လူတစ်ယောက်ကို မချစ်ခင်ဘာတွေ စဉ်းစားသင့်သလဲ။

မိန်းကလေးမှရယ်၊ ယောကျ်ားလေးမှရယ် လို့မဟုတ်ပါဘူး။ လူတစ်ယောက်ကိုချစ်မိတော့မယ်ဆိုရင် နှလုံးသားနဲ့အရင်ဆုံးဖြတ်တာမှန်ပေမယ့် ဦးနှောက်နဲ့လည်း တွေးဖို့လိုအပ်ပါသေးတယ်။ အဲဒါမှသာ ကိုယ့်အတွက်တကယ်ချစ်သင့်တဲ့လူ၊ တကယ်လက်တွဲနိုင်တဲ့သူဖြစ်နိုင်မှာပါ။ ကိုယ်နဲ့အဆင်မပြေနိုင်တဲ့သူမျိုးကို ချစ်မိသွားလဲကိစ္စမရှိပါဘူး…..ပြတ်လိုက်ရုံပဲဆိုပေမယ့် နှလုံးသားနဲ့ရင်းပြီး ခံစားထားရတဲ့အခါ ခံစားချက်တွေကတော့ ကောင်းနိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် တခြားသော ဘေးထွက်ဆိုးကျိုးတွေဖြစ်မလာရအောင် လူတစ်ယောက်ကိုမချစ်ခင် စဉ်းစားသင့်တာလေးတွေတော့ ထည့်စဉ်းစားသင့်ပါတယ်။ အဲဒီလို ထည့်စဉ်းစားစရာလေးတွေစဉ်းစားလို့မှ မဖြစ်နိုင်ဘူးထင်ရင် အများကြီး မနစ်နာခင် နောက်ဆုတ်လို့ရနိုင်တာပေါ့။


၁) ချစ်တာလား၊ ကြိုက်တာလား
ဒီနှစ်ခုက ခပ်ဆင်ဆင်တူတတ်ပေမယ့် တကယ်တော့မတူပါဘူး။ လူတစ်ယောက်ကို မြင်လိုက်တာနဲ့ လူတိုင်းနီးပါး စိတ်ဝင်စားနိုင်တဲ့ ကိုယ်ကျင့်သိက္ခာ၊ အကျင့်ကောင်း၊ ရုပ်ရည်ချောမောပြေပြစ်ခြင်း၊ ပညာတတ်ဥစ္စာပေါဖြစ်ဖြစ် လူတစ်ယောက်ကို ကြည့်လိုက်တာနဲ့တင် တန်းပြီး သဘောကျသွားနိုင်တဲ့အရည်အချင်းတွေနဲ့ရှိနေတယ်ဆိုရင် အဲဒီ့လူကို ကြိုက်တာ၊ သဘောကျတာဖြစ်နိုင်ပါတယ်။ ဥပမာ။ ကိုရီယားမင်းသား ဒါမှမဟုတ် မင်းသမီးတစ်ယောက်ကို မြင်လိုက်သလိုမျိုးပေါ့။
ချစ်တာနဲ့မတူပါဘူး။ ချစ်တာက ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့အခြေအနေအားလုံးကိုအမှန်အတိုင်းလက်ခံနိုင်ပါတယ်။ ဥပမာ။ ကိုယ်ချစ်တဲ့လူက စွဲမက်စရာရုပ်ရည်မရှိဘူး၊ ရုပ်ဆိုးဆိုးဖြစ်နေပါစေ လက်ခံနိုင်တာမျိုး၊ အခြေအနေနိမ့်ကျဆင်းရဲပါစေလက်ခံနိုင်တာမျိုး၊ သူဆီက ရယူလိုမှုတစုံတရာမပါတာမျိုးပါ။ အဲဒါကြောင့်သာ အသက်အရွယ်ကြီးရင့်လာလို့ အိုမင်းမစွမ်းတဲ့အချိန်ထိ သူ့ရဲ့ရစ်သမျှ၊ ပြဿနာရှာသမျှခံရင်း အသက်ကြီးတဲ့အထိ လက်တွဲမြဲသွားတဲ့စုံတွဲတွေဖြစ်နေတာမျိုးပါ။ ကိုယ့်ရဲ့လစ်ဟာနေတဲ့ကွက်လပ်ကို သူကဖြည့်ပေးသလို၊ သူ့ရဲ့လစ်ဟာနေတဲ့ကွက်လပ်ကိုလည်း ကိုယ်ကဖြည့်ဆည်းပေးနေချင်တာမျိုးပါပဲ။
အဲဒီ့အတွက် လူတစ်ယောက်ကိုချစ်မိတော့မယ်လို့ ဆုံးဖြတ်မယ့်အခါ သူကလွဲပြီး သူ့ထက်အရည်အချင်း၊ စည်းစိမ်ဥစ္စာ၊ ပညာဂုဏ်ဒြပ်၊ ရုပ်ရည် အစစ သာတဲ့လူတစ်ယောက်ကို တွေ့လာခဲ့ရင်ရော လက်ရှိချစ်မယ့်သူကို ထားခဲ့မှာလား….ဆိုတဲ့အတွေးမျိုးကို ကိုယ့်ကိုယ်ကိုယ်အရင်ဆုံးမေးကြည့်ဖို့လိုပါတယ်။

၂) type ခြင်းတူရဲ့လား။
ဒါကလည်း မမေးမဖြစ်ပါဘူး။ ချစ်ခြင်းအစမျက်စိကလို့ဆိုကြသလို တချို့ကျတော့လည်း တဖြည်းဖြည်းရင်းနှီးကျွမ်းဝင်လာတာကနေမှတဆင့် တဖက်လူရဲ့စိတ်ထား၊ အရည်အချင်း၊ အကျင့်စရိုက်ကိုလက်ခံအထင်ကြီးလာရင်းမှ ချစ်မိဖို့ဆုံးဖြတ်တာမျိုးလည်းရှိကြပါတယ်။ ရေရှည်အပေါင်းအသင်းအဖြစ်လက်တွဲရင်း သူ့အကြောင်းသိကိုယ့်အကြောင်းသိသူတွေအနေနဲ့ သူနဲ့ကိုယ့်ရဲ့ type ချင်းတူမတူဆိုတာ တီးခေါက်မိမှာပါ။ အဲဒီလိုမဟုတ်ဘဲ ချစ်ခြင်းအစမျက်စိကလို့လက်ခံပြီး ချစ်မိဖို့ဆုံးဖြတ်သူတွေကတော့ ဒီအချက်ကိုထည့်စဉ်းစားရပါလိမ့်မယ်။ type ချင်းမတူတဲ့အခါ အချိန်ကြာလာတာနဲ့အမျှ မတူတာတွေကို လက်ခံပေးနိုင်ရင် ကောင်းရဲ့၊ လုံးဝလက်မခံနိုင်တဲ့အရာတွေကျတော့ အဆင်မပြေနိုင်တော့တာမျိုးဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် သူ့ရဲ့ပုံစံက ပွင့်လင်းတဲ့လူပုံစံလား၊ မြုံစိစိလား၊ social ကျတဲ့လူလားဆိုတာမျိုး ထည့်စဉ်းစားသင့်ပါတယ်။

၃) အကျင့်စရိုက်နဲ့ ကိုယ်ကျင့်သိက္ခာ ကောင်းရဲ့လား။
အထက်ကလို သူtype နဲ့ ကိုယ်ဖြစ်ပါ့မလားဆိုတာမျိုးအဆင်ပြေပြန်ရင် သူက အကျင့်စရိုက်နဲ့ ကိုယ်ကျင့်သိက္ခာကောင်းတဲ့လူဖြစ်ဖို့လည်းလိုပါသေးတယ်။ သင်နဲ့သူ type ချင်းတူပေမယ့် သူက အကျင့်သိက္ခာမကောင်းတဲ့သူဖြစ်နေမယ်ဆိုရင် သင့်ကိုဟန်ဆောင်နေတာမျိုးဖြစ်နိုင်ပြီး သင့်နောက်ကွယ်မှာ လုပ်ချင်တာလုပ်နေတဲ့လူမျိုးဖြစ်နေမှာလည်း သင်သံသယများနေရပါလိမ့်မယ်။ အဲဒါကြောင့် အရေးကြီးတဲ့ အကျင့်စရိုက်နဲ့ ကိုယ်ကျင့်သိက္ခာကိုမေ့ထားလို့မဖြစ်ပြန်ပါဘူး။

၄) မျှတစွာတွေးခေါ်တတ်သူဖြစ်ရဲ့လား
သူ့ဘက်ကိုယ့်ဘက်မျှတစွာတွေးတောစဉ်းစားပေးတတ်မျှ နှစ်ဦးနှစ်ဖက်အဆင်ပြေစေမှာပါ။ မဟုတ်ရင် အချိန်ကြာလေ အာရုံနောက်ရလေလေဖြစ်နိုင်ပါတယ်။ ကိုယ့်အတွက်သာမက ကိုယ်နဲ့ပတ်သက်တဲ့အပေါင်းအသင်း၊ မိသားစုအသိုင်းအဝိုင်းတွေနဲ့လည်း အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ဘာမဟုတ်တာလေးနဲ့ ကပ်တွက်နေတာမျိုးက သင့်အတွက်အဆင်ပြေစေမှာမဟုတ်ပါဘူးနော်။ အဲဒီ့လိုလူမျိုးကို မရင့်ကျက်သူလို့လည်း သတ်မှတ်နိုင်ပါတယ်။ မရင့်ကျက်တဲ့သူက ဘာမဟုတ်တာလေးနဲ့စိတ်ဆိုးစိတ်ကောက်၊ နားလည်မှုမရှိဖြစ်တတ်တာမို့ သင့်အတွက်အာရုံနောက်နိုင်ပါတယ်။

၅) မိဘအသိုင်းအဝိုင်းကိုလက်ခံနိုင်ရဲ့လား။
ဒါကတော့ နောက်ဆုံးအဆင့်သတ်မှတ်ထားတာက သင်တို့ချစ်သူအဖြစ်လက်တွဲမိလို့ တနေ့လက်ထပ်ဖြစ်ခဲ့မယ်ဆိုရင် မတွေးမဖြစ်ထည့်တွေးရမှာဖြစ်ပါတယ်။ ချစ်သူဘဝပဲမို့ ဒီအချက်ကိုထည့်မစဉ်းစားသေးဘူးလို့တွေးလို့မရပါဘူး။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့်ဖြစ်ဖြစ်၊ မျက်နှာမများချင်တာပဲဖြစ်ဖြစ်၊ တကယ်ကြီးသံယောဇဉ်ရှိသွားလို့ ၊ အချိန်တစ်ခုရအောင် ချစ်သူအဖြစ်လက်တွဲခဲ့တဲ့သူကို ခပ်လွယ်လွယ်ဖြတ်ပြီ ခပ်လွယ်လွယ်မေ့ပစ်လို့ရနိုင်မှာမဟုတ်ပါဘူး၊အဲဒီ့အခါ သူကိုပဲလက်ထပ်တော့မယ်လို့ ဆုံးဖြတ်မယ်ဆိုရင် ဒီအချက်ကိုစဉ်းစားပြီးမှရွေးချယ်ထားတာဖြစ်တဲ့အတွက် သင်တို့နှစ်ဖက်မိသားစုကြားမှာလည်း နားလည်မှုရနိုင်ပါတယ်။
သင်မြင်နေရတဲ့ချစ်သူက သင့်အတွက် အကုန်လုံး စံပြအဖြစ်အဆင်ပြေနေပေမယ့် သူ့မိသားစုကရော ဘယ်လိုပုံစံမျိုးရှိမလဲ။ ယောကျ်ားလေးဆိုရင်လည်း သူ့ရဲ့မိဘက ဘယ်လိုမျိုး သွန်သင်ဆုံးမထားသလဲ၊ သူ့မိဘတွေရဲ့အကျင့်စရိုက်ကဘယ်လိုရှိသလဲ၊ မိန်းကလေးဆိုရင်လည်း မိဘတွေက ဘယ်လိုမျိုးထိန်းကျောင်းသလဲဆိုတာတွေက ထည့်တွေးရမှာဖြစ်ပါတယ်။ အဲဒါမှသာ လက်ထပ်ပြီး အမျိုးသမီးကို လက်ပါတတ်တဲ့အိမ်ထောင်ဦးစီးမျိုးလား၊ သူတို့မိသားစုထဲမှာကိုက ဆိုးလွန်းလို့ထိန်းမနိုင်သိမ်းမနိုင်ဖြစ်နေတဲ့လူမျိုးလား၊ သူ့မိဘရဲ့စိတ်နေစိတ်ထားကရောဘယ်လိုရှိသလဲဆိုတာတွေပါ ထည့်စဉ်းစားသင့်ပါတယ်။
အထက်ကအချက်တွေနဲ့ အကြမ်းဖြင့်စဉ်းစားကြည့်လို့မှ အဆင်မပြေဘူးထင်ရတဲ့လူမျိုးကို ချစ်သူအဖြစ် မရွေးတာ၊ လက်မခံတာအကောင်းဆုံးပါပဲ။ “ဒါတွေက အိမ်ထောင်ဖက်အဖြစ်လက်ထပ်မှစဉ်းစားရမှာပဲ….ခုက ချစ်သူဘဝပဲရှိသေးတာမို့ အဆင်မပြေရင် အဆက်ဖြတ်လိုက်မှာပဲ” လို့တွေးလို့ရပေမယ့် အဆင်မပြေလို့ ချစ်သူအဖြစ်ကအဆက်ဖြတ်လိုက်မယ်ဆိုရင်လည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအရ တခုခုတော့အနည်းနဲ့အများခံစားရမှာပါ ။ အဲဒါကြောင့် ကြုံဖူးမှသိဆိုသလို တကယ်ကြုံဖူးပြီး ကိုယ့်နှလုံးသားတကယ်နာကျင်ခံစားရတော့မှ အဆက်ဖြတ်မှာလား၊ ချစ်သူမဖြစ်ခင်ကတည်းက လက်ထပ်မယ်ဆိုရင်တောင် အဆင်ပြေနိုင်တယ်ဆိုတဲ့လူမျိုးကိုပဲ ရွေးပြီး ချစ်သူအဖြစ်စဉ်းစားတာက ပိုမကောင်းဘူးလား။ ဆိုတဲ့အတွေးမျိုးတွေးနိုင်ဖို့ ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

ဘဝ စာမျက်နှာ

ကြော်ငြာများ

အခြား စိတ်ဝင်စားဖွယ် စာဆောင်များ

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။