မိတ်ဆွေကောင်းဘယ်တော့မှ မရနိုင်မယ့်လူတွေရဲ့အကျင့်ဆိုးများ

လောကမှာ မိတ်ဆွေကောင်းရှိခြင်းက ရွေရှိတာထက်ပိုတန်ဖိုးရှိပါတယ်။ ဒါပေမယ့် မိတ်ဆွေကောင်းဆိုတာကို ရဖို့ကလည်း ရွှေဝယ်ရတာထက် ပိုခက်ပါတယ်နော်။ ကိုယ့်ဘဝရဲ့အခက်အခဲ၊ အကြပ်အတည်းပေါင်းများစွာကို ရင်ဆိုင်နေရချိန်မျိုးမှာ အားငယ်စိတ်ဓာတ်ကျခြင်းတွေကို လူတိုင်းနီးပါးခံစားကြရမှာပါ။ ထိုအချိန်မျိုးမှာ ကိုယ့်ကို တိုင်ပင်ဖော်၊ တိုင်ပင်ဖက်၊ အားကိုးအားထားပြုနိုင်တဲ့သူ၊ ကိုယ့်ရဲ့အမှားကို အမှားလို့ အမုန်းခံပြီး ကိုယ့်အကျိုးအတွက်ပြောပေးမယ့် သူငယ်ချင်းမိတ်ဆွေစစ်ဆိုတာ တကယ့်ကို လိုအပ်ပါတယ်။ ကိုယ်တိုင်ကတော့ မိတ်ဆွေစစ်ဆိုတာ……လိုချင်ကြတဲ့သူချည်းပါပဲ။ ဒါပေမယ့် မိတ်ဆွေစစ်ကိုလိုချင်ရင် ကိုယ်တိုင်မိတ်ဆွေစစ်ပီသအောင် နေရမယ်ဆိုတာကိုတော့ မေ့နေတတ်ကြပါတယ်။ ကိုယ်တိုင်က အခြားသူငယ်ချင်းတွေအတွက် မိတ်ဆွေစစ်ပီသစွာ ဖေးမကူညီတတ်တဲ့သူဖြစ်တဲ့အခါ တစ်နေ့တစ်ချိန်မှာတော့ ကိုယ့်လိုစစ်မှန်စွာ ပေါင်းသင်းမယ့်သူမျိုးက သင့်ထံရောက်လာမှာပါ။ သင်နဲ့စိတ်ထားချင်းထပ်တူညီပြီး သင့်လိုလူမျိုးတွေက သင်ထံကိုပဲ ရောက်လာမှာဖြစ်ပါတယ်။ အဲဒါကို တန်ပြန်သက်ရောက်မှုရှိခြင်းလို့ခေါ်ပါတယ်။ သင်ကိုယ်တိုင်တောင်မှ လိုအပ်မှ မိတ်ဆွေကိုပေါင်း၊ အလိုရှိမှ မျက်နှာချိုသွေးတတ်သူဆိုရင်တော့ သင့်ထံကိုလည်း သင့်လိုလူတွေပဲရောက်လာပါလိမ့်မယ်။ အဲဒါကြောင့် သင့်မှာ ထိုကဲ့သို့အကျင့်ဆိုးတွေရှိနေရင် ပြုပြင်နိုင်အောင် မိတ်ဆွေကောင်းမရနိုင်တဲ့သူရဲ့အကျင့်ဆိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။


၁) တစ်ကိုယ်ကောင်းဆန်ခြင်း
ဘယ်တော့မဆို မိတ်ဆွေသူငယ်ချင်းကို ဦးစားပေးတတ်သူကို တစ်နေ့တစ်ချိန်မှာတော့ အားနာခြင်းနဲ့အတူ၊ သင့်ကိုပြန်ဦးစားပေးမယ့်သူမျိုးရလာမှာပါ။ ဒါပေမယ့်သင်ကိုယ်တိုင်ကတော့ “ငါရဖို့သာအရေးကြီးတယ်…..ငါ့အတွက်….ငါ့ဖို့” ဆိုတဲ့စိတ်များနေရင်တော့ သင့်အနားကလူတွေကလည်း သူတို့ရဖို့သာ သူတို့အသည်းအသန်ကြိုးစားတော့မှာပါ။ ဘာလို့လဲဆိုတော့ သင်ကမှ သူတို့ကို ဦးစားမပေးမှာကိုး။ အဲဒီ့တော့ သင်ကဦးစားမပေးရင် သင့်ထက်အရင်သူတို့က မရရတာ ဦးပြီး ရအောင်ကြိုးစာေးတာ့မှာပဲလေ။ မဟုတ်ရင် သင်မလိုချင်တာမှ သူတို့ရမှာကိုး။ အဲဒါပါပဲ။ သင်ကိုယ်တိုင်ကတစ်ကိုယ်ကောင်းသမားဖြစ်နေရင်တော့ သင့်ကိုလည်း အခြားသူတွေက တစ်ကိုယ်ကောင်းဆန်စွာပဲဆက်ဆံပါလိမ့်မယ်။

၂) မနာလိုစိတ်များခြင်း
သင့်အနားက သူငယ်ချင်းတစ်ယောက်ယောက်က သင့်ထက် ရာထူးပိုကြီးသွားတာမျိုး၊ သင့်ထက်လစာပိုတိုးသွားတာမျိုး၊ သင့်ထက် ကျောင်းမှာ အမှတ်များနေတာမျိုး စသဖြင့် သင့်ထက်သာတဲ့အခြေအနေတခုခုဖြစ်လာတဲ့အခါ သင်ကပါ သူနဲ့ထပ်တူပျော်နေမယ်ဆိုရင် သူ့ရဲ့အပျော်မှန်သမျှ သင့်ကိုမျှဝေဖို့ သတိရလာပါလိမ့်မယ်။ အဲဒီ့အခါ သင့်ကိုအပျော်တွေကူးတာပေါ့၊ သင့်ဟာသင်ပျော်နေတဲ့အပျော်အပြင် သူတို့လာပေးတဲ့အပျော်တွေနဲ့ပါ သင့်ဘဝက ပိုကျေနပ်စရာကောင်းပါတယ်။ ဒါပေမယ့် မနာလိုတတ်သူကျတော့ စိတ်ညစ်စရာတွေချည်းဖုံးလွှမ်းနေတတ်ပါတယ်။ ဘာလို့လဲဆိုတော့ သူများပျော်လေ…..သူတို့က စိတ်ညစ်လေဖြစ်နေတာကြောင့်ပါ။ အခြားသူများက သူတို့ရဲ့ပျော်ရွှင်မှုကို ဝေမျှတဲ့အခါ သူတို့က မသိချင်ယောင်ဆောင်နေတာမျိုး၊ ရှုံ့ချတဲ့အပြုအမူမျိုးနဲ့ မဖြစ်နိုင်ပါဘူး….ဆိုတဲ့အဓိပ္ပါယ်မျိုးပါတဲ့ အမူအယာမျိုးကို လုပ်နေတတ်တာမို့ အချိန်ကာလတစ်ခုမှာ ထိုကဲ့သို မနာလိုစိတ်များတဲ့သူအနားမှာ စစ်မှန်တဲ့မိတ်ဆွေဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင်ကိုက သူတို့နားရောက်လာသမျှလူကိုလည်း ကြာရှည်စွာ ဟန်ဆောင်မပေါင်းသင်းနိုင်ပါဘူး။

၃) ကိုယ်ချင်းစာနာစိတ်မရှိခြင်း
ထိုသူမျိုးကတော့ အရေးကြုံလာတဲ့အခါမှသာ စိတ်ဓာတ်ရင်းမှန်ပေါ်လာတတ်တာမျိုးပါ။ အဲဒါကြောင့် စိတ်ဓာတ်အရင်းအမှန်မပေါ်ခင်မှာတော့ သူ့အနားမှာ သူငယ်ချင်းတစ်ချို့ရှိနေအုံးမှာဖြစ်ပါတယ်။ များသောအားဖြင့် သူ့အနားမှာရှိနေတတ်တဲ့သူငယ်ချင်းတွေကိုလည်း ချစ်ခင်စိတ်ရင်းကြောင်းပေါင်းသင်းနေတာမျိုးမဟုတ်ဘဲ သူ့အတွက် တစ်နေရာရာမှာ အသုံးချဖို့ ပေါင်းသင်းတတ်သူဖြစ်ပါတယ်။ သူ့အတွက် ကိစ္စတခုခုရှိလာတဲ့အခါမှာ သူ့ဘေးက အပေါင်းအသင်းကို လွှဲချတတ်တာမျိုး၊ ဒါမှမဟုတ် အစားထိုးကူညီခိုင်းတာမျိုးလုပ်တတ်သူဖြစ်ပါတယ်။ သူ့ကို ကူညီလိုက်တဲ့အတွက်ကြောင့်ပဲ ဆိုးကျိုးတွေဖြစ်လာတဲ့အခါ သူမသိသလို၊ သူနဲ့မဆိုင်သလို မသိချင်ယောင်ဆောင်နေတတ်တဲ့သူမျိုးပါ။ သူ့နေရာမှာ ငါ….ဆိုရင် ဘယ်လိုလုပ်မလဲဆိုတဲ့စိတ်မျိုးမရှိဘဲ ခိုင်းဖို့အတွက် အသုံးချချင်စိတ်ရှိသူဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်း သူ့ရဲ့စိတ်ရင်းကို လူသိသူများလာရင်တော့ သူ့အနားမှာ ဘယ်သူမှ မရှိနိုင်တော့သလို၊ ကူညီမယ့်သူလည်း မရှိနိုင်တော့ပါဘူး။

၄) ဟန်ဆောင်တတ်ခြင်း၊ ၊ လိမ်ညာတတ်ခြင်း
ထိုသူတွေကတော့ ဘယ်တော့မှ သူတို့ရဲ့စိတ်ရင်းအစစ်အမှန်ကို သူတို့အနားကသူတွေကို မပြတတ်ကြပါဘူး။ သူတို့ရဲ့ဘဝအစစ်အမှန်၊ ခံစားချက်အစစ်အမှန်ကို သုံးသပ်လို့ မရနိုင်တဲ့အပြင် သူတို့ရဲ့နောက်ကြောင်းကလည်း ရှု့ပ်ထွေးတတ်ကြပါတယ်။ လွယ်လွယ်လိမ်လို့ရရင် လိမ်ညာတတ်ဖို့ ဝန်မလေးသူမို့ သူ့အနားမှာ မိတ်ဆွေအဖြစ်နေသူမှန်သမျှ သူလိမ်တာမခံရဖူးသူရှိမယ်မထင်ပါဘူး။ နောက်ဆုံးတော့ သူ့ရဲ့လိမ်ညာမှု၊ ဟန်ဆောင်မှုတွေကြောင့်ပဲ စစ်မှန်စွာ ဆက်ဆံတတ်သူ မိတ်ဆွေတွေက ခပ်ခွာခွာဖြစ်သွားကြပါလိမ့်မယ်။ ခပ်ခွာခွာမနေဘဲ စိတ်ရင်းနဲ့ ရေရှည်ဆက်ဆံမိရင်လည်း စိတ်ညစ်၊ စိတ်ရှုပ်ရတာသာ အဖတ်တင်ပြီး ကိုယ်ပါ စိတ်ဒုက္ခရောက်ရတတ်တာမို့ မပတ်သက်တာအကောင်းဆုံးပါပဲ။

၅) ယှဉ်ပြိုင်တတ်ခြင်း၊ ကြွားဝါတတ်ခြင်း
မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ ထိုလူမျိုးမြင်ဖူး၊ ကြုံဖူးကြပါလိမ့်မယ်။ အခြားသူကို အမြဲလို့ မျက်မှောင်ကြုတ်ပြီး ကြည့်နေတတ်သူတွေပေါ့။ တစ်ဖက်လူက စိတ်ရင်းနဲ့ သူရဲ့ပိုင်ဆိုင်တာ၊ အောင်မြင်တာ၊ ရရှိတာတွေကို ပြသတာမျိုးဖြစ်ပေမယ့် သူတို့ကတော့ အမြဲတစေ သူတို့ကို ကြောနေတာလို့ ထင်နေတတ်တဲ့သူတွေပါ။ တဖက်လူက တကယ့်အမှန်ကို ချပြပေမယ့် သူတို့စိတ်ထဲမှာတော့ “ငါ့ကိုကြောနေတာ…” “ငါကရှိတယ်ဆိုလို့ သပ်သပ်ကြွားနေတာ” “ ငါ့ထက်သာကြောင်း မသိသိအောင် ပြောနေတာ” စသဖြင့် ထင်နေ၊ တွေးနေတတ်သူတွေဖြစ်ပါတယ်။ အရှေ့တင်မှာတော့ သူငယ်ချင်းကိုစိတ်ရင်းနဲ့ဆက်ဆံပြနေတတ်ပေမယ့်၊ နောက်ကွယ်မှာတော့ အမြဲလို အပြစ်တင်နေတတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့စိတ်ထားကြောင့်ကို သူတို့ကိုယ်တိုင်က စိတ်ရင်းနဲ့ပေါင်းသင်းတဲ့သူနည်းပါးတယ်။ သူတို့ကိုယ်တိုင်ကလည်း သူငယ်ချင်းမိတ်ဆွေတစ်ဦးတည်းကိုပဲ စိတ်နှစ်ပေါင်းလေ့မရှိတဲ့အတွက် သူတို့ထံမှာ မိတ်ဆွေစစ်မရှိတတ်ပါဘူး။
လူဆိုတာမျိုးက တစ်ယောက်တည်းခွဲထွက်နေထိုင်လို့ ဘယ်လောက်ပဲရပါတယ်ပြောပြော လူ့ပတ်ဝန်းကျင်၊ လူ့လောကမှာတော့ ရှင်သန်နေသမျှ လူသားချင်းပတ်သက်ဆက်ဆံမှုဆိုတာရှိနေအုံးမှာပါ။ အဲဒါကြောင့် တစ်ဦးတည်းမရပ်နိုင်တဲ့လောကကြီးမှာ မိတ်ဆွေစစ်ရှိဖို့လိုအပ်ပါတယ်။
စာဖတ်သူတို့မှာလည်း ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြီး မကောင်းတဲ့အကျင့်တွေရှိရင် ပြုပြင်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။