လူတိုင်းကျေနပ်ဖို့ကြိုးစားပေးနေရတဲ့အခါ သင့်ကိုယ်သင်ထောင်ချထားတာနဲ့တူပါတယ်။

တခါတလေမှာ ဘာကြောင့်ရယ်မသိဘဲ အခြားသူတွေရဲ့မျက်နှာရိပ်မျက်နှာကဲကို ကြည့်ရင်း နေမိတဲ့အခိုက်အတန့်မျိုးရှိမှာပါ။ အဲဒီ့ခဏလေးကတောင့် သင့်ကိုမွန်းကြပ်စေတယ်လို့ မထင်ရဘူးလား။ သင့်စိတ်ရှိတဲ့အတိုင်း နေထိုင်ခွင့်မရှိတဲ့ ခဏလေးကတောင် သင့်ကိုမွန်းကြပ်စေတယ်ဆိုရင် အခြားလူတိုင်း ကျေနပ်အောင် လိုက်ပြီး ကြိုးစားနေထိုင်နေရမယ်ဆိုရင် သင့်ကိုယ်သင်တောင် ငြီးငွေ့လာစေပြီး သင့်ကိုယ်သင် ချုပ်နှောင်ထားရသလိုခံစားရမှာအမှန်ပါပဲ။


ကိုယ့်ကိုယ်ကိုယ်သတိမထားမိလိုက်ဘဲ ကိုယ်က အခြားလူတစ်ယောက်ရဲ့ပုံစံခွက်ထဲရောက်နေတယ်လို့ခံစားဖူးမှာပါ။ များသောအားဖြင့်က ပတ်ဝန်းကျင်ကအမြင်တွေ၊ အခြားသူရဲ့အမြင်တွေကို အများကြီး ခေါင်းထဲထည့်တွေးနေမယ်ဆိုရင်ပေါ့။ ဥပမာ။ “ ငါဒီလိုဝတ်စားထားတာ အခြားသူတွေရဲ့အမြင်မှာ အရမ်းရုပ်ဆိုးနေမလားမသိဘူး” “ငါအသားမဲနေတာက အခြားသူတွေအမြင်မှာ အရမ်းဆိုးဝါးတယ်လို့ထင်နေလားမသိဘူး” “ငါ့ဒီလိုနေထိုင်တာ သူက ကြိုက်ပါ့မလားမသိဘူး” “ငါ့ကို စိတ်ဆိုးမလားမသိဘူး” စတဲ့အသေးအဖွဲလေးတွေက စပြီး “ဒီလိုမနေနဲ့ ဒီလိုနေ”ဆိုတဲ့ အခြားသူတစ်ယောက်သတ်မှတ်ပေးတဲ့စံနှုန်းတွေနဲ့နေထိုင်ရတဲ့အခါ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေ တဖြည်းဖြည်းပျောက်ဆုံးလာစေပါတယ်။

တခုခုဆိုရင်လည်း သင့်က အခြားသူရဲံအဆင်ပြေဖို့ကို ဦးစားပေးတတ်သူမှန်းသိတဲ့အခါ သင့်ထံကိုသာလာပြီး အကူအညီတောင်းကြပါလိမ့်မယ်၊ မကူညီရဘူးလို့မဆိုလိုပါဘူးနော်။ ဒါပေမယ့် အခါပေါင်းများစွာကူညီနိုင်ဘူး တစ်ခါလောက်မကူညီဖြစ်လိုက်တဲ့အခါ အခြားသူရဲ့ခံစားချက်ကို တွေးပြီး သင့်ကိုယ်သင်အပြစ်မကင်းသလို ခံစားနေစရာမလိုဘူးလို့ဆိုလိုတာဖြစ်ပါတယ်။ လူရဲ့သဘောကိုက ကိုယ်စီအတ္တနည်းအများသာ ကွာခြားပြီး အတ္တသမားကြီးပဲမို့ သင်ကသူတိုအဆင်ပြေဖို့သာ လိုက်တွေးနေလေလေ သင့်ကိုယ်သင်ပျောက်ဆုံးလာပြီး သင့်ကိုသာ ထိခိုက်လာစေနိုင်ပါတယ်။

လူတိုင်းမှာ သူ့အကြောင်းတရားနဲ့သူမို့ ကိုယ်တတ်နိုင်တဲ့အခါ ကူညီလိုက်မယ်၊ ကိုယ့်အတွက် အဆင်မပြေနိုင်တဲ့အခါ မကူညီနိုင်တဲ့အချိန်အခါမျိုးလည်းရှိမှာပါပဲ။ အဲဒီ့အခါ အားမနာဘဲ ပွင့်လင်းပြတ်သားစွာ ငြင်းတတ်ဖို့လည်း လိုပါတယ်။ ဒါက သင်အတ္တကြီးတာမဟုတ်ဘဲ သင့်အတွက်အဆင်မပြေတာကို အဆင်မပြေဘူးလို့ ပြောပိုင်ခွင့်ရှိပါတယ်။
အဲဒီလိုမဟုတ်ဘဲ အားနာတဲ့စိတ်နဲ့ ကိုယ့်ရဲ့ကိစ္စတွေပါ ဖျက်၊ ကိုယ့်ရဲ့အချိန်တွေပါအကုန်ခံပြီး ကူညီပေးလိုက်ပြီး ကိုယ်အဆင်မပြေဖြစ်သွားရမယ်ဆိုရင်လည်း ကိုယ့်အတွက်မကောင်းပါဘူး။

အခြားလူတွေရဲ့ကျေနပ်မှုကို ရဖို့သာ လိုက်ကြိုးစားနေရင်း ကိုယ်လုပ်စရာရှိတာတွေလုပ်ဖို့ အချိန်တွေအလကားကုန်ဆုံးသွားနိုင်ပါတယ်။ လူအားလုံးဟာလည်း သင့်ကို နှစ်သက်ချင်မှ နှစ်သက်မှာပါ။ သင်ကလည်း လူအားလုံးကိုနှစ်သက်ချင်မှနှစ်သက်မှာပါ။ အဲဒါက ပုံမှန်ဖြစ်ရိုးဖြစ်စဥ်ပါပဲ။ လူတိုင်းကျေနပ်အောင် ကြိုးစားလို့ကတော့ ဘယ်တော့မှပြီးဆုံးနိုင်မှာမဟုတ်ဘဲ သင်လုပ်စရာရှိတာတွေတောင် လုပ်နိုင်တော့မှာမဟုတ်ဘူးလေ။ အဓိကက ဖြစ်သင့်ဖြစ်ထိုက်တာ၊ လုပ်သင့်လုပ်ထိုက်တာဆိုရင် ပြောသင့်တာပြောမယ်၊ ပြတ်သားစွာ ငြင်းဆန်သင့်တာငြင်းဆန်မယ်။ ကိုယ့်ကြောင့် ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကအခြားလူတွေမထိခိုက်ရင် ရပါပြီ။
လူတိုင်းကျေနပ်အောင် အချိန်တိုင်းလိုက်ကြိုးစားရင်း သင့်ကိုယ်သင် ပျောက်ဆုံးမသွားဖို့ အရေးကြီးတာပါ။
အဲဒီ့အတွက် ကိုယ့်ကြောင့်အခြားသူကို တမင်ထိခိုက်အောင် မလုပ်ရုံနဲ့တင် ရပါပြီ။ ကိုယ့်ကြောင့် ကိုယ်ကိုယ်တိုင်နဲ့ အခြားသူ ဒုက္ခမရောက်ရင် ရပါပြီ။ အခြားသူတွေ သင့်ကိုကျေနပ်ဖို့ပဲ အသက်ရှင်နေထိုင်နေမယ်ဆိုရင်တော့ သင့်ဘဝကြီးတစ်ခုလုံးက သူတို့ချုပ်ကိုင်မှု၊ လွှမ်းမိုးမှုအောက်မှာတင် ထောင်ကျသလိုဖြစ်နေပါလိမ့်မယ်။

“I can’t tell you the key to success, but the key to failure is trying to please everyone.” – Ed Sheeran
‌ပြောသလို သင်အောင်မြင်စေမယ့် သော့ချက်ကိုတော့ ကိုယ်မပြောပြနိုင်ပေမယ့် ကျရှုံးတဲ့အဓိက အကြောင်းရင်းကတော့ အခြားသူတွေကျေနပ်မှုကိုရအောင် လိုက်ကြိုးစားနေခြင်းပါပဲတဲ့။ အဲဒါကြောင့် သင်ဖြစ်ချင်တာတွေ၊ သင်ရည်ရွယ်ထားတာတွေလုပ်ဖို့လည်း အချိန်ပေးပါ။ ဒါက တရားပါတယ်။ အခြားသူတွေအတါက်နဲ့ချည်း အချိန်မကုန်ပါစေနဲ့လို့ တိုက်တွန်းဖော်ပြလိုက်ပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။