မောင်နှမအချင်းချင်းအချစ်တိုးစည်းလုံးစေဖို့ မိဘတွေလုပ်သင့်တဲ့အချက်များ

မောင်နှမ အချင်းချင်းချစ်ခင်စည်းလုံးစေဖို့က မိဘတွေပေါ်အဓိက မူတည်ပါတယ်။ တစ်ဦးတည်းသော သားသမီးတွေထက် မောင်နှမရှိတဲ့သားသမီးတွေက လောကမှာ ဖေးမကူညီဖော်ရှိတယ်လို့ အကြမ်းဖျင်းသတ်မှတ်ကြပါတယ်။ ဒါပေမယ့် မချစ်ခင်စည်းလုံးမှုမရှိတဲ့မောင်နှမတွေဖြစ်လာရင်တော့ ဖေးမကူညီဖော်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် ရန်စောင်နေရင်း၊ မိဘအမွေလုတာမျိုး၊ အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်နေတာမျိုးတွေ၊ ဘယ်သားသမီးကိုတော့ ပိုချစ်တယ်ဆိုတာမျိုးတွေနဲ့ မောင်နှမတွေကြားမှာသွေးခွဲမှုတွေဖြစ်လာတတ်ပါတယ်။ အဓိကဖေးမကူညီပေးမယ်ယူဆရသူတွေကပဲ အနှောင့်အယှက်ပေးနိုင်သူတွေဖြစ်လာပြန်ပါတယ်။ အဲဒါကြောင့်မိဘတွေအနေနဲ့ သားသမီးအချင်းချင်းကြားမှာ ချစ်ခင်စည်းလုံးမှုရှိအောင် ပြုစုပျိုးထောင်ပေးဖို့လိုပါတယ်။


၁) ဘယ်သူ့ကိုပိုချစ်တယ်လို့မပြောပါနဲ့။
“ကိုကိုက ပိုလိမ္မာလို့ ကိုကိုကို့ပဲပိုချစ်တော့မယ်” ဆိုတဲ့စကားမျိုးမပြောပါနဲ့။ မောင်နှမတွေကြားမှာ အားလုံးကိုအတူတူချစ်တယ်ဆိုတဲ့စိတ်ရှိနေဖို့ အရေးကြီးပါတယ်။ အဲလိုမဟုတ်ဘဲ တခုခုဖြစ်တိုင်း လိမ္မာတဲ့သူကိုပဲပိုချစ်တယ်၊ မလိမ္မာရင်မချစ်ဘူးဆိုတာက ကလေးတွေရဲ့စိတ်ထဲမှာ အမြဲမလုံမခြုံခံစားနေရပါလိမ့်မယ်။ တခုခုဖြစ်တိုင်းလည်း မောင်နှမအချင်းချင်း သူ့ကိုပိုချစ်သွားပြီလား၊ ငါ့ကိုမချစ်တော့ဘူးလားရယ်နဲ့ ခံစားနေရတာ ရေရှည်မှာ မကောင်းနိုင်ပါဘူး။ အချင်းချင်းကြား မနာလိုစိတ်ဝင်လာနိုင်ပါတယ်။

၂) အမြဲညီတူမျှတူရှိပါစေ။
တခုခုဝယ်ပေးတာဖြစ်ဖြစ်၊ လက်ဆောင်ရတာဖြစ်ဖြစ်၊ စားစရာဝယ်လာတာဖြစ်ဖြစ် မောင်နှမအားလုံးအတွက် ဝယ်ပေးပါ၊ မျှတစွာ ခွဲဝေပေးပါ။ “အငယ်လေးကတော့ ကလေးမို့နားမလည်လို့ သူ့ကိုမုန့်နှစ်ခုပေးလိုက်တာ” “အကြီးက နားလည်ပေးလိုက်ပါ။ ညီလေးကိုအလျှော့ပေးလိုက်ပါ” စတဲ့စကားမျိုးတွေကို ကလေးတွေကို ပြောခြင်းက ကလေးနားမလည်နိုင်ပါဘူး။ ကလေးတွေကြားထဲစိတ်ဝမ်းမကွဲစေဖို့ မုန့်တစ်ခုပဲပါလာရင်တောင် တစ်ယောက်တစ်ဝက်အညီအမျှ ခွဲဝေပေးလိုက်ပါ။ လက်ဆောင်တစ်ခုပဲရလာရင် အလားတူပစ္စည်းတစ်ခုမိဘကဝယ်ပြီး တစ်ယောက်တစ်ခုဆိုတဲ့ပုံစံမျိုးနဲ့ ပေးလိုက်ပါ။ အဲလိုမဟုတ်ဘဲ မိဘကိုယ်တိုင်က အကြီးကအငယ်ကိုဦးစားပေးခိုင်းတာ၊ အငယ်က အကြီးကို အနိုင်ကျင့်တာမျိုးကို မိဘကိုယ်တိုင်ကမလုပ်ခိုင်းသင့်ပါဘူး။ အဲဒီလို အကြီးမို့ အငယ်လေးလုပ်သမျှခံဖို့ တိုက်တွန်းတာ၊ အကြီးမို့ အငယ်လေးကို ဦးစားပေးခိုင်းတာတွေက ကလေးတွေရဲ့စိတ်ထဲမှာ စိတ်ဝမ်းကွဲစေနိုင်ပါတယ်။

၃) အချင်းချင်းမျှဝေတတ်အောင်သင်ပေးပါ။
မောင်နှမအချင်းချင်း တခုခုလိုချင်လို့ လုယက်နေတာ၊ ရန်ဖြစ်နေတာမျိုးတွေရင် ပြင်းထန်စွာအပြစ်ပေးမယ်လို့သတိပေးပါ။ တကယ်လည်း ပြင်းထန်တဲ့အပြစ်ပေးပါ။ အဲဒီ့အစား မုန့်တစ်ခုရလာရင် တစ်ယောက်ကိုတစ်ယောက်မျှဝေပေးဖို့သင်ပေးပါ။ အကြီးဖြစ်ဖြစ်အငယ်ဖြစ်ဖြစ် တခုခုရလာခဲ့တဲ့အခါ ကျန်တစ်ယောက်ကို မျှဝေတတ်ဖို့ ပြောပြပါ။ တစ်ယောက်က အခက်အခဲကြုံနေရင် နောက်တစ်ယောက်က ကူညီပေးဖို့ သင်ပေးပါ။

၄) စည်းလုံးမှုရှိပါစေ။
“မေမေကလည်း ကိုကိုပဲချစ်တာပဲ” “ဖေဖေက တကယ်တော့ ညီညီ့ကိုပဲချစ်တာပါ” ဆိုတဲ့စကားမျိုးတွေပြောလာခဲ့ရင် လောကမှာ မောင်နှမဆိုလို့ ဒီလူတွေပဲရှိကြောင်းပြောပြပေးပါ။ ဘယ်သူ့ကိုမှပိုမချစ်သလို၊ လျှော့မချစ်ကြောင်း နားလည်အောင်ပြောပေးပါ။ တစ်ယောက်ကိုတစ်ယောက်သွေးမကွဲသင့်ဘဲ ဖေးမကူညီရမယ်၊ ချစ်ခင်ရမယ်လို့ သင်ပေးပါ။ ကလေးတွေနဲ့ကစားရင်တောင် မောင်နှမတွေစည်းလုံးစေမယ့်ကစားနည်းမျိုး ဥပမာ မိဘတွေက တစ်ဖွဲ့ မောင်နှမတွေကတစ်ဖွဲ့ ကစားစေတာမျိုးပေါ့။ မသိမသာ စည်းလုံးစေမယ့်စကားမျိုးကို ပြောပေးပါ။ “တွေ့လား….ကိုကို သားကိုချစ်လို့ ဦးစားပေးလိုက်တာ၊ နောက်တစ်ခါကျ သားကို ကိုကို့ကို ပြန်ဦးစားပေးလိုက်နော်” စသဖြင့် မိဘက ပညာသားပါပါ သင်ပေးပါ။

၅) တစ်ယောက်မကောင်းကြောင်းနောက်တစ်ယောက်ကိုမပြောပါနဲ့။
“နင့်အကိုကဘယ်လို…..ဖြစ်တယ်” ဆိုတာမျိုးကို အခြားမောင်နှမတစ်ယောက်ကို သွားမပြောပါနဲ့။ သားသမီးတွေက တစ်ယောက်ကိုတစ်ယောက်နောက်ကွယ်မှာပြောနေရင်တောင် မိဘက ဆုံးမပေးပါ။ တကယ်တော့ အထင်သာဖြစ်ကြောင်း၊ မောင်နှမအချင်းချင်း မျက်နှာချင်းဆိုင် ပွင့်လင်းစွာဆွေးနွေးဖို့သင်ပေးပါ။ တစ်ယောက်အကြောင်းကို နောက်ကွယ်မှာ မိဘကိုယ်တိုင်ကပြောပြနေရင် သားသမီးတွေကိုယ်တိုင်လည်း မောင်နှမအချင်းချင်း နောက်ကွယ်မှာ ပြောဆိုတတ်တဲ့အကျင့်ဖြစ်သွားနိုင်ပါတယ်။ မိဘကိုယ်တိုင်က စံနမူနာဖြစ်ပါစေ။

၆) တစ်ယောက်နဲ့တစ်ယောက်ဦးစားပေးတတ်ဖို့သင်ပေးပါ။
ကိုကိုက ညီလေးကို ချစ်လို့ ဦးစားပေးနိုင်ကြောင်း၊ ညီလေးကလည်း ကိုကို့ကို ချစ်လို့ ဦးစားပေးနိုင်ကြောင်း အပြန်အလှန်သင်ပေးပါ။ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က နားလည်တတ်အောင် သင်ပေးပါ။ အငယ်လုပ်သူကိုလည်း “သားကို ဒီလိုလုပ်ရင်ကော သားကြိုက်မလား၊ မကြိုက်ဘူးဆိုရင် ကိုကိုကောဘယ်လိုခံစားရမလဲ” စသဖြင့် ကိုယ်ချင်းစာတတ်အောင် ပြောပြပေးပါ။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။