Mask တွေကို စနစ်တကျ စွန့်ပစ်ကြပါ။

ကိုဗစ်ကာလအတွင်းမှာ Mask ကိုလူတိုင်းတပ်လာကြတာတွေ့ရပေမယ့် အသုံးပြုပြီးသား Mask တွေကိုတော့ စနစ်တကျစွန့်ပစ်မှုအားနည်းတာကိုတွေ့ရပါတယ်။ လမ်းပေါ်မှာ ချွတ်ပြီး ဒီတိုင်းစွန့်ပစ်ထားတဲ့ Mask ပေါင်းများစွာကိုလည်းတွေ့ရမှာပါ။


တကယ်တော့ ရောဂါပိုးကာကွယ်ဖို့ရာ Mask ကို စနစ်တကျ ဝတ်ဆင်ဖို့လိုအပ်သလို အသုံးပြုပြီးသား Mask တွေကိုလည်း စနစ်တကျ ပြန်လည်စွန့်ပစ်ခြင်းက အရေးကြီးပါတယ်။

ဘာကြောင့် Mask ကို စနစ်တကျ စွန့်ပစ်သင့်တာလဲ။

ဒါက လူတိုင်း သိသလိုလိုရှိပေမယ့် အမှတ်တမဲ့ဖြစ်နေတတ်ကြပါတယ်။ အပြင်ကို မဖြစ်မနေသွားတဲ့အခါ လေထုထဲက ဗိုင်းရပ်စ်တွေ ၊ လူတစ်ယောက်နဲ့တစ်ယောက် စကားပြောရာကနေထွက်လာတဲ့ ပိုးမွှားတွေကို ကာကွယ်ဖို့ရာ Mask ကိုတပ်ပါတယ်။ အဲဒီ့အတွက် ကိုယ့်ရဲံအသက်ရှုလမ်းကြောင်းကို ကာကွယ်ဖို့ရာ တပ်ထားတဲ့ Mask မှာ လေထုထဲကနေ ကိုယ်မမြင်နိုင်တဲ့ ပိုးမွှားတွေဟာ Mask မှာလာရောက် ကပ်ညှိနေကြတာပါ။ အဲဒီ့အတွက် လမ်းမပေါ်မှာ Mask ကို ပြီးစလွယ်ချွတ်ပြီး စွန့်ပစ်လိုက်မယ်ဆိုရင် လေထုထဲကို Mask မှာ ကပ်ညှိနေတဲ့ပိုးမွှားတွေက ပြန်ပြီး ပျံ့လွှင့်နေပါလိမ့်မယ်။
အလားတူပဲ Mask ကို အပြင်ကပြန်လာတာနဲ့ အမှိုက်ပုံးထဲ ပြီးစလွယ် ချွတ်ပြီး စွန့်ပစ်လိုက်ရင်လည်း Mask ကနေတဆင့် လေထုထဲပျံ့နေတဲ့ပိုးမွှားတွေကို အိမ်ကလူတွေက ပြန်ပြီး ရှုမိနေနိုင်ပါတယ်။

ဘယ်လိုစနစ်တကျ စွန့်ပစ်မလဲ။

Mask ကို အိမ်ရောက်မှ ချွတ်ပြီး စွန့်ပစ်ပါ။ မချွတ်မီ လက်ကိုသေချာ သန့်စင်အောင် ဆပ်ပြာနဲ့ဆေးကြောလိုက်ပါ။ ပြီးမှ Mask ရဲံကြိုးတွေကနေတဆင့် ချွတ်ပါ။ အပြင်ဘက် အပြာခြမ်းကို အတွင်းထဲထည့် ထက်ခြမ်း နှစ်ခေါက် ခေါက်ပါ။ Mask ရဲ့ကြိုးနဲ့ ပြန်ပတ်ချည်လိုက်ပါ။ ပလပ်စတစ်အိတ်လေး၊ ဒါမှမဟုတ် တစ်ရှုးစဖြင့် ပတ်ပြီးမှ အမှိုက်ပုံးထဲထည့်ပါ။ အမှိုက်ပုံးက အဖုံးပါတဲ့အမှိုက်ပုံးဆို ပိုကောင်းပါတယ်။ အဖုံးမပါတဲ့အမှိုက်ပုံးမျိုးဆိုရင် အပြင်က ပြန်လာပြီး စွန့်ပစ်သမျှကို ပိုးသတ်ဆေးနဲ့ ဖြန်းလိုက်တာမှ ပိုပြီး စိတ်ချရမှာပါ။
ပြီးတဲ့အခါ လက်ကို နောက်တစ်ကြိမ် ဆပ်ပြာဖြင့် သေချာထပ်မံဆေးကြောပါ။ ဒါမှသာ Mask ကို ခေါက်ထားတုန်းက ထိတွေ့ထားသမျှကို ပြန်လည်ဆေးကြောပြီးသားဖြစ်မှာပါ။
Mask တို့ လက်အိတ်တို့ဟာ ပလပ်စတစ်၊ ဒါမှမဟုတ် ရော်ဘာသားဖြင့် ပြုလုပ်ထားပြီး ပျက်စီးဖို့ခက်ခဲတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း အနည်းနဲ့အများထိခိုက်စေပါတယ်။ အဲဒါအပြင် ရောဂါပိုးမွှားတွေ ကပ်ညှိနေနိုင်တဲ့ Mask တွေကို လမ်းမပေါ် ပြီးစလွယ်စွန့်ပစ်ခြင်းကြောင့် လေထုထဲ ရောဂါပိုးမွှားတွေ ပိုပြီး ပျံ့နှံ့နေနိုင်ပါတယ်။
ကိုယ့်ကြောင့် အခြားသူမထိခိုက်အောင် ကိုယ့်ကိုယ်ကိုယ်လည်းကာကွယ်ပါ၊ အများသူငှာကိုလည်း ကာကွယ်ရာရောက်အောင် Mask တွေကို စနစ်တကျ စွန့်ပစ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်နော်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။