လူတွေကို သင်သတ်မှတ်ထားတဲ့ဘောင်တွေနဲ့ တွဲမကြည့်လိုက်ပါနဲ့။

လူအမျိုးမျိုး စိတ်အထွေထွေဆိုတဲ့စကားအရ လူတိုင်းဟာ သူတို့ရဲ့ဘဝဖြတ်သန်းပုံမတူညီကြတာကြောင့် အတွေ့အကြုံတွေမတူကြသလို၊ အတွေးအခေါ်အယူအဆတွေမတူကြပါဘူး။ အဲဒီ့အတွက် ကိုယ့်ရဲ့အသိပညာ၊ ကိုယ့်ရဲ့အကျင့်စရိုက်၊ ကိုယ့်ရဲ့တွေးခေါ်စဉ်းစားပုံနဲ့ အခြားလူတွေရဲ့အတွေးအခေါ်တွေလုံး၀ တစ်ထပ်တည်းမကျနိုင်ပါဘူး။


ကျွန်တော်တို့ ငယ်ငယ်ကတော့ ကလေးစိတ်နဲ့တွေးဖူးပါတယ်၊ “ဒါလေးတောင်မသိရကောင်းလားပေါ့” “ဒီအဓိပါ္ပယ်ကိုနားမလည်ရကောင်းလားပေါ့” သေချာပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ သိထားတဲ့အရာတိုင်းကို နောက်လူတစ်ယောက်က အကုန်အစုံသိနေဖို့ဆိုတာမဖြစ်နိုင်သလို၊ အခြားလူတစ်ယောက် သိနေတဲ့အရာ၊ ကျွမ်းကျင်နေတဲ့အရာမျိုးမှာလည်း ကျွန်တော်တို့ သိမနေနိုင်တာတွေအများကြီးရှိတာပါပဲ။ ဒါပေမယ့် တခါတလေကျရင် ကိုယ်တိုင်တောင်မသိလိုက်ဘဲနဲ့တောင် အခြားလူတစ်ယောက်ကို ကိုယ့်စိတ်ထဲကဘောင်တွေနဲ့ တိုင်းပြီး သွားယှဉ်မိနေတတ်ပါတယ်။
အထူးသဖြင့် ကိုယ့်ရဲ့အဖိုးအရွယ်သက်ကြီးရွယ်အိုတွေ အိမ်မှာရှိရင်တောင် ခုခေတ်တစ်ခုခုဝယ်လာလို့များ ဘယ်ဈေးလဲမေးတဲ့အခါ ကိုယ်ကတော့ ဘာရယ်မဟုတ် ဒီနေ့ခေတ်ပေါက်ဈေးကိုပြောလိုက်တဲ့အခါမျိုးမှာသိသာတတ်ပါတယ်။ လူကြီးတွေက ပြန်ပြောလေ့ရှိပါတယ် “ဟယ်….ဈေးကြီးလိုက်တာ ကိုယ်တွေခေတ်တုန်းကဆိုရင် ဘတ်စ်ကားခမှ ၅၀ပဲပေးရတယ်” တို့၊ “ဆန်၊ ဆီ ဘယ်လိုပေါတာ” တို့၊ စတဲ့စကားမျိုးတွေကြားဖူးမှာပါနော်။ အဲဒါဟာ မသိလိုက်ဘဲ ကိုယ့်စိတ်ထဲက ဘောင်တွေနဲ့ အခြားလူတွေကို တိုင်းကြည့်နေမိခြင်းတစ်မျိုးပါပဲ။

ထင်ရှားတဲ့ ဥပမာ တစ်ခုအနေနဲ့ ပြရမယ်ဆိုရင် လူတော်တော်များများက ငွေကိုလိုချင်တပ်မက်စိတ်ရှိကြပါတယ်။ ငွေမပေါတဲ့လူဟာ ငွေတွေအများကြီး ကြီးပွားချမ်းသာပြီး ကျိကျိတက်ကြွယ်ဝချမ်းသာတဲ့လူမျိုးဆိုရင် အလိုလိုနေရင်းကို အားကျနေတတ်ကြပါတယ်။ အဲဒီ့လိုအားကျရုံမက သူတို့ဘဝဟာလည်း အရမ်းကို ပျော်စရာကောင်းနေမှာပဲလို့ထင်တတ်ကြပါသေးတယ်။ အဲဒါဟာလည်း ကျွန်တော်တို့သတ်မှတ်ထားတဲ့ဘောင်ထဲကနေ ကြည့်လို့ပါ။ တကယ်တော့ ကျိကျိတက်ချမ်းသာနေတဲ့သူတွေမှာလည်း သင်တို့မသိတဲ့ ပူပန်မှုတွေအများကြီးရှိနေမှာပါပဲ။ အဲဒါကို ကျွန်တော်တို့မမြင်မိတော့ဘဲ ကျွန်တော်တို့သတ်မှတ်လိုက်တဲ့ “ငွေတွေသာ အများကြီးရှိနေရင် လိုတိုင်းတဖြစ်ပြီးပျော်စရာကောင်းတဲ့ဘဝဖြစ်နေမှာပဲ” ဆိုတဲ့ဘောင်ထဲကနေ မြင်လိုက်တာဖြစ်ပါတယ်။ အဲဒါကြောင့်သာ အရမ်းချမ်းသာကြွယ်ဝပါတယ်ဆိုတဲ့ သူဌေးကြီးတစ်ယောက်ဟာ လုပ်ငန်းတွေအရှုံးပေါ်လို့ ညတိုင်းအိပ်မရပါဘူးဆိုတဲ့ သတင်းမျိုး သင်ဖတ်လိုက်ရမှာပါ။

အဲဒီလိုပါပဲ ကိုရီယားရဲ့ နာမည်ကျော်အဆိုတော်အချို့ဘာလို့များကိုယ့်ကိုယ်ကိုယ်သတ်သေသွားကြပါသလဲ။ လူအများရဲ့အမြင်မှာ အရမ်းကို ချောမောလှပချစ်စရာကောင်းလွန်းလို့ ချစ်ခင်ကြသူတွေများလွန်းလို့ အရမ်းအောင်မြင်နေတဲ့သူတွေပါ။ လူအများကြားအောင်မြင်ရတဲ့အခါ ဘဝမှာ အရမ်းကိုနေပျော်စရာကောင်းပြီး လူချစ်လူခင်များလွန်းလို့ အရမ်းပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်ထားမှာပဲလို့ ထင်စရာရှိပါတယ်။ ကျွန်တော်တို့ရဲ့ဘောင်နဲ့ခတ်ကြည့်လိုက်တဲ့အခါ အရမ်းပျော်စရာကောင်းတဲ့ဘဝကြီးပဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့မသိနိုင်တဲ့သူတို့ရဲ့ ဘဝအခြေအနေတစိတ်တပိုင်းရှိအုံးမှာပါ။ အဲဒါကြောင့်သာ အောင်မြင်နေရက်နဲ့ ကိုယ်ကိုယ်ကိုယ် suicide လုပ်သွားတဲ့လူတွေရှိနေတာပေါ့။ “အသက်မပြည့်သေးတဲ့ကလေးလေးကို ကိုယ်သာဆို စားပွဲထိုးမလုပ်ခိုင်းဘူး” လို့ စားသောက်ဆိုင်က စားပွဲထိုးကောင်လေးကိုမြင်တဲ့အချိန် သင်တွေးနေတာက သင့်ရဲ့ဘောင်နဲ့မြင်တာလေးကို သင်တွေးလိုက်တာပါပဲ။ ဒါပေမယ့် ဒီကလေးလေးရဲ့နောက်ကွယ်မှာ သင်မမြင်နိုင်တဲ့တစိတ်တပိုင်းကို သင်မသိနိုင်ပါဘူး။ ညဉ့်ငှက်မလေး အဖြစ်အသက်မွေးတဲ့ မိန်းကလေးတွေကို မြင်တဲ့အခါ “ဟင်း…မိန်းကလေးတွေ ငယ်ငယ်လေးရှိသေးတယ်၊ ကောင်းမွန်တဲ့အသက်မွေးဝမ်းကျောင်းတစ်ခုကို သင်ပေးသင့်တယ်” လို့ သင်တွေးနေတာက သင်မြင်တဲ့ဘောင်လေးထဲကနေ သင်တွေးတာပါ။

သူတို့ရဲ့ဘဝနောက်ကွယ်မှာ ဘာတွေရှိနေသလဲဆိုတာ သင်မမြင်နိုင်ပါဘူး။ ဘဝပေးအခြေအနေအရလား၊ ငွေကြေးကြောင့်လား၊ ဝါသနာအရလား မဖြစ်မနေမို့လား၊ ဘာအကြောင်းကြောင့်ဆိုတာ ကျွန်တော်တို့မသိနိုင်ပါဘူး။ အဲဒါကြောင့် လူတိုင်းကို ကျွန်တော်တို့မြင်တဲ့ ဘောင်လေးနဲ့ပဲ ကန့်ပြီး ကြည့်လို့မရပါဘူး။ Mark Twain ပြောထားသလိုပေါ့ “လူတိုင်းက လလိုပါပဲ။ ဘယ်သူ့ကိုမှ မပြတဲ့မှောင်နေတဲ့အခြမ်းလေးတော့ ရှိကြတာပါပဲ” တဲ့ “If you judge people you have no time to love them” တဲ့ဆိုသလို မာသာထရီပြောထားပါတယ်။ လူတွေကိုသာ လိုက်ပြီးမှတ်ချပေး၊ ဝေဖန်နေရင် သူတို့ကိုချစ်ခင်စိတ်ထားဖို့တောင် အချိန်ရှိတော့မှာမဟုတ်ပါဘူး။ တနည်းအားဖြင့် ကိုယ်မြင်တာလေးလောက်နဲ့ အခြားသူကို ဘယ်လိုမှ ဆုံးဖြတ်သတ်မှတ်လို့မရပါဘူးလို့ပြောချင်တာပါပဲ။ မာသာထရီဇာပြောသလို လူတိုင်းအပေါ် အကြင်နာတရားစိတ်လေးနဲ့ကြည့်လိုက်မယ်ဆိုရင် ဝေဖန်ချင်စရာကောင်းတော့မှာမဟုတ်ပါဘူးနော်။ သင့်ကို ကြမ်းတမ်းစွာတုံ့ပြန်တဲ့သူကိုလည်း “အော်….သူ့မှာ ဘာဖြစ်လာသလဲ၊ ဘာခံစားချက်တွေဖြစ်နေသလဲမှမသိတာ” လို့တွေးကြည့်လိုက်တဲ့အခါ အရင်ဆုံးအေးချမ်းသွားမှာက သင်ပါ။ သင့်အပေါ်အထက်စီးက ဆက်ဆံသွားတဲ့သူကိုလည်း “အော်…သူ့ဘဝမှာ အမြဲအဲဒီလိုဆက်ဆံတတ်တာ တခုခုကြောင့်ဖြစ်မှာပေါ့” လို့တွေးပေးလိုက်တဲ့အခါ သင့်စိတ်ကြည်လင်သွားမှာပါ။ သင့်အပေါ် အရမ်းထိခိုက်နာကျင်စေရင်တော့ ထိုလူမျိုးက အဆိပ်အတောက်လိုလူမျိုးဖြစ်တယ်လို့ သတ်မှတ်ပြီး သင့်ကိုဆိုးဝါးစွာမထိခိုက်ခင်တော့ သင်ရှောင်ကျဉ်လိုက်ရုံပေါ့။ အခြားလူတစ်ယောက်အကြောင်းကို ကိုယ်မြင်လိုက်တာလေးနဲ့ ဝေဖန်အပြစ်တင်မယ့်အစား ကျွန်တော်တို့ တတ်နိုင်တာလေးကိုပဲအာရုံစိုက်လိုက်ရင် ကျွန်တော်တို့အတွက် ပိုကောင်းပါတယ်။
ငွေတွေအများကြီးရှိမှ၊ လူအများကြား ထင်ပေါ်ပြီး အောင်မြင်နေမှ ဘဝက သာယာတာမဟုတ်ပါဘူး။ အခြားလူတစ်ယောက်ကို ကိုယ်သတ်မှတ်ထားတဲ့ဘောင်လေးနဲ့ မကြည့်ရင်ကို သာယာနေပါပြီ။ တကယ်ပြောတာပါ…အခြားလူတစ်ယောက်ကို ကိုယ်သတ်မှတ်ထားတဲ့ဘောင်လေးထဲ အတင်းဝင်အောင်ကြည့်နေလို့ မဖြစ်နိုင်ဘူးလေ။ လူတိုင်းဟာ သူတို့ဘဝဖြတ်သန်းမှုပေါ် အခြေအနေအတိုင်းရှင်သန်နေကြတာကိုး။ သင်လုပ်နိုင်တာက သင်သတ်မှတ်ထားတဲ့ဘောင်ထဲကို ဝင်ဖို့ သင်ကိုယ်တိုင်ပဲကြိုးစားလို့ရတာပါ။ ဥပမာ။ စားပွဲထိုးကလေးလေးကိုကြည်ပြီး သနားမိတယ်ဆိုရင် ကိုယ့်ကလေးကျရင် အဲဒီလိုမဖြစ်ဖို့ပဲ ကိုယ်ကြိုးစားပါ။ ငွေတွေအများကြီးချမ်းသာပြီး အကြွေးတွေအများကြီး လည်ပင်းနစ်လို့ တစ်ညလုံးအိပ်မပျော်မယ့်အစား ရှိတာလေးနဲ့လောက်အောင်သုံးပြီး ခေါင်းချလိုက်တာနဲ့အိပ်ပျော်မယ့်ဘဝဖြစ်အောင် ကြိုးစားပါ။ ပညာမတတ်လို့ ဘဝမှာ အမှားတွေအများကြီးလုပ်ရင်း မပြုပြင်နိုင်တဲ့လူကိုတွေ့တဲ့အခါ နှာခေါင်းရှုံ့အပြစ်တင်မယ့်အစား “အော်…သူတို့ဘဝနောက်ခံအခြေအနေက ဘယ်လိုမှန်းမှ မသိတာလေ။” လို့တွေးပြီး ကူညီနိုင်သလောက်ကူညီပေးပါ။ ကိုယ့်အလှည့်ကျ မဖြစ်ရအောင် ကိုယ့်ကိုယ်ကိုယ်ပြုပြင်ပါ။

အဲဒီ့တော့ လူတွေကို ကိုယ်သတ်မှတ်ထားတဲ့ဘောင်ထဲထည့်ပြီး ကြည့်တာ၊ ဝေဖန်နေတာက အချိန်ကုန်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ဘောင်ထဲကို ကိုယ်တိုင်ဝင်အောင်သာ ကြိုးစားပါ၊ လူတိုင်းရဲ့ဘဝနောက်ခံက မတူညီတာကြောင့် ကြုံလာသမျှလူတိုင်းအပေါ် ကြင်နာပါ၊ ကူညီပါ၊ ကိုယ့်ကိုယ်ကိုယ်သာ သတ်မှတ်ထားတဲ့ဘောင်ထဲဝင်အောင် နေထိုင်ကျင့်ကြံပါ။ ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားတဲ့ဘောင်တွေကသာ အကောင်းဘက်ကဖြစ်ဖို့အရေးကြီးပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။