလို့မပြောပါဘူး။
မကောင်းသောမိန်းမနဲ့ မိန်းမပျက်ရဲ့အဓိပ္ပါယ်ဟာ ခြားနားပါတယ်။ အခုခေတ်မှာ လိုချင်တပ်မက်စရာတွေ အရမ်းကိုများပြားလှပါတယ်။ လိုချင်တပ်မက်မှုနောက်ကိုလိုက်ဖို့အတွက် ကိုယ့်ဘဝကို ငွေနဲ့အခါခါလဲပြီး သုံးနိုင်တာကိုမှ ဘဝ၊ ဖြုန်းနိုင်တာကိုမှ ဘဝလို့ထင်ပြီး အကြိမ်ပေါင်းများစွာ ဘဝကိုငွေနဲ့ရင်းနိုင်တဲ့မိန်းကလေးမျိုးကိုတော့ မိန်းမပျက်လို့ခေါ်ပြီး သမုဒ္ဒရာဝမ်းတစ်ထွာသာမက မိသားစုဝမ်းရေးအတွက် မိမိဘဝကြီးတစ်ခုလုံး စတေးခံပြီး ရှာစားရတဲ့မိန်းကလေးမျိုးကိုတော့ မကောင်းသောမိန်းကလေးလို့ခေါ်ပါတယ်။ ထိုမိန်းကလေးမျိုးက ဘဝကသာ ညစ်ပေတာပါ ၊ ကိုယ့်ကျင့်တရားမညစ်ပေပါဘူး။
မိန်းမပျက်တစ်ယောက်ကတော့ ဘဝကလည်း ညစ်ပေတယ်၊ ကိုယ့်ကျင့်တရားကလည်း ဒီယောကျာ်းက ငွေတွေပုံပေးနိုင်လျှင် ချစ်ပြနေနိုင်ပေမယ့် နောက်ထပ်ယောကျာ်းတစ်ယောက်က ပထမယောကျာ်းထက်ငွေတွေအဆပေါင်းများစွာရှာလာနိုင်ပြီးပုံပေးနိုင်ရင် ကောက်ကောက်ပါအောင် လိုက်သွားမယ့်စိတ်ဓာတ်ရှိသူမို့ ကိုယ့်ကျင့်တရားမကောင်းပါဘူး။
မိန်းမကောင်းတစ်ယောက်မှာ လျှာပေါ်မြက်ပေါက်ရင်ပေါက်ပါစေ……..အိမ်ထောင်ရေးဖေါက်ပြန်ချင်စိတ်လုံးဝမရှိတာမျိုး၊ အပျိူလူလွတ်ဖြစ်ပေမယ့် ငွေများစွာပုံအောပေးတိုင်း မိမိဘဝကိုအခါများစွာရောင်းစားမယ့်သူမျိုးမဟုတ်ပါဘူး။
ကမ္ဘာကြီးပျက်စီးသွားရင်တောင် ကိုယ့်ကျင့်တရားမပျက်စီးဘူးဆိုတဲ့အထိ စိတ်ဓာတ်ခိုင်မာမယ့် အမျိုးသမီးမျိုးကို မိန်းမကောင်းလို့ အက်မင်ကတော့ ပြောချင်ပါတယ်။
ကိုယ်ကျင့်တရားကိုကောင်းအောင်ကျင့်ကြံနေထိုင်တဲ့မိန်းမတစ်ယောက်က အကျင့်စာရိတ္တလည်းကောင်းအောင်နေနိုင်ပါတယ်။ မတရားရတဲ့ငွေကိုမမက် မောဘူး၊ အိမ်ထောင်ရှိအမျိုးသားကို ဖောက်ပြန်ဖို့ မဝင့်ရဲဘူး၊ သူတစ်ပါးအပေါ်မကောင်းကြံမှ ကောင်းစားရမယ်ဆိုရင်တောင် ဘယ်တော့မှမလုပ်ရဲဘူး၊ သူများမျက်ခုံးမွှေးပေါ် စြင်္ကန့်လျှောက်ဖို့ မစဉ်းစားရဲဘူး၊ မသမာတဲ့နည်းလမ်းအစုံနဲ့ ကိုယ်ဝမ်းဝဖို့ကို မတွေးတောဘူး၊ ရိုးသားစွာ ကျင့်ကြံနေထိုင်ပြီး ရိုးသားမှုကိုသာ အမြဲရှေ့တန်းတင်တတ်ပါတယ်။
ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တက အပြန်အလှန်ဆက်နွယ်နေပါတယ်။ အကျင့်စာရိတ္တကောင်းအောင်နေထိုင်တဲ့မိန်းမတစ်ယောက်က ကိုယ်ကျင့်တရားပျက်ပြားဖို့ တွေးရဲမှာမဟုတ်ပါဘူး။ မိန်းမကောင်းတစ်ယောက်ရဲ့အသွေးအသား၊ နှလုံးသားထဲမှာကိုက ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တဖောက်ပြားခြင်းသည် ငရဲပမာ ကြောက်စရာကောင်းတယ်လို့ တရားသေမှတ်ယူထားတဲ့သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ပင်ကိုယ်အသိစိတ်မှာကိုက ဖောက်ဖြားချင်စိတ်လုံးဝမရှိဘဲ ဖောြက်ဖားဖို့လည်း ကြောက်ရွံ့တတ်ကြပါတယ်။ ပညာတတ်သောမိန်းမဖြစ်စေ၊ ပညာမတတ်သောမိန်းမဖြစ်စေ ကိုယ်ကျင့်တရားနှင့် အကျင့်စာရိတ္တကောင်းမွန်ဖို့က နံပါတ်တစ်အရေးကြီးပါတယ်။ ထိုသို့သော မိန်းမမျိုးသည် မိန်းမကောင်းလို့ ခံယူထိုက်ပါတယ်။

၂) အရည်အချင်း
မိန်းမကောင်းတစ်ယောက်က ကိုယ့်ကျင့်တရားကောင်းနေပါတယ်လို့အမြဲထိုင်အော်နေလို့ချည်းပဲ မရပါဘူး။ မိမိရဲ့အရည်အချင်းကို အမြဲတိုးတက်နေအောင် သွေးနေတတ်ရပါသေးတယ်။ ခေတ်နဲ့ရင်ဘောင်တန်းပြီး ဘာအရည်အချင်းတွေကို ဖြည့်ထားရမလဲ။ ဘာသင်တန်းတွေထပ်တက်ထားရမလဲ၊ ဘယ်လိုနေရာမျိုးမှာ ဘယ်တွေလိုအပ်နေတာမျိုးမို့လို့ ရှာဖွေသင့်တာရှာဖွေပြီး ကိုယ့်အရည်အချင်းကို အမြဲဆန်းစစ်၊ တွေးတောနေပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားနေတတ်တဲ့သူမျိုးပါ။ ဒီနေ့ခေတ်မှာ မိန်းမကောင်းတစ်ယောက်က ငွေပေါတဲ့ယောကျာ်းကိုရှာယူမယ်၊ ပြီးရင် လင်ကိုဘုရားလိုကိုးကွယ်လို့ အိမ်မှုကိစ္စတွေလုပ်ရင်း ထိုင်စားမယ်ဆိုတဲ့အတွေးမျိုး မရှိတော့ပါဘူး။ ကိုယ့်အရည်အချင်းကိုလည်း မြှင့်တင်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် နေနိုင်တာမှ မိန်းမကောင်းတစ်ယောက်ပါ။ ထိုကဲ့သို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နေနိုင်အောင် ကြိုးစားနေတဲ့မိန်းမမျိုးက အပေါ်က ဖော်ပြထားသလို ငွေတွေပုံပေးတိုင်း ဘဝတစ်ခုလုံးအခါခါပေါပေါပေးဖို့ကို စဉ်းတောင်မစဉ်းတတ်တဲ့သူမျိုးပါ။ ဘာလို့လဲဆိုတော့ သူမမှာ ကိုယ်ပိုင်အရည်အချင်းနဲ့ ကိုယ့်လမ်းကိုယ်ဖောက်နိုင်နေတာမို့ပါ။

၃) တာဝန်ကျေပွန်မှု၊ တာဝန်သိတတ်မှု
မိန်းမကောင်းတစ်ယောက်မှာ တာဝန်နဲ့ပတ်သက်ပြီး ဘယ်သူကမှ ဦးနှောက်ထဲရိုက်ထည့်ပေးစရာမလိုအောင် အသိတရားရှိပြီးသားဖြစ်ပါတယ်။ မိမိတစ်ယောက်တည်းရဲ့တာဝန်၊ မိသားစုရဲ့တာဝန်၊ အလုပ်ရဲ့တာဝန်၊ ပတ်ဝန်းကျင်ရဲ့တာဝန်စသည်ဖြင့်ပါ။ လူလွတ်အမျိုးသမီးတစ်ယောက်ဆိုရင်လည်း သူမရဲ့အလုပ်တာဝန်သိတတ်မှုရှိမယ်၊ သူမရဲ့မိဘအဖိုးအဖွားများရဲ့တာဝန်ကို သိတတ်မယ်၊ သူမတစ်ယောက်တည်းအတွက် တာဝန်ယူမှုရှိမယ် စသည်ဖြင့်ပေါ့ ။
အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ဆိုရင်လည်း သူမမိသားစုရဲ့တာဝန်ကို သိတတ်မယ်၊ သူမရဲ့မိဘအဖိုးအဖွားရဲ့တာဝန်ကိုသိတတ်မယ်၊ သူမအမျိုးသားရဲ့တာဝန်၊ သားသမီးရဲ့တာဝန် စသည်ဖြင့် အတတ်နိုင်ဆုံး ကိုယ့်တာဝန်ကိုယ်ယူတတ်တာမျိုးပါ။ လူရယ်လို့ဖြစ်လာပြီး ကိုယ့်တာဝန်ကိုယ်မယူဘဲ ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်တာက ရှက်စရာအကောင်းဆုံးပါ။ အမျိုးသမီးတစ်ယောက်မို့ အားနွဲ့သူမို့၊ အမျိုးသားကိုချည်းအားကိုးပြီး မရပ်တည်တတ်ခဲ့ရင် နောင်တစ်ချိန် ဒုက္ခတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒါကြောင့် မိန်းမကောင်းတစ်ယောက်ဟာ ကိုယ့်တာဝန်ကိုယ်ယူနိုင်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့လည်း လိုပါတယ်။ ပြီးတော့ မိမိတာဝန်၊ မိသားစုတာဝန်၊ ပတ်ဝန်းကျင်တာဝန်၊ တိုင်းပြည်တာဝန် စသည်ကဲ့သို့ တာဝန်သိတတ်မှုရှိတဲ့သူတွေများလာတဲ့အခါ တိုင်းပြည်ကလည်း ဒီထက်ပိုပြီးတိုးတက်လာနိုင်မှာပါ။

(ထိုကဲ့သို့သော ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့မိန်းမကောင်းတွေကို စာနာနားလည်ပြီး ဖေးမရပ်တည်ပေးနိုင်တာကလည်း ယောကျာ်းကောင်းတွေသာ လုပ်နိုင်တဲ့အလုပ်ပါပဲ။ သင်ကယောကျာ်းတစ်ယောက်ဆိုရင် ထိုကဲ့သို့ ဘဝကိုရိုးသားစွာခက်ခဲပင်ပန်းပါစေ ဘယ်သူ့ကိုမှအားမကိုးဘဲ ရအောင်ရပ်တည်နိုင်တဲ့ မိန်းမကောင်းမျိုးကို အနိုင်မကျင့်၊ မစာနာဘဲ စာနာနားလည် ဖေးမရပ်တည်ပေးသင့်ပါတယ်။
တစ်ခုလပ်၊ တစ်လင်ကွာ၊ မုဆိုးမ၊ အကြောင်းကြောင်းကြောင့် ခန္ဓာကိုယ်ကိုရင်းနှီးစားနေရသောမိန်းမ စသဖြင့် ထိုကဲ့သို့သောမိန်းမတိုင်းဟာ မိန်းမကောင်းမဖြစ်နိုင်ဘူးလို့ သိမ်းကျုံးမပြောဆိုနိုင်ပါဘူး။ ထိုကဲ့သို့အမျိုးသမီးမျိုးသည် အမျိုးသမီးတွေထဲကမှ ပိုပြီး အားငယ်နေရှာမယ့်အမျိုးသမီးကောင်းတွေဖြစ်နိုင်ပါတယ်။ ခြွင်းချက်အနေနဲ့ သနားအောင်တမင်လုပ်ဆောင်ပြီး မျက်ရည်ခြူသောမိန်းမမျိုးနဲ့ ချွေးနဲ့ရင်းသောအလုပ်ကိုပင်ပန်းတယ်အထင်ရောက်ပြီး ခန္ဓာကိုယ်ရင်းနှီးစားသော အမျိုးသမီးမျိုးလည်း ရှိမှာပါနော်။ )

၄) ဝတ်စားဆင်ယင်မှု
မိန်းမကောင်းတစ်ယောက်က ဝတ်စားဆင်ယင်မှုနဲ့အနေအထိုင်ကလည်း အရေးကြီးပါတယ်။ ခေတ်ကိုမှီအောင် ဝတ်ဆင်နေထိုင်နိုင်တာ ကောင်းပါတယ်။ အရင်ခေတ်ဟောင်းတွေကလို လုံချည်ခြေမျက်စိထိဖုံးအောင် ဝတ်ပြီး ခြေတစ်လှမ်းကုဋေတစ်သန်းနဲ့တော့ လျှောက်နေလို့ မရတော့ပါဘူး။ အက်မင်က ရှေးလူကြီးစကားကို ပယ်ရှားတာမဟုတ်ပါဘူး ခေတ်ခြင်းမတူတော့တဲ့အတွက်ပါနော်။
ခေတ်နဲ့အညီ သင့်တင့်လျှော်ကန်စွာ ဝတ်စားဆင်ယင်သင့်ပါတယ်။ ဒါပေမယ့် ခြေမျက်စိထိလုံချည်ဖုံးစရာမလိုတော့ပေမယ့် ဟိရိသြတ္တပ တရားဆိုတာတော့ လက်ကိုင်ထားသင့်ပါတယ်။ မြန်မာမိန်းကလေးတို့မည်သည် ကမ္ဘာမှာရင်ဘောင်တန်းနိုင်အောင် အရည်အချင်း၊ စိတ်ဓာတ် ၊ အကျင့်စာရိတ္တ တို့ တန်းမှီဖို့သာ အရေးကြီးပါတယ်။ ဝတ်စားဆင်ယင်မှုကို အနောက်နိုင်ငံကလို တန်းတူလိုက်မှီအောင် ဝတ်ဆင်ဖို့မလိုပါဘူး၊ ဘာလို့လဲဆိုတော့ မြန်မာသည် မြန်မာယဉ်ကျေးမှုနဲ့ ရှေးယခင်ကတည်းက ရှိခဲ့တဲ့တိုင်းပြည်ပါ၊ မြန်မာမိန်းကလေးများသည် အရှက်အကြောက်တရားတော့ ရှိတတ်ရမှာဖြစ်ပါတယ်။ အနောက်နိုင်ငံလို အမှီဝတ်စားဆင်ယင်ခြင်းမလုပ်သင့်ဘူးဆိုတာက အနောက်နိုင်ငံများ၏ ယဉ်ကျေးမှုသည် မိမိတို့ယဉ်ကျေးမှုနဲ့မတူပါ။ ယဉ်ကျေးမှုခြင်းမတူတဲ့အတွက် အနောက်နိုင်ငံများအတွက်တော့ အမြင်မရိုင်းဘူးဖြစ်နိုင်ပေမယ့် မိမိမြန်မာပြည်တွင် အမြင်ရိုင်းသော ဝတ်စားဆင်ယင်မှုမျိုးဖြစ်နိုင်ပါတယ်။
ပြောချင်တာက ခေတ်မှီအောင် ဝတ်ပါ၊ အဖေ၊ မောင်၊ မိဘဆွေမျိုးသားချင်းတောင် မြင်လို့မသင့်တော်တာမျိုးတော့ မဝတ်ဆင်သင့်ပါ။ ခေတ်မှီပါ၊ လုံခြုံသင့်တာ လုံခြုံပါ။ ဘာလို့လဲဆိုတော့ မြန်မာအမျိုးသမီးဖြစ်နေတဲ့အတွက်ပါ။ အဲဒါကြောင့် မိန်းမကောင်းတစ်ယောက်အတွက် ခေတ်မှီပေမယ့် လူမြင်ကောင်းအောင် ဝတ်စားဆင်ယင်ခြင်းတို့သည်လည်း အရေးကြီးပါတယ်။

၅) အနေအထိုင်ဆင်ခြင်ခြင်း
Social ကျတယ်ဆိုတာ ဒီဘက်ခေတ်မှာ အသုံးများလာတဲ့စကားလုံးဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ ဆိုလည်း အရင်လို ဗိုင်းကောင်းကျောက်ဖိ အိမ်တွင်းပုန်း နေလို့မရတော့ဘဲ ယောကျာ်းတွေနဲ့တန်းတူ စီးပွားရှာ၊ သင်တန်းတက်၊ ခေါင်းဆောင်လုပ်ကြိုးစားနေကြရပါတယ်။ အရင်ခေတ်တုန်းကထက် အမြင်ကျယ်လာတဲ့အတွက် ပိုကောင်းပါတယ်……..။
အမျိုးသမီးတစ်ယောက်ဟာ မိခင်လောင်းတစ်ယောက်ဖြစ်ပါတယ်။ မိခင်လောင်းတစ်ယောက်က နောင်အနာဂတ်အတွက် မျိုးဆက်သစ်တွေကို ထွေးပိုက်သွန်သင်ပေးရမယ့်သူပါ။ “မျိုးစေ့ကောင်းမှ အပင်သန်မယ်” ဆိုတဲ့စကားလိုပါပဲ မိခင်လောင်းဖြစ်မယ့် အမေတွေကောင်းမွန်စွာ နေထိုင်တတ်မှ မွေးဖွားလာမယ့် တိုင်းပြည်ရဲ့အနာဂတ်သားကောင်းရတနာတွေ၊ သမီးကောင်းရတနာတွေ ဖြစ်လာနိုင်မှာပါ။ မိခင်ကောင်းက သွန်သင်တတ်မှ၊ မိခင်ကိုယ်တိုင်က ကောင်းနေမှ နောက်ထပ်ကောင်းမွန်သော အနာဂတ်တွေ ထပ်တိုးလာမှာပါ။ (မိခင်ချည်းကောင်းဖို့လိုသလို ဖခင်လည်းကောင်းဖို့လိုပါတယ်နော်။)
အဲဒါဆို မိခင်ဖြစ်လာမယ့် အမျိုးသမီးလေးတွေကောင်းဖို့လိုပါတယ်။ ဒီဘက်ခေတ်မှာ မိန်းမယောကျ်ားမရွေး social ကျကျ နေထိုင်ပြောဆိုတတ်လာကြပါတယ်။ ကောင်းသောအကျိုးဆက်တွေရှိသလို မကောင်းသောအကျိုးဆက်တွေလည်း ရှိလာနိုင်ပါတယ်။ အဲဒါက လက်ခံကျင့်သုံးတဲ့သူနဲ့ဆိုင်ပါတယ်။ social ကျကျ လုပ်ငန်းကိစ္စအရ dinner စားပွဲသောက်ပွဲမှာ အမျိုးသမီးတွေကအစ အရက်ဘီယာ၊ ဝိုင် သောက်တာမျိုး လုပ်လာကြပါတယ်။ social drinking မို့ သောက်ကြစားကြတာ ခေတ်မှီခြင်းတစ်ခုပါ။ တားမြစ်စရာမရှိပါဘူး။ အလွန်အကျွံ့မဖြစ်ဖို့ပဲလိုပါတယ်။ social ကျတာကို အကြောင်းပြလို့ ညစဉ်ညတိုင်း ကလပ်တက်၊ ဘီယာသောက်၊ ပျော်ပါးနေတာကတော့ social ကျတာမဟုတ်တော့ဘဲ ပျက်စီးခြင်းလမ်းပေါ်ရောက်နေတာပါ။ social ကျတာနဲ့ ပျက်စီးခြင်းလမ်းပေါ်ရောက်နေတာကိုတော့ ခွဲခြားနားလည်ဖို့လိုပါတယ်။
နောက်ထပ်တစ်ခုပြောချင်တာက မြန်မာမိန်းကလေးတွေရဲ့အနေအထိုင်ပါ။ ဗိုင်းကောင်းကျောက်ဖိ နေလို့မရတော့ဘူး၊ အလုပ်ခွင်မှာ ယောကျာ်းလေးအပေါင်းအသင်းနဲ့ အလုပ်သဘောပြောဆိုဆက်ဆံရတာမျိုးမို့ ဗိုင်းကောင်းကျောက်ဖိမဖြစ်ဘူးလို့ပြောလို့မရသလို လျှပ်ပေါ်လော်လီတာလို့ ခေါ်လို့မရပါဘူး။
ဒီနေ့ခေတ်မှာ ဗိုင်းကောင်းကျောက်ဖိဖို့မလိုပါဘူး၊ အနေအထိုင် တည်ကြည်ဖြောင့်မတ်ဖို့ပဲလိုပါတယ်။ အနေအထိုင် တည်ကြည်ဖြောင့်မတ်တဲ့မိန်းမတစ်ယောက်ကို အလုပ်ခွင်မှာ လူတိုင်းက အလိုလိုလေးစားကြမှာပါ။ ပျော်ပျော်နေတတ်တာနဲ့ လျှပ်ပေါ်လော်လီတာကလည်း ခြားနားပါတယ်။
အခုလောက်ဆိုရင်တော့ မိန်းမကောင်းတစ်ယောက်မှာရှိသင့်တဲ့ အချက်တွေ သိလောက်ပြီထင်ပါတယ်။ အားလုံးပဲ ထပ်ပြောချင်တဲ့အချက်လေးတွေရှိရင်လည်း ရေးပေးသွားလို့ရပါသေးတယ်။#BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။