လူငယ်နဲ့လူကြီးကြားက အမြင်မတူတဲ့ဆက်ဆံရေးကို ဘယ်လိုကောင်းမွန်အောင်တည်ဆောက်မလဲ

လူငယ်တွေနဲ့ လူကြီးတွေရဲ့ကြားက ဆက်ဆံရေးက အမြဲအဆင်မပြေတတ်ကြတာကို သင်ကိုယ်တိုင်လည်း ကြုံဖူးမှာပါ။ အက်မင်တို့ကိုယ်တိုင်လည်း ကြုံဖူးပါတယ်၊ ငယ်ငယ်က လူလတ်ပိုင်းတွေရဲ့အတွေးနဲ့ အကြိုက်တွေက တစ်မျိုးဖြစ်ပြီး လူကြီးပိုင်းရောက်လာတဲ့အခါ လူငယ်ပိုင်းကြိုက်တဲ့အကြိုက်တွေနဲ့ အတွေးတွေကို မြင်တဲ့အမြင်က ပြောင်းလဲသွားပါတယ်။ မယုံရင် သင့်ကိုသင်ပြန်မေးကြည့်ပါနော်။ သင့်အသက်၅နှစ်လောက်က ကြိုက်တဲ့အကြိုက်တစ်ချို့က ခုချိန်မှာ ပြောင်းလဲသွားမှာအသေအချာပါပဲ။(အကုန်လုံးမဟုတ်ရင်တောင် တစ်ချို့ပေါ့) အဲလိုပါပဲ…..သင်ဆယ်ကျော်သက်အရွယ်တုန်းက ကြိုက်ခဲ့တဲ့အကြိုက်တစ်ချို့က သင်အသက်ကြီးပိုင်းရောက်တဲ့အခါ သင်ကြိုက်ချင်မှကြိုက်တော့မှာပါ။ အဲဒါက လူငယ်နဲ့လူကြီးကြားက ခြားနားချက်ပါပဲ။ အဲဒီ့ခြားနားချက်ကို နားလည်မှုနဲ့ပဲ ဖြေရှင်းနိုင်ပါတယ်။


၁) မတူကွဲပြားခြားနားမှုကို လက်ခံပါ
သင်က လူငယ်ပဲဖြစ်နေပါစေ၊ လူကြီးပဲဖြစ်နေပါစေ။ မတူကွဲပြားတာကို လက်ခံပေးဖို့ပဲလိုပါတယ်။ လူချင်းတောင် တူတဲ့သူရှိသလို၊ မတူတဲ့သူတွေမှအများကြီးပဲလေ။ အတွေးချင်း၊ အကြိုက်ချင်းမတူတာ အဆန်းမဟုတ်ပါဘူး။ မတူကွဲပြားတာက အားလုံးရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ပါပဲ။ သင်က လက်ခံပေးလိုက်တာနဲ့ အားလုံးအေးဆေးဖြစ်သွားတာပါပဲ။
၂) အပြန်အလှန်နားလည်ပေးပါ
သင်က အသက်ကြီးပိုင်းမို့ ခေတ်ဟောင်းသီချင်းလေးတွေ ကြိုက်ပေမယ့် သင့်ရဲ့သားသမီးမြေးမြစ်တွေကတော့ ကြိုက်ချင်မှကြိုက်မှာပါ။ အဲဒါကြောင့် အပြန်အလှန်နားလည်ပေးလိုက်တာအကောင်းဆုံးပါ။ သူတို့ကြိုက်တာနားထောင်တဲ့အခါ သင်က နားလည်ပေးလိုက်၊ အဲလိုပဲ သင်နားထောင်ချင်တာနားထောင်တဲ့အခါ သူတို့ကို ပြန်နားလည်ပေးခိုင်းပါ။ မျှမျှတတ ရှိဖို့ပဲလိုတာပါ။ အဓိက ပြဿနာက ဥပမာ။ လူငယ်တွေကြိုက်တဲ့သီချင်းနားထောင်ရင် လူကြီးတွေက နားညည်းတယ်၊ ဆူညံတယ်ဆိုပြီး ဆူပူတယ်၊ လူကြီးတွေကြိုက်တဲ့သီချင်းကျပြန်တော့ လူငယ်တွေ အောက်နေပြီ၊ ဘာတွေမှန်းမသိဘူးဆိုပြီး ဝေဖန်ပြန်တယ်။ အလားတူပြဿနာမျိုးတွေကြောင့် ဖြစ်ရတာပါ။ အဓိကက နားလည်မှုပေးဖို့ပါပဲ။ စည်းလွတ်ဘောင်လွတ်မဖြစ်စေဘဲ၊ တရားဥပဒေနဲ့လွတ်ကင်းတယ်၊ ဘယ်သူ့ကိုမှမထိခိုက်စေဘူးဆိုရင်တော့ အားလုံးကို အပြန်အလှန်နားလည်ပေးလိုက်ကြတာပေါ့။
၃) အပြန်အလှန်လေးစားပါ
အပြန်အလှန်လေးစားမှုရှိဖို့က လူကြီးလူငယ်ဆက်ဆံရေးမှာလည်း အရေးကြီးပါတယ်။ လူငယ်ကလည်း လူကြီးကိုမလေးစားဘဲ၊ လူကြီးကလည်း လူငယ်မို့လေးစားစရာမလိုဘူးဆိုတဲ့အတွေးတွေကြောင့် လူငယ်လူကြီးကြားဆက်ဆံရေးက အဆင်မပြေဖြစ်ကြတာများပါတယ်။ အပြန်အလှန်လေးစားမှုကိုပြပါ။ ပြီးမှ ကိုယ့်အမြင်သူ့အမြင်ဖလှယ်ပါ၊ နားလည်ပေးနိုင်ပါစေ။ အဲဒါက ဆက်ဆံရေးပြေလည်ဖို့အကောင်းဆုံးပါ။
၄) သူတစ်ပါးအမြင်ကို အရင်နားထောင်ပေးပါ။
လူကြီးတစ်ယောက်နဲ့စကားပြောတော့မယ်ဆိုရင် လူကြီးပြောတာကို အရင်နားထောင်ပေးလိုက်ပါ။ သူ့အမြင်ကို လက်ခံပေးလိုက်ပါ။ ပြီးမှ ကိုယ့်အမြင်ကျတော့ ဒီလိုလေးပါ….ဆိုပြီး ပြောပြပေးပါ။ ဘယ်လိုပဲအမြင်မတူပါစေ…..သူ့အမြင်ကိုအရင်အားပါးတရလက်ခံပေးထားတဲ့အတွက် သူကျေနပ်သွားမှာဖြစ်သလို သင့်အမြင်ကိုလည်း သူဆန့်ကျင်ချင်တော့မှာမဟုတ်ပါဘူး။
ပြီးတော့ လူကြီးတွေဆိုတာက လူငယ်တွေ လက်လှမ်းမမှီလိုက်တဲ့ကိစ္စတွေ၊ ဖြစ်ရပ်တွေ၊ အတွေ့အကြုံတွေအများကြီး ကြုံဖူးပြီးသားတွေပါ။ အဲဒါကြောင့် ပေါင်းတတ်ရင် သူတို့ဆီကနေပြီး ကိုယ့်အတွက် ဗဟုသုတတွေတောင် အများကြီးရနိုင်ပါသေးတယ်။
အဲဒီလိုပါပဲ လူငယ်တွေဆီမှာ လူကြီးတွေ လိုက်မလုပ်နိုင်တော့တဲ့ ခေတ်နဲ့ပတ်သက်တဲ့အမြင်သစ်တွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေရှိတာမို့ လူကြီးတွေလည်း နည်းပညာနဲ့ပတ်သက်တာတွေ၊ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ပြန်သင်ယူလို့ရနိုင်တာပါပဲ။ လူတစ်ယောက်ချင်းစီမှာ ရှိနိုင်တဲ့ အရည်အချင်းတွေကဟာ တစ်ယောက်နဲ့တစ်ယောက်မတူညီနိုင်တာမို့ တစ်ယောက်စီရဲ့မတူညီတဲ့အမြင်တွေကို အပြန်အလှန်မတိုက်ခိုက်နေကြပဲ အပြန်အလှန်မျှဝေပေးလိုက်ကြခြင်းဖြင့် ပိုပြီးတောင် အသိပညာတွေနဲ့ပြည့်ဝလာနိုင်ပါတယ်နော်။
အဲဒါကြောင့် ဒီနေ့ကစပြီး သင်ရဲ့အိမ်ကအဖိုးအဖွား၊ အသက်ကြီးသူတွေနဲ့ အမြင်မတူလို့ ဆက်ဆံရေးအဆင်မပြေဖြစ်နေကြပဲ ကြုံတွေ့သမျှတွေ အပြန်အလှန် မျှဝေခြင်းဖြင့် အသိတိုးလာနိုင်ကြပါစေ။ #BAWA101

အထူး စိတ်ဝင်စားဖွယ်၊ သိမှတ်ဖွယ်၊ အကြောင်းအရာ အသစ်တွေထွက်တိုင်း လစဥ် မိမိ အီးမေးလ်ထဲမှာ တန်းဖတ်လို့ ရချင်တယ်၊ ဘဝရဲ့ Facebook စာမျက်နှာနဲ့ Website မှာ တင်ဆက်သွားမယ့် အကြောင်းအရာများအပြင် အခြားသော သီးသန့် ဆောင်းပါးတွေကို ဖတ်ချင်တယ်ဆိုရင် ကိုယ့် မေးလ်လိပ်စာလေးတွေ ချန်ခဲ့ပေးပါ။