လူဖြစ်ရကျိုးနပ်ပါစေ။

လူဖြစ်ရကျိုးနပ်တယ်ဆိုတာ….ဘာအဓိပ္ပါယ်လဲ။ ထိုအဓိပ္ပါယ်ကိုရော တွေးကြည့်ဖူးပါသလား။ လူသားအဖြစ် လူတစ်ယောက်ရှင်သန်ရတဲ့ဘဝရဲ့ အဓိပါ္ပယ်ကဘာဖြစ်မလဲဆိုတာ စဉ်းစားစရာပါ။ အချိန်တန် လူသားနှစ်ယောက်အိမ်ထောင်ပြု၊ သားသမီးတွေမွေးဖွား၊ ထိုသားသမီးတွေကနေ နောက်ထပ် မိသားစုတွေဖြစ်လာရုံနဲ့ လူ့ဘဝကြီးက သံသရာလည်နေပြီး ဘဝကအဆုံးသတ်သွားတာ အဓိပါ္ပယ်ရှိရဲ့လား။ တစ်နေ့တာအတွက် စားဝတ်နေရေးအဆင်ပြေအောင် ရှာဖွေရုန်းကန်၊ အချိန်တန် ပြေလည်လိုက်မပြေလည်လိုက်နဲ့ ဘဝက ပြီးသွားရင်ကော အဓိပါ္ပယ်ရှိရဲ့လား။


ကျွန်တော်တို့ဗုဒ္ဓဘာသာမှတော့ ကောင်းတာလုပ်ရင်ကောင်းတာရမယ်ဆိုတဲ့အယူကိုလက်ကိုင်ထားပြီး ဒီဘဝမှာအကောင်းဆုံးဖြစ်အောင်ကျင့်ကြံနေထိုင်ရင် သေဆုံးပြီးဘဝမှာလည်း ကောင်းရာမွန်ရာရောက်မယ်လို့ လက်ခံတတ်ကြပါတယ်။ အခြားသောဘာသာတရားတွေမှာ သက်ဆိုင်ရာအယူအသီးသီးရှိကြမှာပါ။ ဒါပေမယ့် တကယ်တမ်း လက်တွေ့ကျကျစဉ်းစားကြည့်တဲ့အခါ ခုလက်ရှိဘဝမှာ လူသားအဖြစ် ရှင်သန်ရခြင်းထက် ပိုပြီးသေချာတဲ့ဘဝမရှိပါဘူး။ သေဆုံးပြီးတဲ့အခါ လူသားဘဝအဖြစ် ပြန်ရမယ်၊ မရဘူးဆိုတာ ဘယ်သူကမှ တိကျသေချာစွာမပြောနိုင်ပါဘူး။ (ဒီနေရာမှာ ဘယ်ဘာသာမှကောင်းတယ်မကောင်းဘူးမဆိုလိုပါဘူးနော်) အဲဒီ့တော့ ထပ်စဉ်းစားကြည့်မယ်ဆိုရင် ခုလက်ရှိရထားတဲ့လူ့ဘဝအဖြစ် ရှင်သန်မှုကို ဘာအဓိပါ္ပယ်အတွက်ရှင်သန်နေရမှန်းမသိလောက်အောင် အလဟဿကုန်ဆုံးပစ်မလား၊ တစ်ခါဆိုတစ်ခါရှင်သန်ရသလောက် အဓိပါ္ပယ်ပြည့်ဝစွာ ထိရောက်တဲ့အကျိုးရှိအောင် ရှင်သန်မလားဆိုတာပြန်တွေးရပါမယ်။
ဒီနေရာမှာ “ပျော်ပျော်နေသေခဲတယ်…..” ဆိုတဲ့စကားတော့ မယူလွဲမှားစွာသုံးလို့မဖြစ်ပါဘူး။ အရက်သေစာသောက်စားမူးယစ်ပြီး၊ ကိုယ့်အကျိုးရှိရင် အခြားသူဘယ်လိုနစ်နာပါစေ၊ ဂရုမစိုက်ခြင်း၊ ကိုယ်ပျော်တယ်လို့ထင်တဲ့အရာမှန်သမျှကို ထင်တိုင်းကြဲပြီးနေထိုင်တာမျိုး၊ ကိုယ်ပျော်တယ်လို့ထင်တဲ့အရာတွေက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ၊ ကိုယ့်ကိုယ်ကိုယ်ကော၊ ကိုယ့်မိသားစုပတ်ဝန်းကျင်ကော၊ ကိုယ့်လူ့မျိုးကိုရော ထိခိုက်စေနိုင်မယ်ဆိုရင် ပျော်စရာလို့ လက်ခံလို့မရပါဘူး။ တကယ်တော့ တကယ့်ပျော်ရွှင်မှုဆိုတာက စိတ်နှလုံးထဲက တကယ့်အေးချမ်းမှု၊ စိတ်အေးချမ်းသာမှုကို ဆိုလိုချင်တာဖြစ်ပါတယ်။ အဲဒီလို စိတ်ချမ်းသာမှုရှိနေရင် သေဖို့ ခက်တယ်လို့ ပြောချင်တာဖြစ်ပါတယ်။ အဲဒီလို စစ်မှန်တဲ့စိတ်ချမ်းသာခြင်းက အခြားသူတွေအဆင်ပြေစေချင်တဲ့စိတ်၊ အခြားသူတွေပျော်ရွှင်စေချင်တဲ့စိတ် ၊ အခြားသူတွေကြီးပွားတိုးတက်စေချင်တဲ့စိတ်၊ ကိုယ်တိုင်ကောင်းခြင်းအဖြာဖြာနဲ့ တိုးတက်လာသလို၊ အခြားသူတွေကိုလည်း တိုးတက်ကောင်းမွန်စေချင်တဲ့စိတ်နဲ့ ပတ်သက်နေတာပါ။ မယုံရင် လမ်းကူးဖို့ခက်နေတဲ့ မျက်မမြင်တစ်ယောက်ကို ကူညီပြီး လမ်းကူးပေးလိုက်ပါ။ သင်ဘယ်လိုခံစားရမယ်ထင်ပါသလဲ။ အသက်အရွယ်ကြီးတဲ့ဖိုးဖွားတွေကို တတ်နိုင်သလောက်ဖေးမကူညီပေးတဲ့အခါ သင်ဘယ်လိုခံစားရမယ်ထင်ပါတယ်။ ကလေးလေးတွေကို ပျော်ရွှင်အောင် လုပ်ပေးကြည့်လိုက်ပါ။ သင်ဘယ်လိုခံစားရမယ်ထင်ပါသလဲ။

သင့်ရှေ့မှာ အရမ်းဒုက္ခရောက်ခက်ခဲနေတဲ့သူကို သင်တတ်နိုင်သလောက်ကူညီကြည့်လိုက်ပါ။ သင်ဘယ်လိုခံစားရမယ်ထင်ပါသလဲ။ ငွေနဲ့လဲလို့မရတဲ့ ပီတိ၊ အပျော်ကူးစက်ခြင်း၊ သင်ခံစားရမယ်လို့ အသေအချာပြောနိုင်ပါတယ်။ အဲဒါက စိတ်ချမ်းသာခြင်းတစ်မျိုးပါပဲ။ အဲဒီ့စိတ်ချမ်းသာခြင်းထဲမှာ အခြားသူကို ဒုက္ခရောက်စေချင်တဲ့ အပျက်စိတ်မပါပါဘူး။ အဆင်ပြေလိုစိတ်ပဲပါပါတယ်။ ဘာမှပြန်လည်ရယူလိုခြင်းမပါပါဘူး။ ဘယ်လောက်အေးချမ်းမယ်ထင်ပါသလဲ။
အခြားသူအဆင်ပြေသွားတာကို မျှဝေခံစားလိုက်ရတဲ့စိတ်ဟာ အေးချမ်းပီတိဖြစ်ရပါတယ်။ အဲဒီစိတ်လေးအရင်းခံပြီးတစ်ယောက်ကိုတစ်ယောက်ဖေးမကူညီလိုက်ခြင်းဟာ ဘဝကို အကျိုးရှိစွာရှင်သန်ခြင်းတစ်မျိုးပါပဲ။ ကျွန်တော်တို့ State ကျောင်းသားဘဝမှာတုန်းက ကျောင်းတက်ချိန်တိုင်းဆိုရတဲ့ စကားကိုမှတ်မိကြမယ်ထင်ပါတယ်။ “မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်” ဆိုတဲ့စကားက အလကားမဟုတ်ပါဘူးနော်။ ကိုယ့်ကိုယ်ကိုယ်အကောင်းဆုံးဖြစ်အောင်ကြိုးစားတဲ့နေရာမှာ ကိုယ့်ကျင့်တရားကောင်းအောင်၊ လူကောင်းတစ်ယောက်အဖြစ်နေထိုင်ကျင့်ကြံဖို့နဲ့ ကိုယ်တိုင်ကောင်းမွန်တဲ့အဆင့်နေရာတစ်ခုရအောင်ကြိုးစားဖို့ နှစ်မျိုးလုံးကိုပြောချင်တာဖြစ်ပါတယ်။ ကိုယ့်ကိုယ့်ကိုယ်ကောင်းအောင်ကြိုးစားနိုင်တဲ့လူကောင်းတစ်ယောက်ဟာ သူ့သားသမီးတွေကိုလည်း လူကောင်းသူကောင်းဖြစ်အောင် အကောင်းဆုံးပြုစုပျိုးထောင်နိုင်မယ်၊ သူ့မိသားစုအတွက် ဦးစီးဦးဆောင်နိုင်သလို၊ သူ့ပတ်ဝန်းကျင်၊ သူ့ရပ်ရွာအကျိုးကိုပါ ကောင်းအောင်ကြိုးစားနိုင်လာပါလိမ့်မယ်။ အဲဒီလိုလူမျိုးကို လူကောင်းလူတော်လို့ခေါ်ပါတယ်။ အဲဒီလိုလူမျိုးကသာ လူဖြစ်ရတဲ့တစ်ဘ၀ ၊ တခဏကို အကောင်းဆုံးအသုံးချနိုင်တဲ့လူလို့ခေါ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဘာကြောင့်လူတွေ ဒီနေ့ထိ တလေးတစားဖြစ်နေကြပါသလဲ။ မာသာထရီဇာကိုလူတွေဘာကြောင့် ခုထိလေးစားနေတုန်းလဲ၊ ဂန္ဓီကိုလူတွေဘာကြောင့် ခုထိလူတွေမှတ်မိနေသေးတာလဲ။ လူ့ဘဝကိုအကျိုးရှိရှိအသုံးချဖို့အတွက် ငွေတွေ၊ စည်းစိမ်တွေ၊ ရာထူးတွေ၊ အာဏာတွေ အများကြီးမလိုအပ်ပါဘူး။ ဘဝကို အကျိုးရှိအောင်ရှင်သန်ရမယ်ဆိုတဲ့စိတ်ဓာတ်လေးတစ်ခုပဲလိုပါတယ်။

လူဖြစ်ရကျိုးနပ်အောင်နေထိုင်ဖို့ အသိစိတ်ဓာတ်လေးပဲ လိုတာပါ။ မာသာထရီဇာပြောထားတဲ့စကားလိုပေါ့….ကြီးမားတဲ့အရာတွေကို ကျွန်တော်တို့မလုပ်နိုင်ပေမယ့် သေးငယ်တဲ့ကိစ္စလေးတွေကိုတော့ ကြီးမားတဲ့မေတ္တာနဲ့ပြုလုပ်နိုင်ပါတယ်တဲ့။ အဲဒီ့တော့ ဘယ်လောက်ကြီးမားလွန်းလို့ …မလုပ်နိုင်ဘူး၊ လူ့ဘဝမှာ အကျိုးရှိစွာနေထိုင်နိုင်ဖို့သူများတွေကိုမျှဝေဖို့က ကိုယ်တိုင်တောင် မကြီးပွားမချမ်းသာသေးဘူးလို့ တွေးနေမယ့်အစား လုပ်နိုင်တာလေးတွေကို လုပ်ပါ။ လုပ်နိုင်တဲ့အရာ ဘယ်လောက်သေးဖွဲပါစေ ကြီးမားတဲ့မေတ္တာ၊ စေတနာနဲ့လုပ်ပေးလိုက်ပါ။ အဲဒါက နောက်ဘဝမှာဘာဖြစ်မယ်၊ မဖြစ်ဘူးဆိုတာထက် ပိုပြီး တန်ဖိုးရှိစွာဘဝကို ရှင်သန်ခြင်းဖြစ်ပါတယ်။ တနည်းအားဖြင့် လူဖြစ်ရကျိုးနပ်စွာရှင်သန်ခြင်းပါပဲ။ လူဖြစ်ရကျိုးနပ်စွာရှင်သန်ဖို့က လူကိုလူချင်းစာနာစိတ်ထား မြင်တတ်ဖို့၊ အပြန်အလှန်ကူညီဖေးမတတ်ဖို့၊ ဘဝမှာ ကောင်းမွန်စွာရှင်သန်ဖို့ပါပဲလို့ တိုက်တွန်းလိုက်ရပါတယ်။

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။