လူတိုင်းကို သင့်ရဲ့အစစ်အမှန်ကိုသာ ချပြခြင်းဟာ သင့်ထံကိုလည်း အစစ်အမှန်တွေသာ ရောက်လာစေပါတယ်။

ဒီစကားကို သေချာစဉ်းစားကြည့်မယ်ဆိုရင် အင်မတန်အဓိပါ္ပယ်ရှိပါတယ်။ တနည်းအားဖြင့် သင့်ရဲ့ဖြစ်တည်မှုကို အရိုးသားဆုံးပြသခြင်းဟာ သင့်ကိုတကယ်လက်ခံနိုင်တဲ့လူတွေသာ သင့်အနားမှာရှိလာစေပါတယ်။ ဒီအကြောင်းအရာဟာ အိမ်ထောင်ရေးမှာရော၊ လူမှုဆက်ဆံရေးမှာရော အရမ်းကို ထည့်စဉ်းစားသင့်တဲ့အရာဖြစ်ပါတယ်။ လူတစ်ယောက်ကို အထင်ကြီးစေချင်တာနဲ့ပဲ သင့်မှာတကယ်မရှိတာတွေကို ဟန်ဆောင်ပန်ဆောင် ချပြလိုက်ခြင်းဖြင့် တဒင်္ဂတော့ အထင်ကြီးပြီး သင့်ကိုပတ်သက်ချင်ပတ်သက်ပါလိမ့်မယ်။


ဒါပေမယ့် တကယ်တမ်း သင့်ရဲ့တကယ့်ဘဝအမှန်ကို မြင်တဲ့အခါမှာတော့ သင့်ရဲ့ဟန်ဆောင်မှုကိုသာမြင်ပြီး အထင်ကြီးခဲ့သူတွေဟာ သင့်အနားမှာ ရေရှည်နေနိုင်မှာမဟုတ်ပါဘူး။ ဥပမာ။ သင်က တကယ့်အိမ်တွေ၊ ခြံတွေ၊ ကားတွေ ပိုင်ဆိုင်မှုတွေမရှိဘဲ သင့်နဲ့ပတ်သက်နေတဲ့လူတွေကို အထင်ကြီးစေချင်တာနဲ့ပဲ သင်ကလိမ်ညာပြောဆိုပြီး ဟန်ဆောင်ထားမယ်ဆိုရင် ထိုလူတွေက သင့်ရဲ့ပိုင်ဆိုင်မှုကို အစစ်အမှန်ထင်လို့သာ သင့်အနားမှာနေချင်နေမှာပါ။ တကယ်တမ်း သင့်ရဲ့ပိုင်ဆိုင်မှုတွေမဟုတ်ဘူးဆိုတာသိလာတဲ့အခါ သင့်ကိုစွန့်ခွာသွားမှာပါပဲ။
ယုတ်စွအဆုံး သင့်ကို လူတွေအထင်ကြီးစေချင်တာနဲ့ပဲ သင်တကယ်မတတ်ကျွမ်းတာကို တတ်ကျွမ်းသယောင် လေကြီးလေကျယ်နဲ့ပြောချင်ပြောလို့ရပါလိမ့်မယ်။ တကယ်တမ်း အရည်အချင်းကိုချပြတဲ့အခါမှာတော့ သင်တကယ်မလုပ်ပြနိုင်ရင် သင့်ကို လူတိုင်းက အထင်သေးကြမှာပါပဲ။ ပြောချုင်တာက သင့်ရဲ့ဟန်ဆောင်မှုတွေကြောင့်ပဲ သင့်ကိုလူတွေအထင်သေးသွားကြမှာဖြစ်ပါတယ်။ တနည်းအားဖြင့်ဆိုရင်တော့ ဟန်ဆောင်တတ်ခြင်း၊ တကယ်လက်တွေ့မှာအဖြစ်မရှိဘဲ ကြီးကြီးကျယ်ကျယ်ပြောတတ်ခြင်းတွေပေါ့။

ချစ်သူရည်းစားဘဝမှာဆိုရင်လည်း အလားတူပါပဲ ။ ခဏတဖြုတ်သာတွေ့ရတာမို့ လူတစ်ယောက်အကြောင်းကို သေချာမသိနိုင်တာမို့ ရှေးခေတ်လူကြီးတွေက ၃နှစ် ၃မိုး လေ့လာပြီးမှ လက်ထပ်ကြပါလို့ တိုက်တွန်းရခြင်းဖြစ်ပါတယ်။ ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်းမကြွယ်နဲ့ ဆိုသလိုပေါ့။ ရှေးခေတ်အယူအဆအချို့မှာလည်း လိုက်နာသင့်တာလိုက်နာသင့်သလို၊ ချင့်ချိန်သင့်တာလည်း ချင့်ချိန်ရမှာပါ။ အဲဒီ့ထဲမှာမှ ၃နှစ်၃မိုးလေ့လာခြင်းကတော့ သေချာသုံးသပ်ကြည့်သင့်ပါတယ်။ တစ်ယောက်အကြောင်းတစ်ယောက်သေချာမသိနိုင်ခင်မှာပဲ ကိုယ်အပေါ်ယံမြင်ရတဲ့ဘဝကို အထင်ကြီးအားကျပြီး ဘဝကိုပုံအပ်လိုက်တဲ့အခါမှာ မဖြစ်သင့်တာတွေဖြစ်လာနိုင်ပါတယ်။ ချစ်သူနဲ့တွေ့ချိန်မှာတော့ လှပသပ်ရပ်စွာပြင်ဆင်လာတဲ့မိန်းကလေးဟာ အိမ်မှာ အိမ်မှုကိစ္စနိုင်နင်းရဲ့လား၊ တကယ်တော့ မိန်းမပီသရဲ့လား၊ ယောကျ်ားလေးဟာဆိုရင်လည်း တကယ်ရော မိသားစုကိုဦးဆောင်နိုင်သူဖြစ်ရဲ့လား၊ တာဝန်ယူချင်စိတ်ရှိရဲ့လား စသဖြင့် သုံးသပ်နိုင်အောင် အချိန်ယူပြီးမှ စဉ်းစားဆုံးဖြတ်ခိုင်းတာပေါ့။ ဆယ်ကျော်သက်အရွယ်က ဖတ်ခဲ့ဖူးတဲ့ဝတ္ထုတစ်ပုဒ်ရှိပါတယ်။ ဝတ္ထုခေါင်းစဉ်နဲ့စာရေးသူကတော့ မမှတ်မိတော့ပါဘူး။ သူဌေးအိမ်မှာ အိမ်ဖော်လုပ်တဲ့မိန်းကလေးဟာ သူဌေးမဟန်ဆောင်တယ်၊ သင်္ကြန်မှာ သူဌေးမရဲ့အဝတ်အစားအဆောင်အယောင်တွေနဲ့ သူဌေးမဟန်ဆောင်ရာကနေ ကျိကျိတက်ချမ်းသာတဲ့သူဌေးကတွေ့ပြီး ချစ်ကြိုက်ကြတယ်ပေါ့။ ထိုသူဌေးကိုယ်တိုင်ကလည်း သူဌေးဟန်ဆောင်ထားတဲ့ သူဌေးအိမ်က ကားသမားဖြစ်နေပါတယ်ပေါ့။ စာဆိုတာဖတ်သမျှ ယူတတ်ရင် သင်ခန်းစာနဲ့အသိအမြင်ရစေပါတယ်နော်။ အပျော်ဖတ်စာကနေလည်း ယူတတ်ရင် မတူတဲ့ရှု့ထောင့်ကနေ တခုခုရနိုင်ပါတယ်၊ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့စာတွေထဲကနေလည်း ကိုယ်မမြင်လိုက်တာလေးတွေသိလာမြင်လာနိုင်ပါတယ်နော်။
အဲဒီ့ဝတ္ထုလေးက ပေါ့ပေါ့ပါးပါးလူငယ်ကြိုက်လေးဆိုပေမယ့် ဟန်ဆောင်တတ်သူဟာ ဟန်ဆောင်တတ်တဲ့လူမျိုးနဲ့သာတွေ့တတ်တယ်ဆိုတာကို ပြောသွားတာဖြစ်ပါတယ်။ တကယ်လည်း လက်တွေ့ဘဝမှာ ဟန်ဆောင်တတ်တဲ့သူဟာ ဟန်ဆောင်နေတဲ့သူကိုသာ အထင်ကြီးနေတတ်ပါတယ်။ လူအများကြားမှာ တမင်ကို သိသာအောင်ထင်ပေါ်အောင် နေထိုင်ပြုမူတတ်သူမျိုး၊ လူအထင်ကြီးအောင် ပြောတတ်သူမျိုးစတဲ့လူတွေကိုသာ သူတို့မျက်လုံးထဲတန်းမြင်ပြီး ထိုလူမျိုးကိုသာ ပတ်သက်ချင်တတ်ကြပါတယ်။ သူတို့ရဲ့အဲဒီ့စိတ်ကြောင့်ပဲ သူတို့လို ဟန်ဆောင်တတ်တဲ့သူနဲ့သာ တွေ့ကြုံတတ်ကြပါတယ်။ အမှန်အတိုင်းချပြတဲ့သူတွေကျတော့ ထိုကဲ့သို့ ဟန်ဆောင်တတ်သူရဲ့မျက်လုံးထဲမှာ အထင်ကြီးစရာကောင်းမနေတာကြောင့်ပါ။

အိမ်ထောင်ရေးမှမဟုတ်ပါဘူး၊ လူမှုဆက်ဆံရေးမှာလည်း ထိုနည်းတူပါပဲ။ ဟန်တခွဲသားနဲ့ လူအထင်ကြီးအောင်နေတတ်တဲ့သူမျိုးဟာ အပေါ်ယံတွေသာ ကြည့်ပြီးအထင်ကြီးတတ်တဲ့သူမျိုးနဲ့သာ တွေ့တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီလို ဟန်ဆောင်ပန်ဆောင်ဆက်ဆံတတ်သူမျိုးတွေဟာ တကယ်တမ်းအခက်အခဲနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ ကူညီမယ့်သူကင်းမဲ့သွားတတ်ကြပါတယ်။ သူတို့ကိုယ်တိုင်က ဟန်ဆောင်ထားတာဖြစ်တဲ့အတွက်ကြောင့်ကို သူတို့ရဲ့အခက်အခဲအစစ်အမှန်ကိုလည်း ချမပြရဲတဲ့အတွက် ကူညီဖို့ရာဘယ်သူမှမရှိတော့သလို၊ သူ့ပတ်ဝန်းကျင်ကလူတွေမှာလည်း ဘယ်သူ့ကိုယုံကြည်လို့ယုံကြည်သင့်မှန်းတောင်မသိနိုင်တော့ပါဘူး။ အဲဒါအပြင် သင့်ရဲ့ဟန်ဆောင်မှုတွေကပဲ သင့်ကိုပြန်ပြီး ပျောက်ဆုံးလာစေပါတယ်။ အရိုးရှင်းဆုံးဥပမာတစ်ခုပြရမယ်ဆိုရင် ထမင်းဝိုင်းတစ်ခုမှာ သင်မကြိုက်တဲ့ဟင်းကို သင်ကြိုက်ဟန်ဆောင်လိုက်မယ်ဆိုရင် ထိုဟင်းပွဲကို သင်ကြိုက်တယ်လို့သတ်မှတ်ပြီး သင့်ကိုထိုဟင်းပွဲထည့်ကျွေးတဲ့အခါ သင်မစားချင်စားချင် စားလိုက်ရမှာပါပဲ။ အဲဒီ့သဘောပါပဲ။ သင်ဟန်ဆောင်လိုက်ခြင်းက အချိန်တန် သင့်ကိုပဲ ဒဏ်ခတ်မှာဖြစ်ပါတယ်။ ပွင့်လင်းစွာနဲ့ အမှန်အတိုင်းပြောဆိုတတ်တဲ့လူရဲ့စကားက နားခါးချင်စရာကောင်းရင်ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် ပြောပြီးတာနဲ့ သူ့အတွက်လည်းပေါ့ပါးစေသလို၊ တဖက်လူအတွက်လည်း ရှောင်ကျဉ်သင့်တာ၊ ရှောင်ကျဉ်နိုင်သလို၊ နားလည်သင့်တာ နားလည်သွားပါလိမ့်မယ်။ မြန်မာလူမျိုးအချို့မှာဆိုရင်လည်း (လိမ်ညာတတ်တာလောက်မဆိုးပေမယ့်) အားနာခြင်းကလည်း အလားတူပြဿနာပါပဲ။ အခြားလူကို အားနာပြီး ကိုယ်တကယ်မလုပ်နိုင်တာမျိုး၊ စိတ်မပါတာမျိုး၊ မနှစ်သက်တာမျိုးကို လုပ်ပေးလိုက်တဲ့အခါ အားနာတဲ့သူသာ ပြန်ပြီး နစ်နာသွားတတ်ပါတယ်။ တဖက်လူကတော့ ဘာမှတောင်မသိလိုက်တာမျိုးပေါ့။ အဲဒါကြောင့် ကိုယ့်ရဲ့အစစ်အမှန်၊ ကိုယ်ရဲ့ပင်ကိုယ်မူရင်းကိုသာ ချပြခြင်းဟာ လက်မခံနိုင်တဲ့သူဟာ ကိုယ်နဲ့အဝေးဆုံးကိုထွက်သွားစေပြီး ကိုယ့်ကိုလက်ခံနိုင်သူသာ ကိုယ့်အနားကျန်ခဲ့စေမှာဖြစ်ပါတယ်။

Do they love you or the mask you put on everyday? – Shimika Bowers တခါတလေကျွန်တော်တို့ပြန်စဉ်းစားသင့်တာက Shimika Bowers ပြောသလိုပေါ့ ကျွန်တော်တို့နားကလူတွေက ကျွန်တော်တို့ရဲ့မျက်နှာဖုံးကိုချစ်တာလားဆိုတာပါပဲနော်။ မျက်နှာဖုံးကိုချစ်တဲ့သူတွေဟာ အစစ်အမှန်ကိုမြင်ရတဲ့တစ်နေ့မှာတော့ ကျွန်တော်တို့နားရှိနေနိုင်မှာမဟုတ်ပါဘူး။ "လူတချို့ကိုကိုယ့်အနားနေစေချင်တာနဲ့ပဲ သင့်ရဲ့ပုံစံအစစ်အမှန်ကိုဖုံးကွယ်မထားပါနဲ့။ သင့်ရဲ့ပုံစံအစစ်အမှန်ကို သိလျက်နဲ့တောင် သင့်အနားနေတဲ့သူကိုသာ ရွေးချယ်ပါ။"တဲ့
အဲဒါကြောင့် လူအချို့ကိုကိုယ့်အနားရှိစေချင်တာနဲ့ပဲ ကိုယ့်ရဲ့ပုံစံအစစ်အမှန်ကို ဖုံးကွယ်ပြီး သူတို့အကြိုက်နေထိုင်ရခြင်းဟာ တဖြည်းဖြည်းနဲ့ ကိုယ့်ဟာကိုယ်ပျောက်ဆုံးလာတတ်ပါတယ်။ အခြားဘယ်သူ့ကိုမှ မထိခိုက်ဘူး။ ဒုက္ခမရောက်စေဘူး၊ ကိုယ့်ကိုယ်ကိုယ်လည်း မထိခိုက်စေတဲ့နေထိုင်မှုပုံစံနဲ့ ကိုယ့်ဘဝရဲ့ပုံစံအစစ်အမှန်အတိုင်းသာ ပွင့်လင်းစွာ နေထိုင်ကြည့်ပါ။ ဘဝက ပိုပြီးလွတ်လပ်ပေါ့ပါးလာသလို၊ ပိုပြီးနေချင်စရာလည်းကောင်းလာပါလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ့်ကိုလက်ခံနိုင်တဲ့အစစ်အမှန်တွေသာ ရရှိလာနိုင်ပါတယ်လို့ ဖော်ပြလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။